April 12, 2009

စကာၤပူက ၁၅ကျပ်တန် သင်္ကြန်အလှူ

သင်္ကြန်။ သင်္ကြန်သံကြားတာနဲ့ သင်္ကြန်ပိုးတို့မနေနိုင်တော့။ လက်ဆစ်ခြေဆစ်လေးတွေ ချိုးလာမိသည်။ ခေါင်းကလေးတွေ တခါခါနဲ့ စည်းချက်အတိုင်း ဘယ်ညာ ယိမ်းနေမိသည်။ သင်္ကြန်ကျတာနဲ့ အိမ်မှာ ဖင်ပူအောင် မထိုင်နိုင်တော့။ နည်းနည်းလေးတော့ ရေစိုခံလိုက်ရမှ တင်းတိမ်နိုင်ခဲ့သူပါ။

ဒီနှစ်တော့ ရန်ကုန်သင်္ကြန်ကို ပြန်မကဲနိုင်တော့ပေမယ့် City Hall နားက Padang ကွင်းကျယ်ကျယ်ကြီးမှာ လုပ်မယ်ဆိုတော့ အတော်ပျော်သွားမိသည်။ နီးစပ်ရာ သူငယ်ချင်းတွေ ရအောင် ခေါ်ပြီး Padang ကွင်းမှာ သောင်းကျန်းဖို့ လူလိုက်စုမိသည်။ ၀င်ကြေး ၁၅ဒေါ်လာဆိုတော့ သူငယ်ချင်းတွေ တော်တော်များများ မတတ်နိုင်တော့။ တချို့ကလည်း ၁၅ဒေါ်လာအစား ရန်ကုန်က ချစ်သူလေးဆီ 1818 နှစ်ကဒ်ခေါ်ပြီး အလွမ်းသယ်တော့မည်တဲ့။ တစ်ချို့ကလည်း အ၀စား Steam Boat သွားစားမည်တဲ့။ တချို့ကတော့ လွန်ကို လွန်လွန်းပါသည်။ ၁၅ဒေါ်လာနဲ့ဆို Night Club သွားရင် အရက်တစ်ခွက်ပါ အလကားရသေး ဆိုပဲ။ သင်္ကြန်အတွက် ၀င်ကြေး ၁၅ဒေါ်လာပေးပြီး ဘာမှ မရနိုင်တဲ့။ ဘာမှ မပြောချင်တော့။ မြန်မာမှန်တော့လည်း သင်္ကြန်ကိုတော့ ချစ်သင့်ကြပါတယ်လို့ ပြောလိုက်ချင်သည်။

တကယ်တမ်း သင်္ကြန်ပွဲ ကျင်းပမယ့်နေ့ရောက်တော့ နေရာတွေအများကြီး ခွဲလုပ်ကြသည်။ Padang ကွင်းက ရေကစားပွဲကလွဲလို့ ကျန်တာတွေက ဘာဝင်ကြေးမှ မပေးရ။ စတုဒီတာ မဏ္ဍာပ်တွေကလည်း ပေါမှပေါတဲ့။ နေရာလေးနေရာတောင် ခွဲလုပ်ကြသည်။ လုပ်တဲ့အချိန်တွေက တူနေတော့ နေရာအကုန် မသွားနိုင်။ ၁၅ဒေါ်လာပေးထားတဲ့ Padangကွင်း ကိုတော့ မဖြစ်မနေ သွားရမည်။ မနက်စောစော သွားလို့ရတဲ့ နောက်တစ်နေရာကတော့ ToPayoh ဘုန်းကြီးကျောင်း။ ဒီလိုနဲ့ပဲ မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းကို သူငယ်ချင်းတွေနဲ့ ရောက်လာဖြစ်သည်။ မနက် ၉နာရီပဲခွဲသေးသည် ဘုန်းကြီးကျောင်းမှာ နေရာလပ်မကျန်တော့။

