
သံယောဇဉ်အလွန်(၁)
သံယောဇဉ်အလွန်(၂)
သံယောဇဉ်အလွန်(၃)
လေဆိပ်ကိုရောက်တော့ တော်တော်ကို လူရှင်းနေသည်။ လေဆိပ်အ၀င်ပေါက်ဝမှာ ကုလားထိုင်တစ်လုံးနဲ့ ထိုင်စောင့်နေတဲ့ အမျိုးသမီးတစ်ယောက်ဆီကို ချဉ်းကပ်လိုက်ပြီး….. ပတ်စ်ပို့လေဆိပ်မှာ ကျန်ခဲ့လို့ပါ အမရယ် ကူညီပါဦးလို့ ပြောလိုက်တော့။ အဲဒီအမျိုးသမီးက မဆိုင်းမတွပဲ မနက်က ဘယ်လေယာဉ်နဲ့ လာတာလဲတဲ့။ ဘောလုံးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း …………..။
အမရယ်…………..။ ဒီနေ့မနက်လေယာဉ်နဲ့ မဟုတ်ပါဘူး။ သင်္ကြန်အကြိုနေ့က MAI နဲ့ပါ။
ထိုအမျိုးသမီးက မျက်လုံးပြူးသွားပြီး….. ဟယ်.. နှစ်ပတ်တောင် ရှိတော့မယ်… အခုမှ သိရလားလို့ ထအော်လေသည်။ ကျွန်တော်လည်း ခပ်ရှက်ရှက်နဲ့ .. ဟုတ်ပါတယ်ဗျာ…… သင်္ကြန်ကဲချင်စိတ်လွန်သွားလို့ပါ ဆိုပြီး ဘာမဆိုင် ညာမဆိုင် သင်္ကြန်ကိုသာ အပြစ်ပုံချလိုက်မိတော့သည်။ အဲဒီနောက် ထိုအမျိုးသမီးသည် ခဏလေးဆိုပြီး လေဆိပ်အတွင်းပိုင်းသို့ ၀င်သွားပြီး အတော်လေးကြာတော့ ပြန်ထွက်လာသည်။
မောင်လေးတို့ လာတဲ့ ရက်က စုံ ရက်ကြီး….. အခုက မ ရက်ဆိုတော့ အဖွဲ့တွေမတူဘူး…. မနက်ဖြန်ကျမှ ပြန်လာခဲ့ပါလားကွယ့်…..
အမရယ် ကျေးဇူးမမေ့ပါဘူး… တစ်ချက်လောက် ပြန်ပြီး စစ်ပေးပါလားဗျာ……။
ကျေးဇူးဆိုတဲ့ နောက်ကွယ်မှာ ဘာတွေရှိတတ်သလဲဆိုတာတော့ အဲဒီအမကြီးလည်းကောင်းကောင်းသိပါသည်။ အဲဒီအခါမှာ မဆိုင်းမတွဘဲ ရုးံခန်းထဲကို ၀င်သွားပြီး ထွက်လာတဲ့ အခါကျတော့ စာအုပ်အနီလေးကို ကိုင်လို့။ အဲဒီစာအုပ်အနီလေးကို မြင်သွားတဲ့ အချိန်မှာ ဘယ်လိုဝမ်းသာရမှန်းမသိ။ အခုတော့လည်း ရပ်ကွက်ရုံးပြေးစရာ မလိုတော့ဘူးပေါ့။
…………………………………….။…………………………………………….
