April 4, 2009

နိုင်ငံတကာက သင်္ကြန်ပွဲတော်များ

သင်္ကြန်…….။ မြန်မာလူမျိုးတွေချစ်ကြတဲ့ သင်္ကြန်။ ဘယ်နိုင်ငံရောက်ရောက်…… ရောက်တဲ့နိုင်ငံလေးမှာ ကိုရွှေမြန်မာတွေ စုပြီး အပီကဲတဲ့ သင်္ကြန်။ ဘာလိုလိုနဲ့ သင်္ကြန်ရက်တွေက နီးသည်ထက်နီးလာပြီ။ ရန်ကုန်ပြန်ချင်တဲ့ အတွေးတွေကလည်း တဖြေးဖြေးဆူပွက်လာပါရောလား။ တခါတလေတော့လည်း စကာင်္ပူရောက်စတုန်းက ၂၀၀၄မှာ ကျင်းပတဲ့ ၅နိုင်ငံကို သတိရမိတယ်။ အဲဒီအချိန်တုန်းက ကိုယ်နဲ့အတူ နှစ်သစ်ကူးတူကြတဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ သီရိလကာင်္က အတန်းဖော်တွေကို လွမ်းမိတယ်။ အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ ဗီယက်နမ်က ရည်းစားလေးကို Fort Canning က ၅နိုင်ငံ သင်္ကြန်ကို ခေါ်သွားရင်း မြန်မာမဏပ်တွေမှာ ရေကစားကြဖူးတယ်။ အခုတော့လည်း သတိရစရာတွေပေါ့။

အရင်တုန်းက သင်္ကြန်ဆိုတာ ကိုယ့်မြန်မာနိုင်ငံနဲ့ ယိုးဒယားနိုင်ငံပဲ ရှိတယ်လို့ ထင်ခဲ့တယ်။ ယဉ်ကျေးမှု ပေါင်းစုံစုစည်းရာ Lasalle-Sia ရောက်တော့မှ တခြားနိုင်ငံတွေမှာလည်း ရှိပါသေးလားလို့ အံ့သြ၀မ်းသာ ဖြစ်ခဲ့ရတယ်။ တကယ်ပါ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း တခြားနိုင်ငံက သင်္ကြန်တွေကို လိုက်စပ်စုမိတာပေါ့။

နှစ်သစ်ကူးရက်တွေ တူညီတဲ့ နိုင်ငံတွေက မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့အပြင် တရုတ်နိုင်ငံက ယူနမ်ဒေသလည်း ပါဝင်တယ်လို့ ၀ီခီမီဒီယာမှာ ဖတ်ရပါတယ်။ ဒါပေမယ့် ၀ီခီမီဒီယာမှာ မပါတော့တာကတော့ သီရိလင်္ကာနိုင်ငံပေါ့။ သီရိလင်္ကာက ကျွန်တော်တို့နဲ့ နှစ်သစ်ကူးရက်တွေ၊ ပြက္ခဒိန်တွေ တူပေမယ့် ရေသဘင်ကျင်းပတာတွေ မရှိတော့ပါဘူးလို့ သီရိလင်္ကာက ကျွန်တော့် သူငယ်ချင်းက ပြောဖူးပါတယ်။ တကယ့်ကို နှမြောစရာပါ။ မြန်မာတို့က သင်္ကြန်၊ ထိုင်းက ဆုံခရမ်၊ လာအိုက ပိမိုင်၊ ကမ္ဘောဒီးယားကတော့ ချောင်ချိနိုင်သမိုင် လို့ အသီးသီးခေါ်ကြပါတယ်။

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက နှစ်သစ်ကူးရေကစားပွဲတော်ကို နှစ်တိုင်း ဧပြီလ ၁၃ရက်ကနေ ၁၅ရက်ရက်နေ့ထိ ကျင်းပကြပြီး၊ လာအိုကတော့ ၁၆ရက်နေ့ထိ ကျင်းပကြပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာတွေကတော့ မြန်မာပြက္ခဒိန်ပေါ်မူတည်ပြီး ရေသဘင်ပွဲ ကျင်းပလေ့ရှိကြပါသည်။