ဘုန်းကြီးကျောင်းထဲကိုဝင် ဘုရားကို ပုဆိန်ပေါက် ဦးသုံးကြိမ်ချပြီး စတုဒီတာ မဏ္ဍာပ်တွေဆီ ထွက်လာသည်။ ဘုန်းဘုန်း ဘုရားတွေကတော့ ပုရိတ်တရားတွေ ရွတ်နေဆဲ။ မုန့်ဟင်းခါးကလည်း ဘဲဥလှိုင်လှိုင် ငါးမြိုင်မြိုင်နဲ့ စားလို့ကောင်း၏။ ကြာဇံကြော်ကလည်း ကောင်းမှကောင်း။ နောက်တော့ ကြာဇံဟင်းခါးနံ့လေး မွှေးတာနဲ့ လူတိုးပြီး မရမက သောက်လိုက်သေးသည်။ အဲဒီနောက် ပြည်ထမင်းသုတ်ကလေးကလည်း ဂျူးမြစ်များများ၊ ငရုတ်သီး အတောင့်လိုက်ကြော်ထားတာလေးနဲ့ တော်တော်လေး အရာသာရှိပါဘိသနဲ့။ ပူပူနွေးနွေး မုန့်ကြာစိနဲ့ မုန့်လုံးရေပေါ်ကလည်း ချိုမှချို။

ရသမျှဗိုက်ထဲ ဖြဲကားသွင်းပြီးတဲ့နောက် ရေဆာလာတော့ အအေးအလှူရှင်ကို လိုက်ရှာလိုက်သေးသည်။ အအေးအလကားပေးတဲ့ နေရာကို ကပ်တောင် မကပ်ရသေးဘူး။ ရေခဲရေအေးအေးတွေက ခေါင်းတွေပေါ်ကို ပလူပျံပြီး စီးကျလာ၏်။ အမယ်…. ကိုကိုမမတို့က တာလဘက်လို မိုးကာအသားထူထူကို ရေကန်သေးသေးလေးလုပ်ပြီး အထဲမှာ ရေခဲတွေ အတုံးလောက်။ လာသမျှလူက အရည်ပျော်နေတဲ့ ရေခဲရေတွေနဲ့ ခပ်ခပ်ပြီး ပတ်ကြ၏။ ဘုန်းကြီးကျောင်းမှာ ရေကလည်း အလျံပယ်ဆိုတော့ တချို့ တွေက ရေပိုက်နဲ့ ဖြန်းလိုက်သေး။



ဘုန်းကြီးတွေ ပရိတ်ရွတ်နေတဲ့ အချိန်မှာ အခုလို ကောင်းနေကြတယ်လေ

စာင်္ကာပူရဲ့ အင်းယားလမ်း

စတုဒီတာ မဏ္ဍာပ်တွေကလည်း ဒိုးဒိုးဒန်ဒန်သီချင်းတွေနဲ့ အော်လိုက် ကလိုက်သေး။ မကြာပါဘူး လူကြီးတွေက ဘုန်းကြီးတရားပွဲ မပြီးသေးလို့ သီချင်းတွေ ခဏရပ်ထားပါဦးတဲ့။ ဘုန်းကြီးတရားပွဲက အမျှဝေလို့ သာဓုသုံးကြိမ်တောင် မခေါ်ရသေးဘူး။ သားစိုးရဲ့ ရောသမမွှေက စူးခနဲ ထွက်လာသည်။ နောက်တော့ ပျော်ရဲ့လားဟေ့ မောင်တို့ရေ… ဆိုတော့… အားလုံးက ပျော်တယ်ဟေ့ ပျော်တယ်ဟေ့လို့ အော်ကြသည်။ တကယ်ကို ပျော်စရာကောင်းတာပါ။ အားလုံးပျော်ပြီး ကကြသည်။ ဘယ်သူမှ မူးရူးမနေ။ တကယ်ကို ပျော်စရာကောင်းတာပါ။ ၁၁နာရီခွဲတော့ ဘုန်းကြီးကျောင်းမှာ ကြာကြာနေလို့မရတော့ နောက်တစ်ပွဲအတွက် City Hall ကို ချီတက်ကြသည်။