ဧပြီနွေက ပူသည်ထက်ပူလာသည်။ တစ်ချိန်က ဧပြီနွေလို ပူပြင်းလှတဲ့ ရင်ကလည်း အခုကျတော့လည်း ကျင့်သားရနေတဲ့ အပူသည်လို ငြိမ်သက်နေသည်။ ကိုယ့်အတွက် ပတ်စပို့ပျောက်တဲ့ ကိစ္စကပဲ ကယ်တင်ခဲ့လေရော့လားမသိ။ အခုတော့လည်း ရင်ထဲက တမြေ့မြေ့တောက်လောင်နေတဲ့ အတွင်းဒဏ်ရာထက် လက်တွေ့ပြဿနာတွေက ပိုပြီး အရေးပါနေသယောင်။ အခုတော့လည်း ပုသိမ်နဲ့ ငွေဆောင်နဲ့က ဝေးနေဆဲ။
ဒီလိုနဲ့ အချိန်တွေ၊ ပြဿနာတွေကြားမှာ လုံးပန်းနေရင်းနဲ့ပဲ ချူးက ရန်ကုန်ကို ရောက်လာခဲ့သည်။ လေဆိပ်ရောက်ရောက်ချင်းပဲ နှစ်ပတ်လောက်ဝေးနေရတဲ့ အချိန်မှာ သူ့ကို တောင်သတိမရဘူးမလား ဆိုပြီး ရန်တွေ့ မလို့တောင် လုပ်သေးသည်။ နောက်တော့လည်း ကျွန်တော့်ရဲ့ ဒုတိယအမက သူ့ဆီက အ၀တ်အစားထုပ်တွေကို ယူလိုက်တော့မှ စိတ်ကောက်ချင်တဲ့ သူ့မျက်နှာလေး ပုံမှန် ပြန်ဖြစ်သွားသည်။ ချူးနဲ့ ကျွန်တော့်အကြောင်း အိမ်က မိသားစုတွေ အားလုံးလိုလို သိကြသည်။ မေမေရော အမတွေ အားလုံးက ချူးကို အရမ်းချစ်ကြ၏။ မှတ်မိသေးသည်။ ဖေဖေ့ကို ချူးအကြောင်း ဖုန်းထဲကနေ အသိပေးတော့ ဖေဖေ စကားတစ်ခွန်းမှ ချက်ချင်းမဟနိုင်။ နောက်တော့မှ အင်းဆိုပြီး အသိအမှတ်ပြုတယ်လေ။ ဖေဖေ့ နေရာမှာဆို ကျွန်တော်လည်း အနေခက်မိမှာ အမှန်ပဲ။ ကြာလာတော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြချည်းသာပါပဲ။
ကျွန်တော် ပထမဆုံး လုပ်ဖြစ်တာက ချူးနဲ့ ရွှေတိဂုံဘုရားအတူတက်ကြသည်။ ဘုရားအတူတက်တော့ ချူးမျက်နှာလေးက ၀င်းလို့။ ချူးနဲ့ ကျွန်တော့်ကို လူတိုင်းက လိုက်ဖက်ညီတဲ့ အတွဲလို့ပြောတတ်ကြသလောက်၊ ဒါပေမယ့် တခါတလေဆိုတဲ့ အတွေးရိုင်းကလေးမှာ သူနဲ့ ပါတ်သက်တာတွေ ကပ်ပါလာတတ်သေးသည်။ အဲဒီအခါတိုင်းမှာ ချူးကို ကျွန်တော်ပိုပိုပြီး သနားမိလာ၏။ တခါတလေတော့လည်း အချစ်ဆိုတာ အဖြေရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
ညနေရောက်တော့ အဝေးပြေးကားနဲ့…. ကျွန်တော်တို့နှစ်ယောက်ရယ်၊ ဒုတိယအမရယ်၊သူ့သားလေးရယ် ရခိုင်ပြည်ကို ထွက်လာခဲ့ကြသည်။ ချူးက ပုဂံကို ရောက်ပြီးသွားပြီဆိုတော့ အခုတခေါက်တော့ မြောက်ဦးကို ခေါ်သွားချင်၏။ မြောက်ဦးကလည်း ပုဂံလိုပဲ သာယာလှပတဲ့ နေရာလေးတစ်ခုပါ။
ညမှောင်မှောင်မှာ ကျွန်တော်တို့ကို သယ်ဆောင်လာတဲ့ အဝေးပြေးကားက အိပဲ့အိပဲ့ ရိုးမကို ဖြတ်ပြီး မောင်းနေသည်။ လမ်းမှာ လည်း စစ်ဆေးရေးဂိတ်တွေကိုလည်း ဖြတ်ရတာခဏခဏ။ ကားမောင်းဆရာက ခရီးသည်အားလုံးရဲ့ မှတ်ပုံတင်တွေကို ယူထားလိုက်ပြီး စစ်ဆေးရေးဂိတ်တွေမှာ ပြရသည်။ ချူးတစ်ယောက်လည်း သူ့ရဲ့ပတ်စ်ပို့လေးကိုပါ ပေးလိုက်ရတော့ လုံးဝစိတ်မချ။ ပတ်စ်ပို့ပေးလိုက်ရတဲ့ အချိန်မှာ ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားတဲ့ သူ့လက်တွေက စိုးရိမ်မှုတွေအပြည့်နဲ့။