တခါတလေ ကျွန်တော်ကို တခြားနိုင်ငံကလူတွေက New Year ဘယ်တော့လဲလို့ မေးကြသည်။ ကျွန်တော်က ဧပြီလမှာလို့ဖြေရင်း ရေသဘင်ပွဲတော်လို့ တဆက်တည်း ပြောပြတတ်ပါသည်။ ထိုအခါ လူတိုင်းဆီက တူညီတဲ့ တုန့်ပြန်မှုကတော့ အိုး…. ဒါဆိုရင် ထိုင်းနိုင်ငံက ဆုန်ခရမ်ပွဲတော်လိုပေါ့ တဲ့။ အဲဒီအခါ ရင်ထဲမှာ မကောင်းလှ။ ထိုင်းနိုင်ငံက ရေသဘင်ပွဲတော်ကို သိပြီး ဘာလို့ မြန်မာတွေရဲ့ပွဲတော်ကို မသိရတာလဲလို့ မချိတင်ကဲ ဖြစ်မိတယ်။ အမှန်မတိုင်းပြောရရင် ထိုင်းနိုင်ငံက ရေသဘင်ပွဲကို နွှဲဖို့ အခုထက်ထိ အခွင့်မကြုံသေး။ ရောက်ဖူးသူတိုင်းကို မေးကြည့်တော့လည်း ဘာမှ ဟုတ်တိပတ်တိမရှိလှ။

ထိုင်းနိုင်ငံမှာ အခုလိုလည်း ဘုရားတွေကို ရေသပယ်တတ်ကြသည်
ချင်းမိုင်မှာ အခုလို ကျုံးထဲကရေတွေခပ်ပြီး ပတ်ကြသည်
မြန်မာတွေလိုပဲ ထိုင်းတွေလည်း အခုလို ရေပက်ခံထွက်ကြတာပေါ့


ဘန်ကောက်မှာဆို ဆုန်ခရမ်ပွဲတော် ကျင်းပပြီဆိုရင် တချို့နေရာတွေမှာ ချောက်ကပ်ကပ် ဖြစ်ကုန်ရောတဲ့။ ဒါနဲ့ မယုံလို့ အလုပ်က လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုး၅ယောက်လောက်ကို မေးဖူးတယ်။ နင်တို့ ဆုန်ခရမ်ပွဲတော်က ပျော်ဖို့ကောင်းလားလို့ မေးလိုက်တယ်။ တချို့ကတော့ ဆုန်ခရမ်ကို စိတ်မ၀င်စားကြ။ သူတို့ ရိုးရာဆုန်ခရမ်ပွဲထက် ဒီဇင်ဘာ နှစ်သစ်ကူးပွဲသာ စိတ်ဝင်စားကြတယ်။ တချို့ကြပြန်တော့လည်း ဆုန်ခရမ်ဆိုရင် ချင်းမိုင်ကို ကိုယ်ပိုင်ကားနဲ့ တက်ကြလေရော။

အဲဒါနဲ့ ချင်းမိုင်က ဆုန်ခရမ်က ထိုင်းနိုင်ငံမှာ ဘာလို့ အစည်ကားဆုံးလဲ မေးကြည့်တော့မှ။ အား.. ပါး….. ပါး…. ကျွန်တော်တို့ ကိုယ်ရွှေမြန်မာတွေကြောင့် ပိုပြီး စည်ကားသတဲ့လေ။ မနှစ်ကဆို မြန်မာတွေက အလှပြယဉ်တွေနဲ့ လှည့်ပြီး သင်္ကြန်ယိမ်းတွေနဲ့ မြို့အလှည့် လိုက်ပြီးကကြလေရဲ့။ ကျွန်တော်တို့ စင်္ကပူမှာရော ဘာထူးသေးတုန်း။ တိုပါးရိုးက မြန်မာဘုန်းကြီးကျောင်းမှာဆို ကြိတ်ကြိတ်တိုးပေါ့။ တစ်နှစ်ထက် တစ်နှစ်တိုးတိုးပြီး စည်ကားလာလိုက်တာ စီးပွားပျက်ကပ်ကြုံနေတဲ့ ဒီအချိန်မှာတောင် ပိုပြီးစည်ကားအောင် လုပ်ကြမတဲ့လေ။