Padangကွင်းရောက်တော့ ပြင်ပစားစရာတွေ ယူလို့မရတဲ့။ ဒါနဲ့ပဲ အဆာခံလေး တစ်ခုခုစားရသေးသည်။ ကွင်းထဲရောက်တော့ ချက်ချင်း ၀င်လို့မရ။ တန်းစီပြန်ရပါသေးသည်။ တော်တော်ရှည်တဲ့ တန်းပါပဲလား။

ကွင်းထဲရောက်တော့ အားရပါးရ ခုန်ပေါက်ကမယ်လို့ ခဲထားသမျှ သဲရေကျဖြစ်ခဲ့ရ၏။ တမနက်ခင်းလုံး မိုးတွေရွာထားတော့ ကွင်းတစ်ခုလုံး ဗွက်ပေါက်နေသည်။ အဆိုတော်တွေရဲ့ စတိတ်စင်ပတ်လည်နားမှာလည်း လူတွေက အုံခဲနေကြလို့ စင်နားပင် မကပ်နိုင်တော့။ ပိုဆိုးသေးတာက စင်က အတော်နိမ့်တော့ ဘယ်သူတွေက ဘာတွေဆိုနေမှန်းမသိ။ စင်ရဲ့ အပေါ်ပိုင်းပဲ မြင်ရသည်။ စင်ပေါ်ဘယ်သူတွေတက်နေမှန်း မတွေ့ရ။ အော်….. အခက်အခဲတွေကြားက စီစဉ်ရတဲ့ပွဲဆိုတော့လည်း အဆိုတော်တွေအတွက် ကိုယ်ပိုင်တီးဝိုင်းတွေတောင် မထည့်နိုင်ရှာ။ အဆိုတော်တွေခမျာ ကိုယ်ပါလာတဲ့ ကိုယ့်အခွေလေးနဲ့ ကာရာအိုကေပြန်ဆိုကြရသည်။ ဆောင်းဘောက်ကလေးခမျာမှာလည်း မိုးမိလို့ထင်ရဲ့ တစ်ကွင်းလုံးကြားအောင် မဟစ်နိုင်ရှာပါဘူး။

စင်ပေါ်မှာရော။ ဆောင်းဘောက်တွေရော ဘာပဲဖြစ်နေဖြစ်နေ။ ဂရုမစိုက်နိုင်။ ဘီယာလေးစုပ်ရင်း သူငယ်ချင်းတွေနဲ့ အတူတူရှိရတာလေးကိုက အရသာ။ မြရေလျဉ်က ရုတ်တရက် ထပြီးအော်သည်။ ဟယ်…. ၁၅ကျပ်တန်သွားပြီ ဖြူဖြူကျော်သိန်း လည်ပင်းမှာ အနီရောင်လေးပတ်ထားတာ မြင်လိုက်ရတယ်တော့…….။ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ကို ထအော်လိုက်၏။ အနီရောင် မဟုတ်ဘူး။ အနက်ရောင်တဲ့။ မြရေလျဉ်က ၀မ်းနည်းသွားပြီး ၁၅ကျပ်တော့ သွားရှာပြီတဲ့လေ။ ဘယ်သူ ၁၅ကျပ် အရင်းပြန်ရလို့ ဘယ်သူရှုံးတယ်မသိ။ သေချာတာ တစ်ခုကတော့ ဖြူဖြူကျော်သိန်း သူမဘာဝတ်ထားတယ် ဆိုတာ သူမကိုယ်တိုင်ပဲ သိပါလိမ့်မည်။

