တူးပို့ …… တူးပို့သံကြားတာနဲ့ ရော့ခ်အင်ရိုးတွေ ဘယ်လောက် ဟစ်ဟစ်၊ ဒစ်စကိုတက်ခ်တွေ ဘယ်လောက်မြူးမြူး အနောက်တိုင်း ကဟန်တွေ မေ့ပြီး ကျွန်တော်တို့ အားလုံး ခေါင်းခါး ခြေလှုပ်နဲ့ မြန်မာဆန်ဆန် အကပြောင်းတတ်ကြပါသည်။ တူးပို့သံကြားရင်လည်း မိုးပြေးလေးများ တဖြောက်ဖြောက်ကျလာပြီ။ မြေနှင့်ရေထိလို့ မြေသင်းနဲ့လေး သင်းခနဲ ဖြစ်လာပြီ။ ရွှေဝါရောင် ပိတောက်ဖူးလေးတွေလည်း ငွားငွားစွင့်လို့ ပွင့်အာလာကြပြီ။ တကယ်ဆို တူးပို့သံက တစ်နှစ်တာ ပင်ပမ်းနွမ်းလျသူတွေကို လှုပ်နိုးလိုက်သလို အသစ်အသစ်တွေကို လက်ကမ်းကြိုဖို့ သတိပေးလိုက်သလိုလို။ ဒါပေမယ့် ဒီတူးပို့သံလေးကို ဖန်တီးခဲ့သူကတော့ အိပ်စက်နေခဲ့တာ နှစ်ငါးဆယ်တောင်ကြာလှပေါ့။
သင်္ကြန်နဲ့ တူးပို့ ခွဲခြားမရသလို။ တူးပို့နဲ့ ဆရာမြို့မငြိမ်းသည်လည်း ခွဲခြားမရ။ အခုဆို ဆရာငြိမ်းဖန်တီးခဲ့သည့် တူးပို့သံလေးပင် ဆယ်စုနှစ်များစွာကို ဖြတ်ကျော်လာခဲ့ပြီ။ နုပျိုဆဲ။ လှပဆဲ။ မြူးကြွဆဲ။
ဆရာမြို့မငြိမ်းသည် သူမသေခင် မြို့မ၀ိုင်းတော်သားတွေ နှစ်စဉ်ရေပက်ခံထွက်ဖို့ သီချင်းတွေ သီကုံးပေးခဲ့သည်။ ထိုသီချင်းများထဲတွင် တူးပို့သီချင်းက အမြူးဆုံး၊ အကျော်ကြားဆုံး။ ဆရာမြို့မငြိမ်း မတိုင်ခင်က မြန်မာ့ဂီတသည် နှစ်၁၀၀အတွင်း လုံးဝမပြောင်းလဲ။ မတိုးတက်ခဲ့။ အနောက်နိုင်ငံမှာ ဂီတကို ပုံစံအမျိုးမျိုး စမ်းသပ်ပြောင်းလဲ တီထွင်နေကြချိန်မှာ မြန်မာတွေက ဘုန်းတော်ဘွဲ့တွေ၊ ရာသီဖွဲ့တွေ သီလို့ကောင်းနေတုန်း။ ထိုအချိန်မှာ ဆရာက မြန်မာ့ဂီတနယ်ကို သံစုံသစ်တွေ၊ စာသားအဆန်းတွေနဲ့ ၀င်လာသည်။ ဆရာရဲ့ သီချင်းတွေမှာ မြန်မာသီချင်းကြီး၊ သီချင်းခံတွေလို့ ခန့်ညားတာတွေ့နိုင်သည်။ ယိုးဒယားပတ်ပျိုးလို နူးညံ့တာ တွေ့နိုင်သည်။ ဆရာရေးဖွဲ့တဲ့ ရာသီဖွဲ့တွေမှာဆို လေရူးလေးတွေ ဝေ့တာ။ သစ်ရွက်လေးတွေ ကြွေတာက အစတွေ့နိုင်သည်။ တစ်နည်းအားဖြင့် ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေသည် ရောင်စုံခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်ပမာ။ နောက်ပြီး ဆရာစမ်းသစ်ထားတဲ့ သီချင်းလေးတွေထဲမှာ အသံလေးတွေကအစ ပါသည်။ မြို့မအတွက် ပထမဆုံး ရေးစပ်ပေးတဲ့ ခင့်အိပ်မက်သီချင်းမှာဆို သစ်ကိုင်းချင်းကြိတ်သံ တကျည်ကျည်လည်းပါသည်။ စစ်ပြေးရင်းရေးစပ်ခဲ့တဲ့ ရေချိုးဆိပ်သီချင်းမှာဆို ငှက်သမ္ဖန်တွေ သွားနေတဲ့ အိပွဲ့အိပွဲ့အသံလည်းပါသည်။ ဆရာ့ရဲ့ အကျော်ကြားဆုံး သင်္ကြန်သီချုင်းတစ်ပုဒ်မှာတော့ “သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးသံမြူးသာယာ” ဆိုပြီး သင်္ကြန်မှာ တီးခတ်လေ့ရှိတဲ့ စည်တိုသံကို အံကျ သီကုံးခဲ့သေးသည်။