ကမ္ဘာလှည့်ခရီးသည်တွေရဲ့ မှတ်တမ်းအရဆို ထိုင်းနိုင်ငံက သင်္ကြန်က ပျော်စရာအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံးလို့ ဆိုရပါ့မယ်။ ထိုင်းလူမျိုးတွေက သင်္ကြန်ရက်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ရေပက်ကြရုံတင်မကပါဘူး ပေါင်ဒါမှုန့်အဖြူတွေနဲ့ သုတ်ကြပါတယ်။ ပေါင်ဒါမှုန့်တွေကို ထိုင်းဘုန်းကြီးများက သာမန်လူတွေရဲ့ မျက်နှာကိုတို့ပြီး ဆုတောင်းပေးကြပါတယ်။ အခုတော့ ထိုင်းရေကစားပွဲအတွက် ထုံးစံလို ဖြစ်နေပါပြီ။ နောက်ပြီး ထိုင်းရေသဘင်ပွဲမှာ အလှမယ်တွေ ရွေးကျပါသေးတယ်။ မြို့အချစ်တော်။ မျိုးရိုးဂုဏ်ရှိတဲ့ မိန်းကလေးပဲ အလှမယ်ဘွဲ့ရကြပါတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားမှာတော့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းနေတုန်းပါပဲတဲ့။ လာအိုနဲ့ ကမ္ဘောဒီးယားရေကစားပုံက ရေခွက်ကလေးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ပက်ရင်း ကစားကြပါတယ်။ တော်တော်များကတော့ ကျွန်တော်တို့ မြန်မာတွေလိုပဲ ဘုရားကျောင်းကန်သွား အလှူအတန်းပြုကြပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားမှာတော့ နောက်ထပ်ရေကစားပွဲတော် ရှိပါသေးတယ်။ အဲဒီရေကစားပွဲတော်ကို နိုဝင်ဘာမှာ ကျင်းပတတ်ပြီး အကြီးကျယ်ဆုံးပွဲတော် သလို လှေပြိုင်ပွဲဆိုလည်း မမှားပါဘူး။

ကမ္ဘောဒီးယားကလည်း ထိုင်းတွေလို ပေါင်ဒါမှုန့်တွေ သုံးပြီး ကစားတတ်ကြသည်။
တိတ်ဆိတ်ငြိမ်သက်တဲ့ လာအိုက ရေကစားပွဲတော်

နောက်ထပ် ပျော်စရာအကောင်းဆုံးနေရာကတော့ ရှမ်းပြည်နယ်နဲ့ နယ်ချင်းထိစပ်နေတဲ့ ယူနမ်ပါပဲ။ ယူနမ်မှာတော့ ရေသဘင်ပွဲကို သုံးရက်တိတိကစားပါတယ်။ ပထမဆုံးနေ့မှာတော့ လန်ချန်ကျန်းမြစ်မှာ Dragon Boat လို့ခေါ်တဲ့ ရောင်စုံခြယ်သထားတဲ့ ၀ပ်ဝပ်ရှည်ရှည်လှေလေးတွေကို ထုတ်ပြီးလှော်ကြတယ်။ လူတော်တော်များများက ကမ်းပါးမှာ စုဝေးပြီး ကကြ၊ ခုန်ကြ၊ သီချင်းတွေဆိုကြတယ်။ ဆန်နဲ့ချက်ထားတဲ့ ၀ိုင်တွေယူလာကြပြီး လှေလှော်သားတွေကို ကမ်းကြတယ်။ ဒီလိုနဲ့ပဲ ရည်းစားတွေဘာတွေ ပထမဆုံးနေ့မှာ ရှာကြတာပေါ့။ ဒုတိယနေ့ကျတော့ ပိုပြီးခမ်းနားလာပါတယ်။ လူပျိုလူအိုအားလုံး လမ်းမပေါ်ထွက်ပြိး ရေကစားကြတယ်။ တချိုကတော့ မြစ်ကမ်းပါးမှာ သွားပြီး ကစားကြတယ်။ သူတို့ရဲ့ ဓလေ့အရ ရေအရွှဲဆုံးလူက ကံအကောင်းဆုံးလူပါတဲ့။ တတိယနေ့မှာတော့ ရေကစားရုံတင်မကတော့ပါဘူး။ ဒေါင်းအကတွေ ကကြတယ်။ ဗျောက်အိုးတွေ ဖောက်ကြတယ်။ အခုထက်ထိတော့ ယူနမ်မှာ ဒီလိုချစ်စရာလေးတွေ ရှိနေတုန်းပါပဲ။