ကွင်းထဲကတော့ ဘုန်းကြီးကျောင်းနဲ့ တခြားစီပါ။ သောက်တာ စားတာ ဘယ်နေရာမှ အလကားမရှိ။ တော်တော် စကာင်္ပူပီသ၏။ သုံးနာရီထိုးတော့ ဖျော်ဖြေရေး ခဏရပ်သည်။ စင်နားမှာ အုံနေတဲ့သူတွေ အနောက်ကို ရောက်လာသည်။ ကျွန်တော်တို့ အဖွဲ့ထဲက မမတို့က စင်နားမှာ လူမကြပ်တုန်း စင်နားကပ်ဖူးတယ် ရှိအောင်ကပ်ရအောင်တဲ့။ ဒါလည်း ကပ်ကြတာပေါ့လို့ဆိုပြီး တစ်လှမ်းနှစ်လှမ်းပဲ ရှေ့တိုးလိုက်ရသေးတယ် ရှေ့မဆက်နိုင်တော့။ ဟဲ့…. ဟဲ့…..။ ဘာဖြစ်တာလဲလို့မေးလိုက်တော့ ရှေ့မှာ ကာထားတယ်တဲ့။ ကြည့်လိုက်တော့လည်း စင်က အဝေးကြီးမှာ ရှိသေးတယ်။ မဖြစ်နိုင်ပါဘူးလို့ သူငယ်ချင်းတွေကို တွန်းဖယ်ကြည့်လိုက်တော့။ အား… ပါး… ပါး… ခုံတွေ ….. ခုံတွေ……။ ဖြူစွတ်နေတဲ့ ခုံတွေပေါ်မှာ ဆိုင်ရာပိုင်ရာတွေ။ ၁၅ဒေါ်လာ။ သာတူညီမျှ စတိတ်ရှိုး ကြည့်ရမယ်ဆို။ ရောင်းတဲ့သူတွေက ဘာလို့ လက်မှတ်မရောင်းခင်ကတည်းက ၁၅ဒေါ်လာတန် ထိုင်ခုံတွေ ရှိတာ ကြိုမပြောသလဲ။ သူတို့တွေက သူများတကာလို ရွှံ့စပ်စပ်မှာ မတ်တပ်ရပ်ပြီး ကြည့်စရာမလို။ ပုံမပြတ်သေးတဲ့ မြက်ခင်းပေါ်မှာ အေးအေးလူလူ အသားကင်လေးတောင် စားနိုင်တယ်ထင်ပ။ စတိတ်စင်ကလည်း သူတို့တွေကြည့်နိုင်ဖို့ အမြင့်ကို တိုင်းပြီး ဆောက်ထားသလား မှတ်ရတယ်။ ထိုင်ခုံလေးတွေပေါ်က လူတွေကလွဲလို့ စင်ပေါ်မှာ ဘယ်သူဘာလုပ်နေကြလဲဆိုတော မမြင်နိုင်။ သြော်… သူများ တကာတွေများ ဘုန်းကံတွေကိုက ကျွန်တော်တို့ထက်သာပ။ ပါလာတဲ့ သူငယ်ချင်းတွေကလည်း ခြံခတ်ထားတဲ့ VIP ၀င်းလေးကို သွားရည်တများများနဲ့ ကြည့်မိလိုက်သေးသည်။ ကုသိုလ်ကံနည်းတဲ့ ကိုယ့်ဘ၀တွေကို သနားလာမိကြ၏။ DJ ဖြိုးကြီးဆိုသူရဲ့ ဂီတသံတွေကလည်း ကျွန်တော်တို့ကို လှောင်နေသလား အောက်မေ့ရသည်။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် သနားလာမိတာနဲ့ ပွဲသိမ်းတဲ့ ၆နာရီထိုးတဲ့ အထိတောင် မနေနိုင်တော့ပေ။ ၀မ်းနည်းပက်လက်နဲ့ ဖျာလိပ်ပြီး စောစောပြန်ခဲ့ရ၏။