ဂိတ်တစ်ခုရောက်တော့ ကားက တော်တော်နဲ့ မထွက်တော့။ လူတိုင်းကို မှတ်ပုံတင်နဲ့တိုက်စစ်ပြီးမှ ကားပေါ်တက်ခွင့်ပေး၏။ ပါလာတဲ့ ခရီးသည်တစ်ယောက်က ကုလားတစ်ယောက်ဖြစ်ပြီး ဗမာနာမည်နဲ့လေ။ သူ့ကိုမသင်္ကာတာနဲ့ ကားကတော်တော်နဲ့ မထွက်နိုင်။ နောက်တော့မှ ကားပေါ်မှာပါလာတဲ့သူက ရှင်းပြသည်။ မြန်မာနိုင်ငံမှာ ရှိတဲ့ FRC ကိုင်ထားတဲ့ တရုတ်နဲ့ ကုလားလူမျိုးမှန်သမျှ ရခိုင်ပြည်နယ်ကို မလာခင်မှာ ကြိုပြီး VISA လျှောက်ရသတဲ့လေ။ အဲဒီစနစ်ကြောင့် ရန်ကုန်က တရုတ်တွေတော်တော်များများ ငပလီကို တော်တော်နဲ့ မလာကြတော့ဘူးတဲ့။ ဟုတ်လား မဟုတ်လားတော့ မသေချာ။ ပြောပြတဲ့သူ ရှိတော့လည်း နားထောင်ဖြစ်မိသည်။
ဒီလိုနဲ့ ဂိတ်ပေါင်းများစွာ၊ တောင်ပေါင်းများစွာကို ဖြတ်ပြီး နောက်တစ်နေ့မနက်မှာတော့ သံတွဲမြို့ကို ရောက်လာတော့၏။ အမရဲ့ သူငယ်ချင်းဖြစ်သူက မြို့မျက်နှာဖုံးဆိုတော့ အဝေးပြေးကားက သူ့အိမ်အထိတောင်ရောက်သည်။ ရောက်ရောက်ချင်း ရေမိုးချိုး ခဏနားကြသေးသည်။ ချူးအတွက်ကတော့ မြင်မြင်သမျှ စိတ်ဝင်စားစရာတွေချည်းပါပဲ။ တပြုံးပြုံးနဲ့ မညည်းမငြူဘဲ ကိုယ်ခေါ်ရာလိုက်လာတဲ့ သူ့ကို ကြည့်လိုက်ရင်း ကိုယ့်ကျောကိုယ်မလုံတော့။ အခုတော့လည်း ငွေဆောင်အစား ငပလီက လက်တကမ်းအလိုမှာလေ။
ညနေမစောင်းမီ် ငပလီကမ်းခြေဘက် လမ်းလျှောက်ကြတော့ လေညင်းလေးတွေက လတ်ဆတ်လို့။ ကမ်းခြေတစ်ခုလုံး သန့်ရှင်းပြီး ကမ်းခြေတစ်လျှောက်မှာလည်း အဆင့်မြင့်တည်းခိုခန်းတွေကလည်း လှမှလှ။ ချူးကတော့ အဲဒီက ဘန်ဂလိုတွေမှာ တည်းချင်သတဲ့လေ။ အဲဒါနဲ့ပဲ အမရဲ့ သူငယ်ချင်းကို မေးကြည့်တော့ ဈေးအရမ်းကြီးတယ်တဲ့။ နောက်ပြီး ဟိုတယ်ပိုင်ရှင်ကလည်း မြန်မာနိုင်ငံမှာ အကြီးဆုံးလူတစ်ယောက်ရဲ့ သမီးပိုင်တယ်တဲ့လေ။ ပြောရင်းပြောရင်းနဲ့ အမရဲ့ သူငယ်ချင်း မျက်နှာမကောင်းတော့။ အမ ဘာဖြစ်တာလဲမေးလိုက်တော့မှ ဒီနေရာက အရင်က ဒေသခံတွေပိုင်တဲ့ နေရာတဲ့။ ငွေ သုံးလေးငါးသောင်း အလျော်ပေးပြီး ဒေသခံတွေကို တစ်နေရာရာကို ရွှေ့ပြောင်းခဲ့တယ်လေ။ အခုတော့လည်း ဒီနေရာမှာ ဟိုတယ်အကြီးစားကြီးတွေပေါ်လာပြီး ဆယ်စုနှစ်အတောတွင်းမှာပဲ သုံးလေးသောင်းတန်မြေကွက်တွေက သိန်းသုံးလေးငါးထောင်ပေါက်နေပြီ။ အခုတော့လည်း ဒါတွေအားလုံးက ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ ဒေသခံတွေရဲ့ ယုံတမ်းစကားတွေဖြစ်လို့။
အဲဒီယုံတမ်းစကားတွေ ချူးကို ပြောပြလိုက်တော့ ဟိုတယ်ကြီးတွေမှာ တည်းချင်တဲ သူ့ရဲ့ အာသီသတွေအားလုံး အဝေးကို ရောက်သွားကြတယ်။ အဲဒီညမှာတော့ ကျွန်တော်နဲ့ ချူးနဲ့ ဒေသခံအဖွဲ့အစည်း တစ်ခုပိုင်တဲ့ ဘန်ဂလိုသေးသေးလေးမှာပဲ တည်းဖြစ်ကြတယ်။ တချက်တချက် လတ်ဆတ်တဲ့ ပင်လယ်လေညင်းက ၀မ်းနည်းနာကျည်းမှုတွေ ယူဆောင်လာပေးသလိုပါပဲ။