ဆရာ့ရဲ့ တူးပို့သီချင်းလေးသည် စာသားတို သလောက်ထိသည်။ မိသည်။ ရွှေရောင်လွှမ်းတဲ့ ပိတောက်တွေ ပွင့်နေသလို ရွှဲရွှဲစိုနေတဲ့ သင်္ကြန်ရေ အေးအေးကိုလည်း ခံစားနိုင်သည်။ နောက်ပြီး ဖြေးဖြေးညှင်းညှင်း တိုက်ခတ်နေတဲ့ လေနုအေးကိုလည်း ထိတွေ့နိုင်သည်။ ဒီသီချင်းမှာဆို တူးပို့က အဓိက ဇာတ်ကောင်။ ပိတောက်၊ လေညှင်း၊ သင်္ကြန်ရေအေးတို့က တူးပို့ရဲ့ လက်စွဲ။ ကျွန်တော်တို့ သင်္ကြန်မောင်မယ်တွေကတော့ သာမန်ဇာတ်ပို့များသာ။ ဘယ်လောက်လှလိုက်တဲ့ အဖွဲ့လေးလဲ။
သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးသံမြူးသာယာ
သင်္ကြန်မယ်များ တူးပို့တူးပို့ တူးမာရဲ့နော်ဗျာ
ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေကာ
မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ။
ပိတောက်တွေဝင်းလျှံ ရွှေရည်လူး တူးပို့ တူးလှဲ့ဝါ
ညှင်းလေဖြူးဖြူး ဆော်ကာမြူး တူးပို့တူးညှင်းသာ
သင်္ကြန်ရေ အေးတာ အေးတာ
သင်္ကြန်ရေ အေးတာ အေးတာ
ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့ တူးသံမြူးသည့် ချစ်ကြည်သင်္ကြန်ခါ။
ဆရာငြိမ်းသည် သက်ရှိများသာမက သက်မဲ့ကလေးများကိုတောင် စကားပြောတတ်အောင် လုပ်နိုင်သေး၏။ မြို့မအဖွဲ့က ဆရာ့ကို သင်္ကြန်သီချင်းတစ်ပုဒ် ရေးဖို့ တောင်းဆိုလို့ ဆရာက သင်္ကြန်လေညင်းလုလင်သီချင်းကို ရေးစပ်ခဲ့ပေးသည်။ ဆရာ့ဇာတ်ကောင် လေနုအေးလေးသည် သူရဲ့ချစ်သူ ပိတောက်ရနံ့လေးတွေကို သင်္ကြန်အမီ ခေါ်ဆောင်လာပေးကြောင်း ရေးဖွဲ့ထားပုံမှာ အလွန်ပင် အသက်ပါလှပေသည်။
ဆရာသည် ရေးဖွဲ့ပုံမှာ အလွန်အနုပညာဆန်သလောက် ဂီတအဖွဲ့ဖွဲ့စည်းရာတွင်လည်း အလွန်စနစ်ကျပါသည်။ ဆရာတို့ခေတ်က သင်္ကြန်ရေပက်ခံထွက်ရာမှာ ကားတစ်စင်းလုံး အလှဆင်ပြီး ကားပေါ်မှာ သံစုံတီးဝိုင်းတင်ပြီး မြို့အနှံ့ ရေပက်ခံထွက်တတ်ကြသလို တီးဝိုင်းအဖွဲ့ ကောင်းလျင်ကောင်းသလောက် အားပေးခံရသည်။ (သင်္ကြန်မိုးရုပ်ရှင်မှာ ကြည့်နိုင်ပါတယ်၊၊) ဒါ့ကြောင့်လည်း