ဒီလို ကုသိုလ်ကံနည်းတာကလည်း ရှေးဘ၀က အလှူအတန်းနည်းခဲ့လို့ထင်ပါတယ်။ ပေးလိုက်ရတဲ့ ၁၅ဒေါ်လာလေးကိုလည်း နှမြောမိလိုက်တာ။ အော်… 1818နှစ်ကဒ် ၀ယ်လိုက်ရင် အကောင်းသား။ Steam Boat သွားစားရင်လည်း အကောင်းသား။ ဒါမှ မဟုတ် Night Club သွားရင်လည်း မဆိုးပါဘူး။ အို……. ဖြစ်ပြီးတဲ့ ကိစ္စကို ဘာလို့ ၀မ်းနည်းနေမိပါလိမ့်။ လှူတတ်ရင် ပြားစေ့လေးတောင် နိဗန်ရောက်နိုင်သေးတာပဲ။ အခုက ၁၅ဒေါ်လာတောင်။ ဘာပဲ ပြောပြော စိတ်ထဲကတော့ ကျေနပ်သွားသည်။ စင်ရှေ့ တည့်တည့်က ခုံဖြူဖြူလေးတွေ အတွက် ၁၅ဒေါ်လာ လှူခဲ့ပါ၏။ သာဓုအနုမောဒနာ ခေါ်ကြပါစေကုန်သတည်း။ ။

အခုလို ပရိတ်တရားတော် နာနိုင်ကြ၏
မနက် ၉း၃၀ပဲ ရှိသေးသည်။ များလိုက်တဲ့ ရွှေမြန်မာတွေ။

စကာင်္ပူရဲ့ အင်းယားလမ်း. ကကြခုန်ကြ။ ကျွေးကြမွေးကြနေရာလေ
ခုံဖြူဖြူလေးတွေပေါ။ နောင်နှစ် ထိုင်ချင်လှပါသည်

သနားစရာ တချိ့မြန်မာတွေကလည်း ဒီနေရာလေးမှာ အေးအေးလူလူ ထိုင်နိုင်ခွင့်မရတော့။ ကြည့်ပါလား.. ဟိုးမှာ တိုးလို့ဝှေ့လို့။
ရွှေ့မြန်မာတွေကလည်း အခုလို တူးပို့ သံတွေကြားရင် အခုလို ဗွက်တွေ မမှုတော့။

ရွှေမြန်မာတွေကလည်း အခုလို စိးပွားရေး လာဘ်မြင်လာ၏

Peninsula နားမှာ လူတွေကလည်း ရုတ်ရုတ်နဲ့

22 ယောက်ကဒီလိုမြင်တယ်တဲ့...:

Anonymous said...

စင်္ကာပူသင်္ကြန်ကိုလေ့လာသွားသည်။
mnhy

Rita said...

မြင်ခဲ့သားပဲ သပသ ကို
အဲဒီထဲမှာ

ပိုင်ဖြိုးကို said...

ကျွန်တော်လဲလှူခဲ့ရသူမို့ အားလုံး သာဓုခေါ်ကြပါဗျို့ ..

ကိုရင်နော် said...

သက်ပိုင်သူရေ...
ဗွက်တွေပေချက်ကတော့ ဖိနပ်ကို လွင့်ချင်စိတ်ကို ပေါက်ရော..

ရေးထားတာတွေ အားလုံးက ကွက်တိပါပဲ.. ဒီအကြောင်းလေး ရေးဦးမလို့ စဉ်းစားမိသေးတယ်း)

ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်ပေါ့နော့်..း) သင်္ကြန်သံလေးကြားရတော့လည်း ပျော်မိတာပေါ့..