မိုးတဖြေးဖြေးချုပ်လာတော့ အမရော၊ သူ့ငယ်ချင်းတေရော အိမ်ပြန်သွားကြသည်။ အခုတော့လည်း ကျွန်တော်နဲ့ ချူးနဲ့ နှစ်ယောက်တည်း။
အတွေးလေးတွေကိုယ်စီနဲ့ လူရှင်းနေတဲ့ ကမ်းခြေတစ်လျှောက် လက်ချင်းချိတ်လို့ လမ်းလျှောက်ထွက်ကြသည်။ ကောင်းကင်မှာတော့ ကြယ်လေးတွေတစ်လုံးမှ မရှိ။ အဖြူရောင်တိမ်ခိုး တိမ်လိပ်တွေက ညဘက်မှာတောင် အဖွေးသား။ လှိုမ်းခေါင်းဖြူဖြူလေးတွေကလည်း ကမ်းစပ်ကို ပြေးဝင်လာပြီး လျောခနဲ ပြေးဆင်းသွားကြသည်။
လမ်းလျှောက်နေရင်းက လူရှင်းတဲ့ နေရာရောက်တော့ ချူးက တွဲထားတဲ့ လက်ကလေးကို ဖြုတ်လိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာသည်။ ကျွန်တော်လည်း သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး အဝေးက အုန်းပင်ညိုညိုလေးတွေကို ငေးကြည့်နေမိသည်။ အဝေးက အုန်းလက်ဖျားလေးတွေကို လေတိုးသံသဲ့သဲ့ကအစ ကျွန်တော်ကြားနေရသည်။ အဲဒီနောက်တော့ တဖြေးဖြေး နွေးနွေးလေးဖြစ်နေတဲ့ လေတိုးသံလေးတစ်ခု ကျွန်တော့် နားသယ်စကို ရိုက်ခတ်လာ၏။ အဲဒီနောက် ကျွန်တော့်နားသန်သီးလေးတစ်ဖက်ကို ခပ်ဖွဖွလေး ဖိကိုက်ခံရသလို။ အဲဒီနောက် ကျွန်တော်ရဲ့ လည်တိုင်ညွန့်လေးကို နွေးထွေး ပါးလျတဲ့ နှတ်ခမ်းသားလေးနဲ့ စုပ်ယူလိုက်သလို။ လူက ခပ်မျောမျောဖြစ်သွားတယ်။ ကောင်းကင်ကို အမှတ်တမဲ့ကြည့်လိုက်တော့ ကြယ်လေးတစ်လုံးက လင်းလက်နေလို့။ ကိုယ့်အတွက်များ.. လင်းလက်ပေးနေသလား။
………………………………………………………..။………………………………………………
မနက်မိုးလင်းတော့ နားထဲကို ပင်လယ် ရေလှိုင်းခတ်သံတွေ တဝေါဝေါနဲ့ဝင်လာသည်။ အိပ်ရာက ထမယ်ပြင်တော့ နှုတ်ခမ်းပါးလေးနဲ့ ကျွန်တော့် မျက်နှာပေါ်စီးပြီး ပြုံးပြီး တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုလို။ ၀ိုးတိဝါးတား။ ငွေဆောင်လား။ ဒါဘယ်နေရာလဲ။ ပြင်းထန်တဲ့ ရေလှိုင်းတစ်လုံးက ကျောက်ဆောင်တစ်ခုကို အရှိန်နဲ့ ရိုက်လိုက်တော့ ၀ုန်းခနဲ မြည်သွားသည်။ မျက်လုံးကို ပွတ်သပ်ပြီး ဖွင့်လိုက်တော့ ချူးက ကျွန်တော့်ရင်ဘက်ပေါ် မေးလေးထောက်ပြီး ပြုံးပြ၏။
ငပလီက အရမ်းလှတယ်နော်…………
အင်း…… ဟုတ်တယ် .. လှတယ်…..လို့ ကျွန်တော် ဖြေလိုက်တော့ ချူးက သူ့ကို ဒီနေရာလေးခေါ်လာပေးလို့ ကျေးဇူးတင်တယ်တဲ့။
ဒီတစ်ခါတော့ ကျွန်တော့်ရင်ထဲကို ရေလှိုင်းတွေ ပြင်းထန်စွာ အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်သွားသည်။
………………………………………………………..။………………………………………………