ပြည်ထောင်စု ရေသဘင်ပွဲ လုပ်တဲ့နှစ်က အမရပူရက A.M.B.A ယာဉ်အသင်းက သူတို့ ရေပက်ခံထွက်ဖို့ ရေပက်ခံတီးဝိုင်းတစ်ခု ဖွဲ့ပေးဖို့ ဆရာ့ကို တောင်းဆိုကြသည်။ အဲဒီအချိန်က ရေပက်ခံထွက်ပြီဟေ့ဆိုလျင် မြန်မာ တူရိယာတွေက အလုပ်မဖြစ်။ အများစုပေါင်း တီးနိုင်ဖို့ အနောက်နိုင်ငံ တူရိယာတွေကို အားကိုးကြရသည်။ သင်္ကြန်ကျပြီ ဆိုရင် အနောက်တိုင်းတူရိယာတွေမှာ အလွန်ပဲ နာမည်ရပေ၏။ ဒါပေမယ့် ဆရာက အနောက်တိုင်း တူရိယာတွေကို မသုံး။ မန္တလေးဈေးချိုထဲက ပုလွေလုပ်တဲ့ ၀ါးတွေဝယ်။ မြန်မာ့ဝါးကို ပုလွေသံ ၁၂စိတ် စိတ်ပြီး အပေါက် ၁၂မျိုးဖောက်လျက် အနောက်တိုင်း လေမှုတ်တူရိယာများနေရာမှာ မြန်မာ့ဝါးပုလွေကို အစားထိုးခဲ့သည်။ အသံကိုလည်း အနောက်တိုင်း တူရိယာသံနဲ့ အပြိုင် တီးမှုတ်နိုင်အောင် ကျင့်ယူခဲ့သေးသည်။
ဆရာငြိမ်းဖွဲ့ခဲ့တဲ့ စောင်းကောက်ဝိုင်းကြီး ရေပက်ခံထွက်လာချိန်မှာတော့ အနောက်တိုင်း တူရိယာတွေနဲ့အလား တီးမှုတ်ထားသလို မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှ၏။ တကယ်တမ်း ဆရာ့အဖွဲ့မှာ သုံးတဲ့တူရိယာတွေက မြန်မာဝါးပုလွေ ၆၀၊ ဗူးသီးခြောက်မှာ မန်ကျည်းစေ့များ ထည့်လှုပ်ရတဲ့ ဗူးသီးခြောက်စည်း၊ ရေစည်ပိုင်းကို သားရည်ကျက်ထားတဲ့ စည်တိုတစ်လုံးနဲ့ ကလက်ရီနက် ၁ချောင်းသာ ပါလေသည်။ ဆရာ့အတွေး ဆရာ့ ဖန်တီးမှုများကား အံ့မခန်းပေစွ။ တကယ်လို့သာ ဆရာသာ စောစော မကြွေလင့်ခဲ့ရင်၊ ဆရာ စိတ်နာတဲ့ ဓနရှင်လောကကြီးသာ ဆရာ့ကို နာနာကျည်းကျည်း မလုပ်ခဲ့ရင် ဆရာသည် အများနည်းတူ အနုပညာတွေကို ဖန်တီးပြီး ပျော်မွေ့နေချင်သူ တစ်ဦးပါ။ အခုတော့လည်း ဆရာမြို့မငြိမ်းသည် လောကကြီးကို စွန့်ခွာသွားတာ အရမ်းစောလွန်းလှပါတကား။
(ဆရာ့ရဲ့ နောက်ဆုံးနေ့ရက်တွေ အကြောင်း ဆက်ရေးချင်ပေမယ့် ပျော်စရာ သင်္ကြန်ကာလမို့ ဒီမှာပဲ အဆုံးသတ်ပါရစေ၊။
လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များမှ ကောက်နှုတ်တင်ပြပါသည်။)


11 ယောက်ကဒီလိုမြင်တယ်တဲ့...:
တူးပို့ တူးပို့ ရော သင်္ကြန်လေညှင်းလုလင်ပါ ကြိုက်တယ်။ မြို့မတီးဝိုင်းကမိုလို့ ဆရာ့နာမည်က မြို့မငြိမ်းဖြစ်သွားတာလို့ ဖတ်ဖူးသေးတယ်။ ဆရာမြို့မငြိမ်းလက်ရာတွေကတော့ အခုထိဆန်းသစ်နေဆဲပါပဲ။
သင်္ကြန်နဲ့အတူ အလွမ်းတွေ ဗဟုသုတတွေယူသွားပါတယ်..
ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့
သင်္ကြန်ပို့စ်တွေထဲမှာ
ဒီပို့စ်ကိုတော့ အမှတ်တွေအများကြီးပေးလိုက်တယ်း)
အသက်ရေ သိသလိုလို ရှိနေပေမဲ့ စာဖတ်ကာ ပြန်နွေးသွားတယ်. မျှဝေပေးတာ ကျေးဇူးပါ
သင်္ကြန်ချိန်နီးချိန်လေးမှာ ဆရာမြို့မငြိမ်းရဲ့ တူးပို့ ပို့စ်လေးကို ဖတ်လိုက်ရတာ အရသာရှိလိုက်တာ မောင်သက်ပိုင်သူလေး နှစ်သစ်ကူးမှာ ချစ်သူများနဲ့ ပျော်ရွှင်ကြည်နူးစွာနဲ့ ငြိမ်းချမ်းပါစေနော့်
"ရေချိုးဆိပ်" က "အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ် ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်း လူဟာကြောင်လွန်းတယ်" ဆိုတာ ကိုယ်လဲ သိပ်ကြိုက်တယ်။
ဒါကြောင့် ထူးအိမ်သင် ကပြောတာ။
"သူကြိုက်နှစ်သက်တဲ့ တေးရေးဆရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူအားကျတာက "မြို့မငြိမ်း" တစ်ယောက်တည်း" တဲ့။
Great post!
Cheers!
တခြားသင်္ကြန်သီချင်းတွေ ဘယ်လောက်ကောင်းကောင်း ဆရာမြို့မငြိမ်းရဲ့ "တူးပို့ တူးပို့" သံကိုတော့ မှီနိုင်မယ်မထင်ဘူး
သက်ပိုင်သူရေ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ :)
ဒီပို့စ်လေးဖတ်ရတာ မျက်စိထဲတောင် သင်္ကြန်မိုးရုပ်ရှင်ကားကို ပြန်မြင်မိတယ် .. သင်္ကြန်သီချင်းသံတွေလည်း ကြားယောင်လာတယ် ..
ဗဟုသုတ ရသွားပါတယ်..။ကောင်လေး အရင်က ဘယ်သူရေးမှန်းမသိဘူး..။ အခုမှ အစ်ကိုရေး မှ ဘဲ သိတော့တယ်..။ တူးပို့..တူးပို့..မာပါစေခင်ဗျာ...။ :-)
တူးပို့..တူးပို့ ကိုတော့ ဘယ်သီချင်းမှ မကျော်နိုင်ပါဘူး။
ပြန်လည် share လုပ်တာ Thanks ပါ သပသရေ
Thanks for the article on tu-pot.
Please check my article for more on Myoma Nyein & Mya nabda Thingyan song.
(2) Mya Nandar (Yan Win-Taung Da Gar)
http://moemaka.com/index.php?option=com_content&task=view&id=3590&Itemid=1
Post a Comment