အသံမကြား.. ရုပ်မမြင်ဖြစ်တာကတော့ တကယ်ဟေ့.. စည်သူလွင်ဆို ဆံပင်နီကြောင်ကြောင်လေးပဲ လှမ်းမြင်ရတယ်.. အောက်ပိုင်းကတော့ ပုဆိုးလား.. ဘောင်းဘီလားကို မသိတာ..
ဖြူဖြူကျော်သိန်းကတော့ ထူးထူးရယ်တဲ့ ဆန်းဆန်း ကြောင်မျက်နှာဖုံးကြီးနဲ့.. ကြောင်အော်သလို အော်သွားသေးတယ်..း) အသံကတော့ တကယ့်ကို ကောင်းတာပါပဲ..
ဘယ်စက်တွေ ဘယ်လို ငှားတယ်မသိ အသံတွေက တော်တော့်ကို တိုးတာနော်..

ဘီယာတစ်ခွက် 6$ က တန်သလားကွယ့်..
အော် ဈေးကြီးပေမယ့်လည်း သောက်ရတာပါပဲလေ.. ကိုယ့်ရွှေချင်းချင်းတွေ ဆိုတော့ ဈေးကြီးတာ မကြီးတာ အသာထား.. အားပေးလိုက်ပါတယ်လေ.. မူးတဲ့ အထိပေါ့..း)

ကောင်မလေးတွေလည်း လှပါပေ့.. (ခြေထောက်မကြည့်မိရင်ပေါ့ ဟီးးးး) လေဒီဗွက်ပေါက်လေးတွေ..

ဗွက်ပေါက်လာတဲ့ ဖိနပ်ကို ဆေးရဦးမယ်..

အင်း ဗွက်ပေါက်သွားသော စင်္ကာပူသင်္ကြန်ပေါ့ကွယ်..

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ပါစေ..

ကိုရင်နော်

အပြုံးပန်း said...

စာရေးစရာတော့ ရသွားတယ်ပေါ့လေ၊
စကာင်္ပူသင်္ကြန်ဆိုတာ ဒီလိုလားဆိုတာတော့ သိသွားရတယ်၊
အဝေးကသာ တိတ်တဆိတ်နဲ့ ငြိမ့်ငြိမ့်လေး ပျော်တတ်သူမို့ပါ။

Anonymous said...

ဟား ဟား
ငါကတော့ တန်တယ်။
ဗွက်လည်း မပေဘူး
မုန့်လည်း စားရတယ် :)

GreenGirl

Rita said...

Green Girl ရဲ့ ဗွက်မပေတဲ့ မုန့်စားနည်းလေး သိလို့ရရင် သိချင်ပါရဲ့။ ကိုယ်တော့ အဲဒီ ဖိနပ် ဘယ်တော့မှ ပြန်မစီးတော့ဘူးလို့ပဲ။ (ဖိနပ်ကလဲ တော်တော်ဟောင်းနေပါပြီ)

ကိုရင်နော် said...

GreenGirl ကို ဘယ်သူ ကျောပိုးသွားလဲ မှန်မှန်ပြေား)

khaingzm said...

အဟီး... greengirlကို ကျောပိုးနိုင်တဲ့သူ ဘယ်သူပါလိမ့်.. :P

khaingzm said...

video တွေတင်ပေးတာ ကျေးဇူးတင်ပါတယ် သက်ပိုင်သူရေ.. နောက်ရှိသေးရင် ထပ်တင်ပေးဦးနော်..ကြည့်ရတာ ပျော်စရာကောင်းလို့..:)

Bino said...

I am happy when your sweet photos.
Last year သင်္ကြန, I stayed in Singapore.
I never made activity related with သင်္ကြန in Singapore. I played the computer at all time. I regretted about that.
Presently, I stay in Chittagong. I can't enjoin neither သင်္ကြန nor Myanmar new year.
So, please advise me what shall I do.OK. better plays the PC and visit to Myanmar blogspot to enjoy.
Thanks You.
Bino

15 dollar said...

မိုက်ရိုင်းကြတာသေနာတွေ ..လုပ်စားပွဲကြီး

ဖိုးသင်္ကြန် said...