မကြာပါဘူး…. အမနဲ့ သူ့သူငယ်ချင်းတွေ အစားအသောက်တွေ တလှေကြီးနဲ့ ရောက်လာကြ၏။ ပါလာတဲ့ အကြော်အလှော်လေး စားလိုက်။ အုန်းစိမ်းရေလေးသောက်လိုက် ဇိမ်ကျနေတုန်း ကျွန်တော်က ချူးလက်ကို ဆွဲပြီး…… ထ….. ရေသူမရုပ်ကလေးနဲ့ ဓါတ်ပုံသွားရိုက်ရအောင် လို့ခေါ်လိုက်သည်။ ရေသူမရုပ်ဆီ သွားဖို့ ခြေလှမ်း ငါးလှမ်းတောင် မပြည့်သေးဘူး…. အမရဲ့ သူငယ်ချင်းက ရေသူမဆီ သွားရင် ပိုက်ဆံယူသွားဦးလေတဲ့။ အဲဒီနေရာနားက တည်းခိုရိပ်သာမှာ လူကြီးတွေ လာလာတည်းတော့ တည်းခိုရိပ်သာနဲ့ နီးတဲ့ ရေသူမနားကို သာမန်လူတွေ လာလို့မရတော့ဘူးတဲ့လေ။ စစ်သားတစ်ယောက် နှစ်ယောက်အမြဲတမ်းရှိနေတတ်၏။ ရေသူမနဲ့ ဓါတ်ပုံတွဲ ရိုက်ရင်တော့ စစ်သားလေးတွေကို လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးရသည်။ ဒါကြောင့်မို့လို့ အမသူငယ်ချင်းက ပိုက်ဆံယူသွားခိုင်းတာကိုး။ ဒီလိုဆိုတော့လည်း ကျွန်တော် မသွားချင်တော့။
လှိုင်းလေးစီးလိုက် အုန်းစိမ်းရည်လေးသောက်လိုက်နဲ့ ငပလီကမ်းခြေတလျှောက် ရေသူမအစေား ခရုကောက်ထွက်ကြသေးသည်။ ကျွန်တော် ဘာလုပ်လုပ် ဘယ်သွားသွား ချူးကတော့ စိတ်ပါလက်ပါ လိုက်လုပ်ရှာသည်။ ဒါပေမယ့် ရေနက်ထဲဆင်းရင်တော့ သူမလိုက်။ ရေကိုတော့ အင်မတန်ကြောက်၏။
ဒီနေ့ကျမှ ငပလီလှိုင်းက ပိုပြီး ကြီးလာသလို။ လှိုင်းလုံးတစ်လုံး တစ်လုံးက ကျွန်တော့် ခါးလောက်ရောက်သည်။ ညနေဘက်မိုးချုပ်ခါနီးတော့ စစ်တွေကို သွားဖို့ Booking လုပ်ထားတဲ့ လေယာဉ်လက်မှတ် သွားထုတ်ကြသည်။ ဒါပေမယ့် ဒီတစ်ခေါက်လည်း အမြဲမြဲ အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ ကျွန်တော့်အတွက် ကံမကောင်းပါဘူး။ ကျွန်တော်တို့စီးမယ့် လေယာဉ်က ဆန္ဒမဲခံယူပွဲ လူကြီးလမ်းကြောင်းအတွက် လိုအပ်နေလို့တဲ့။ ကျွန်တော့်အတွက် မထူးဆန်းလှပေမယ့် ချူးအတွက်ကတော့ အရမ်းကို ထူးဆန်းနေပြန်ရော။ အခုတော့လည်း နှစ်ယောက်သား ပင်လယ်လေကိုရှူ၊ ပင်လယ်လှိုင်းစီးရုံလောက်နဲ့ပဲ ရခိုင်ပြည်ခရီးကို အဆုံးသတ်ရတော့မလို။ အမရဲ့ သူငယ်ချင်းကတော့ လေယာဉ်နဲ့ မသွားနိုင်ရင် သဘောင်္နဲ့သွားလို့ရတယ်တဲ့။ ဒါပေမယ့် ကျွန်တော်တို့ကို စိတ်မချပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ဘက်ကို လေမုန်တိုင်းတစ်ခုက ချည်းကပ်လာနေပြီတဲ့လေ။
……………………………..။……………………………
ဒီိလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်ရန်ကုန်ကို သတ်မှတ်ရက်ထက် သုံးရက်စောပြီး ပြန်ရောက်လာသည်။ ချူးအတွက် ဒီသုံးရက်ကို ရန်ကုန်မှာပဲ အချိန်မကုန်စေလို။ ဒီလိုနဲ့ပဲ ကျိုက်ထီးရိုးသွားဖို့စီစဉ်မိပြန်ရော။
ကျိုက်ထီးရိုးတစ်လျှောက် မိုးကလည်း သဲသဲမဲမဲရွာသည်။ လူတိုင်းကတော့ မုန်တိုင်းရှိတယ်တဲ့။ ဘယ်လိုပဲ ပြောပြော ကျွန်တော်ကတော့ ချူးကို ကျိုက်ထီးရိုးတောင်ပေါ် အထိ အရောက်ခေါ်လာနိုင်ခဲ့၏။ တောင်ပေါ်မှာတော့ မိုးလို့လဲ မဆိုနိုင်။ မြူလို့လည်း ပြောလို့မရ။ တိမ်တွေတစ်ခုလုံးက တောင်ပေါ်ပြည့်နှက်နေလို့။ နှစ်ယောက်သား တိမ်တွေကို လှမ်းဆုပ်ဖို့တောင် ကြိုးစားခဲ့သေးသည်။
ဒါပေမယ့် ချူးက အဲဒီနေ့ညမှာပဲ ကိုယ်တွေပူလာသည်။ တောင်ပေါ်မှာ စားတဲ့ အစားအစာက သူ့အတွက် မလတ်ဆတ်လို့လားမသိ။ တစ်ညလုံး သူရဲ့ အစာအိမ်က မကောင်းလှ။ အေးလွန်းတဲ့ တောင်ပေါ်မှာ ချွေးတွေပြန်လာသည်။ မနက်ကျတော့ ဘယ်မှ ဟိုဟိုဒီဒီ မသွားဖြစ်တော့။ တောင်အောက်ကို အမြန်ဆင်းမှပဲ ဖြစ်တော့မည်။
တောင်အောက်ကို ပြန်ရောက်လာတော့ မိုးကသည်းနေဆဲ။ ပါလာတဲ့ ၀မ်းကိုက်ပျောက်ဆေးကို ချူးကို တိုက်လိုက်ပြီး။ တလမ်းလုံး သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး နွေးနွေးထွေးထွေး ဖြစ်အောင်လုပ်နေရသည်။ တစ်လမ်းလုံး ချူးက ဘာမှမစား။ ရောက်ကာစက ပန်းနုရောင်လွှမ်းတဲ့ သူ့နှုတ်ခမ်းလေးက ဖြူဖျော့ဖျော့ ဖြစ်လာသည်။ ရန်ကုန် မြန်မြန်ပြန်ရောက်ပါစေလို့ ဆုတောင်းနေရသည်။ ကျွန်တော်တို့ကို သယ်ဆောင်လာတဲ့ ကားလေးက မိုးထဲလေထဲ အိပဲ့ အိပဲ့ မောင်းနေဆဲ။
……………………………..။……………………………
ရန်ကုန်ပြန်ရောက်တော့ မိုးက တိတ်လုလု။ ဒီတစ်ခေါက်တော့ ချူးကို ဒဂုံမြောက်က အမေ့အိမ်မှာ မတည်းခိုင်းတော့။ ဆူးလေဘက်ကို ညဘက် လိုက်ကြည့်လို့ရအောင် Trader Hotel ဘေးနားက Central မှာတည်း ဖြစ်သည်။ ဟိုတယ် ရောက်ပြီး ခဏလောက်နားလိုက်တော့မှ ခပ်ဖျော့ဖျော့ ချူးရဲ့ နှုတ်ခမ်းလေးက သွေးရောင်ပြန်လွှမ်းလာသည်။
သူ့ကို ရန်ကုန်ရဲ့ နာမည်ကြီး အစားအစာတွေ ကျွေးချင်ပေမယ့် သူ့ခမျာ မစားရဲတော့။ ဒါပေမယ့် ကျွန်တော့်အတွက် မနက်ဖြန်ဆို ဒီမြေကနေ ပြန်ပြီး ထွက်ခွာရတော့မှာ ဆိုတော့ ဒီမြေကထွက်တဲ့ အစားအစာလေးတွေတော့ ၀အောင်စားလိုက်ချင်သေးသည်။ ညနေဘက်ကျတော့ မိုးကနဲနဲ စဲသွားသဖြင့် နှစ်ယောက်သား တရုတ်တန်းဘက်မှာ ရှိသမျှ အ၀စားရအောင် အပြင်ထွက်ဖို့ ချူးကို ခေါ်သည်။ ချူးက ကျွန်တော်ပြောနေတာကို မကြား CNN က လွှင့်နေတဲ့ သတင်းကို သာ သေချာနားထောင်နေသည်။
သတင်းထဲမှာတော့ နောက်ထပ် ခြောက်နာရီအတွင်း ရန်ကုန်ကို မုန်တိုင်းတစ်ခုဝင်မယ်တဲ့။ ချူးက ကျွန်တော့်ကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်ပြီး အပြင်ကို မထွက်ရဲတော့။ ကျွန်တော်ကတော့ သူ့ကို ကြောက်တတ်ရန်ကောလို့ စလိုက်ပြီး အ၀တ်အစား လဲခိုင်းလိုက်သေးသည်။ ရန်ကုန်မှာ ဘယ်တုန်းက မုန်တိုင်းအကြီးအကျယ် ၀င်ဖူးလို့လဲ။ မြန်မာနိုင်ငံက သတင်းတွေမှာ လည်း မုန်တိုင်းနဲ့ ပါတ်သက်ပြီး စတိလောက်သာ ပါသည်။ ရန်ကုန်က လူတွေအားလုံးလည်း ဘယ်သူမှ စိုးရိမ်ဟန် မရှိ။ ချူးကတော့ CNN က ကိန်းဂဏန်းတွေ လေတိုက်နှုန်းတွေကို ကြည့်ပြီး လန့်နေရှာသေးသည်။