ငါကတော့ ဘေးကကွင်းထဲမှာအကိုတွေနဲ့ ကျိတ်နေတာကွ။ cheves ၃လုံးကျိုးသွားတယ်။ ဟဲ ဟဲ
လကုန်ခါနီးရင် ပိုက်ဆံချေးဖို့သာပြင်ထား။
ဒါထက် ဟို ရုပ်ဆိုးဆိုး ပြောင်ရှင်းဆိုတဲ့ကောင်ပုံ မတွေ့ပါလားကွ။
:P

thetpaingthu said...

Green Girl ရေ မေးကုန်ကြပြီ.. နင့်ကို ဘယ်သူ ကျောပိုးသလဲတဲ့.. ဟီ.. ဟိ.... လာဖြေဦးး)

မီယာ said...

လူတွေ အများကြီးပဲ စင်ကာပူမှာ စည်လိုက်တာနော်... နောက်ဆို ညဖက် မဏ္ဍပ်တွေပါ လုပ်ဖို့ကောင်းတယ်..

ဖိုးဂျယ် said...

ထင်ပါတယ် ဒါကြောင့် ကိုသက်ပိုင်သူကို တွေ့မိလားလို့
ကျွန်တာ့် ဓာတ်ပုံ ရိုက်ထားတဲ့ အထဲမှာတောင်
ကနေတာတွေ့လိုက်မိသေးတယ်။း)

လွမ်းသုရင် said...

ဟိ... ပြောပြ၀ူးးးးးးးး

ကိုရင်နော်ခမျာ သနားပါတယ်။ မကြီးအိမ်မှာ မုန့်လာစားလိုက်ရင်ပြီးရော :P
အဟက် အဟက်

puluque said...

တော်ပီး ပုလုကွေးလဲနောက်နှစ် အလကား ဆိုရင်တောင် m1 သင်္ကြန် မသွားတော့ဘူး..ကိုယ်ဟာကို တိုပိုင်းရိုးမှာ ကဲနေတာ အကောင်းသား ..

ကောင်းတမန် said...

ကျွန်တော်ကတော့ အစကတည်းက အဲလိုဖြစ်မယ် လို့ ထင်ထားလို့ သွားမခုန်ဖြစ်တာ မှန်သွားတယ် ပြောရမယ်........။

ဘာပဲပြောပြော ရသ မြောက်အောင် ရေးထားတာ ဖတ်လို့ အင်မတန် ကောင်းပါတယ်။

နောက်နှစ် အဲလို မလုပ်ရဲအောင် အကြောင်းစုံ အသေးစိတ် ရေးပြီး..........အဲလို ဆက်လုပ်ခဲ့ရင် ဘယ်သူမှ မပါဖို့ ခု ပူပူနွေးနွေးဖြစ်နေတုန်း မေးလ် နဲ့ Customer Boycott ခေါ်ထားဗျာ......။

လူးပါးဝလွန်းလို့ပါ.............။

လုပ်စားကျတာပြောပါတယ်........။ ကိုယ့်လူမျိုးကိုက ပုံမလာတာ။

Anonymous said...

ကိုပိုင်ရေ။ ရေထားတာတကယ့်ကိုကောင်းပါတယ်။ ဗွက်ထသောစကာင်္ပူသင်္ကြန်ပေါ့နော်။

မိုးမောင်(HappyCloud) said...

ဒို့ကတော့ ၁၅ကျပ်လည်း မရှုံးဘူး။ ဘယ်မှ မသွားပဲ မအိန္ဒြာကြီးအလကားကျွေးတဲ့ ကြက်သားပလာတာနဲ့ အိုကေလိုက်တယ်ဟေ့.. ဟား..ဟား။ သင်္ကြန်ဆို ဖရီးကစ်ကလွဲလို့ ကျန်တာတွေ စိတ်မ၀င်စား...း)။

MTZO said...

ဪ......မာမီမိုးက မအိမ်သာစီ ရောက်နေတာကိုး... :P