ဆူးလေးနားရောက်တော့ မိုးက ဖွဲဖွဲ ပြန်ရွာလာသည်။ ကျွန်တော်တို့နှစ်ယောက်လည်း ဟိုကြည့်ဒီကြည့်၊ ဟိုဟာလေးနည်းနည်း ဒီဟာလေးနည်းနည်းနဲ့ တွေ့သမျှဝယ်စားမိ၏။ ၀က်သားဒုတ်ထိုးဆိုင်လည်း ရောက်တော့ ကျွန်တော် မနေနိုင်တော့။ ဗန်းထဲက ရှိသလောက် အကုန်စားချင်လာရော။ ချူးကတော့ လက်ဖျားနဲ့တောင် မတို့။ လူတိုင်း နှစ်နှစ်ပြီး တို့နေတဲ့ အချည်ရည်ခွက်တွေကို ကြည့်ပြီး သွားကြိမ်းနေရှာသည်။ မိုးကလည်း ဖွဲဖွဲလေးကျနေရာကနေ အရှိန်ပါလာသည်။ မိုးနဲ့ အတူ လေကပါ ရောပြီး လိုက်လာသည်။
အဲဒီအချိန်မှာပဲ လော်စပီကာသံကျယ်ကျယ်နဲ့ ရပ်ကွက်လူကြီးရဲ့ အသံ စူးခနဲ ပေါ်လာသည်။ ချူးက ဗမာစကား နားမလည်ဘဲ သူ့ဘာသာသူ ခန့်မှန်းပြီး၊ ကြည့်……. တွေ့ပြီမလား၊ အခု မုန်တိုင်း အကြောင်း သတိပေးနေပြီ……….တဲ့။ ကျွန်တော်က သူပြောတာကြားလိုက်ချိန်မှာ ရယ်ချင်သွားပေမယ့် သူကြောက်နေတာ ကြည့်ပြီး မရီရက်။
ဘယ်က မုန်တိုင်းအကြောင်း ဟုတ်ရမှာလဲ။ အဲဒါ မဲဆန္ဒခံယူပွဲမှာ မဲပေးဖို့ လိုက်နှိုးဆော်နေတာ။
ကျွန်တော် အဲဒီလို ပြောလိုက်တော့ သူ့ခေါင်းကလေး ပုသွားသည်။ အဲဒီနောက် လော်စပီကာက အသံကို ကျွန်တော် သတိမထားမိတော့။ ရန်ကုန်က မပြန်ခင် ၀က်သားဒုတ်ထိုးကို ဗိုက်ထဲသွင်းနိုင်သလောက် သွင်းဖို့ ကြိုးစားနေမိသည်။ ၀က်သားဒုတ်ထိုးအသည်လေးကလည်း ကျွန်တော့်လိုပင်။ သူ့ခမျာ လေကြောင့် လန်လန်သွားတဲ့ အပြာရောင် တာလဘက်မိုးကလေးကိုသာ ဖိဖိဆွဲချနေတော့သည်။
မကြာပါဘူး။ လေရောမိုးရော ပိုပိုပြင်းထန်လာသည်။ CNN ကကြေညာနေတဲ့ မုန်တိုင်း တကယ်ပဲလာပြီလားမသိ။ ကျွန်တော်တို့နှစ်ယောက်စလုံး ဟိုတယ်ကို ပြန်လာခဲ့ကြသည်။ မနက်ဖြန် မနက်ကျရင် လေဆိပ်ကို ဆင်းရတော့မှာဆိုတော့ စောစောအိပ်ဖို့ ကြိုးစားကြသည်။ အခုလိုဆိုတော့လည်း လောကကြီးက လုပ်ဆောင်စရာ တာဝန်များနဲ့ ငြိမ်သက်နေသလို။ အပြင်ဘက်မှာ တော့ လေရော မိုးရော တော်တော်ချနေပြီ။ လေတိုးသံတွေက တရွှီးရွှီးနဲ့ အော်မြည်စ ပြုနေချေပြီ။ မနက်မိုးလင်းရင်တော့ မိုးတိတ်နိုင်ကောင်းပါရဲ့………………။
………………………………………………………..။………………………………………………
ပိုင်……… ထတော့… ထတော့။
ပုခုံးကို လှုပ်နိုးသံကြားလို့ မျက်စိကို ပွတ်သပ်လိုက်တော့ မိုးလင်းခါစ.. ပြုနေပြီ။ လေဆိပ်သွားဖို့ နောက်ကျနေပြီထင်ပြီး လူးလဲထလိုက်တော့ ပြတင်းပေါက်ကို လေပြင်းတွေက တ၀ုန်းဝုန်း လာတိုက်ခတ်နေဆဲ။
ပိုင်……. ညက .. အိပ်လို့မရဘူးကွာ…… လေမုန်တိုင်းက အရမ်းပြင်းတယ်။ အပြင်ကို သွားကြည့်ကြည့်လိုက်ဦး…..
အပြင်ကို ကြည့်ဖို့ တံခါးနားကို ကပ်လိုက်တော့ အခန်းထဲမှာ ရေတွေ ရွှဲလို့။ အပြင်ဘက်ကို ငေးကြည့်လိုက်တော့။ မနေ့က ရန်ကုန်သည် အဝေးကို ထွက်ပြေးသွားပြီ။ ကျွန်တော်မသိတဲ့ ရန်ကုန်သည် ကျွန်တော်ကို စိမ်းစိမ်းကြီး ကြည့်နေပါတော့သည်။ ။
အဆုံးထိ ရေးချင်ပါသော်လည်း နောက်ထပ် အချိန်ယူပြီး ရေးရင် စာဖတ်သူနဲ့ ရေးသူအကြား အဆက်ပြတ်သွားမှာ စိုးလို့ နားလည် ခွင့်လွှတ်ပေးကြပါ။ နောက်တစ်ပိုင်းဆို ပြီးပါပြီ။ ကျေးဇူးတင်ပါသည်။
သရုပ်ဖော် 3D Model ကိုယ်တိုင် ပြုလုပ်၏။


10 ယောက်ကဒီလိုမြင်တယ်တဲ့...:
အင်း ဘာပြောရမလဲ ဘာမှမပြောတော့ပါဘူး။ ဖတ်လို့ကောင်းပါတယ်။ နောက်ဆုံးအပိုင်းကို မျှော်နေပါတယ်..ပထမဆုံးကွန်မန့်ပေးရလို့ ဝမ်းသာပါတယ်။
့h..l..e
last post hmar u take lar tat nargis pics tway par tin hmar lar?
ပြေးရ လွှားရ စိတ်ပင်ပမ်း လူပင်ပမ်းနဲ့ အလုပ်အရမ်းပင်ပမ်းနေပြီး အိပ်တော့မယ့်ဆဲဆဲ လုပ်ဖြစ်တာ နှစ်ခုပဲရှိပါတယ် တစ်ခုက အစ်မ ဘလော့လေးကို ပို့စ်တင်တာနဲ့ တစ်ခုက သက်ပိုင်သူပို့စ်ကို လာဖတ်တာပါ..
စိမ်းစိမ်းကြည့် မခံနိုင်ရင် ပြီးအောင် မြန်မြန်ရေးပေးပါ စာရေးဆရာရေ...
နောက်ဆုံးတပိုင်းဆိုတော့ သည်းခံပြီးစောင့်ရတော့မှာပေါ့ ..း)
ထပ်မဖတ်တော့ဘူးနေနေပေမဲ့ တတိယ အကြိမ်မြောက် ထပ်ဖတ်ဖြစ်နေတယ်။ ဖတ်ပီးတိုင်း တစ်စုံတစ်ခု ခံစားရပါသဖြင့် မဖတ်ဖြစ်အောင်နေသော်လည်း မနေနိုင်ပါ။ အသက်ရဲ့ အရေးအသားက ကောင်းလွန်းတော့လဲ ထက်ဖတ်နေမိတာ ဖြစ်မှာပါ။
h..l..e
(ဟာလူး)
ချူးဖတ်မိအောင် အင်္ဂလိပ် လိုပြန်ပေးလိုက်ရင်ကောင်းမယ် ခိခိခိ
ဒီတစ်ပုဒ်ကတော့ အနုအရွအလှအကြမ်း ရသစုံတယ်ဟေ့..။ ငပလီကမ်းခြေရဲ့ ညနေလေးကို ဖတ်ပြီး ရင်ထဲမှာ ကကျိ ကကျိဖြစ်လာသလိုလို..။ ၁၉ လမ်း လမ်း ၂၀ က ၀က်သားဒုတ်ထိုးတွေမြင်ပြီး ဗိုက်ထဲ ဟာလာ သလိုလို..။ သရေတွေပဲ ကျလာသလိုလို...။ နောက်ဆုံးနား မုန်တိုင်းနေရာကို ရောက်တော့ လူက ရင်တွေခုန် ဒူးတွေ ပဲ တုန်လာသလိုလို...။
အင်း နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပြီဆိုတော့ကာ...။ အဆုံးသတ်ကတော့ ခန့်မှန်းရခက်ဆဲပဲ...။
ငါတော့ ချူး ကို သနားနေတယ်။
အဲဒါ ဘာရသ လို့ပြောရမလဲ...
ရင်ဘတ်ပေါ်မေးထောက်ပြီး ငပလီ က လှတယ်လို့ပြောတဲ့ အခန်း က တော်တော် Heart ထိတယ်။။
ငါတော့ ချူး ကို သနားနေတယ်။
အဲဒါ ဘာရသ လို့ပြောရမလဲ...
ရင်ဘတ်ပေါ်မေးထောက်ပြီး ငပလီ က လှတယ်လို့ပြောတဲ့ အခန်း က တော်တော် Heart ထိတယ်။။
Post a Comment