ယူနန်မှလည်း အခုလို ရေကစားကြတယ်

ကျွန်တော်တို့ မြန်မာတွေမှာရော အခုလို ချစ်စရာ ဓလေ့လေးတွေ ကျန်ပါသေးရဲ့လား။ ရခိုင်လူမျိုးတွေရဲ့ လောင်းလှေတွေထဲ ရေထည့်ပြီး တစ်ဦးနဲ့ တစ်ဦး ကြည်စယ်ပြီး ရေကစားကြတာရော ရှိသေးရဲ့လား။ မွန်လူမျိုးတွေရဲ့ ဖယောင်းနံ့သင်းတဲ့ သင်္ကြန်ထမင်းကရော ရာမညဒေသမှာ သင်းနေသေးရဲ့လား။ တခါတလေတော့လည်း ကျွန်တော် မေးခွန်းတွေ ထုတ်မိတယ်။ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးရွှေမြို့တော်မှာလည်း ဆရာမြို့မငြိမ်းရဲ့ တူးပို့သံတွေ သိပ်မလွှမ်းတော့။ ကျွန်တော်ငယ်ငယ်တုန်းက မြို့တော်ဟောင်း ရန်ကုန်လို မီးရောင်စုံတွေကြားမှာ တလတ်လတ်တောက်ပနေတဲ့ အလှပြယဉ်တွေလည်း မရှိတော့။ အလှပြယဉ်တွေပေါ်က မဏပ်တစ်ခုနဲ့တစ်ခု အပြေးအလွှား အကပြိုင်နေကြတဲ့ ရန်ကုန်သူလေးတွေလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိ။ တစ်ချိန်က လှပစွာ ပြင်ဆင်ထားတဲ့ မဏပ်တွေ နေရာမှာ ဘီယာပုလင်းကြော်ငြာတွေ။ ဟိုဟာဒီဟာကြောငြာတွေ အစားထိုး ၀င်ရောက်နေကြပြီ။ လှပသော သင်္ကြန်။ ခမ်းနားသော သင်္ကြန်သည် အခုတော့ တိတ်ဆိတ်စွာ တစ်နေရာမှာ ချောင်ထိုးထားခံလိုက်ရလေပြီ။ သင်္ကြန်ညတွေကလည်း အရင်တုန်းကလို သာယာမြူးကြွစွာ ကခုန်မနေတော့။ ညမှောင်မှောင်မှာ စောစီးစွာ အိပ်မောတတ်သော သင်္ကြန်ကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ကျွန်တော် ချစ်မြတ်နိုးနေဦးမှာပါ။
တချိန်တုန်းက ဦးနုရယ်၊ အီဂျစ် ၀န်ကြီးရယ်၊ အိန္ဒိယ၀န်ကြီးချုပ် နေရူးရယ် ရေကစားနေပုံပါ။ ဓါတ်ပုံကို ဒီကရပါတယ်။

(သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းလူမျိုး သူငယ်ချင်းတွေ ပြောကြားချက်နဲ့အတူ www.wikimedia.com ကို ကိုးကားပါသည်။ ဓါတ်ပုံများအားလုံးကို အင်တာနက်မှ ရရှိပါသည်။)

19 ယောက်ကဒီလိုမြင်တယ်တဲ့...:

Welcome said...

တာချီလိတ်မှာ နေတုန်းက သင်္ကြန်ရက်တွင်းဆို မယ်ဆိုင် ကတစ်ဆင့် ချင်းမိုင်ထိရောက်ဖူးတယ်။ ယိုးဒယားလဲ ရေကစားကြပါတယ်။ များသောအားဖြင့် ပေါင်ဒါမှုန့်နဲ့ ဖြူးတာပါ။
နိုင်ငံတကာ သင်္ကြန်အကြောင်း သိရလို့ ကျေးဇူး။

GreenGirl said...

ပြန်ကြမယ်လေ သူငယ်ချင်း...
ဧပြီထဲကိုရောက်လာရင် စိတ်တွေက အလိုလို သင်္ကြန်ကျနေကြပြီ :)

sin dan lar said...

ကိုသပသ တော်တော်လေ့လာထားတာပဲ...
ထိုင်းမှာသင်္ကြန်ရှိတာပဲသိတာ..။ခုမှကျန်တိုင်းပြည်တွေကို သိရတော့တယ်..။

မြန်မာသင်္ကြန်ကလည်း မြန်မာပြက္ခဒိန်မယူပဲ နှစ်စဉ် April 13 မှာ သင်္ကြန်အကြိုနေ့သတ်မှတ်တာ မဟုတ်ဘူးလား....။

အောက်ဆုံးဓာတ်ပုံကတော့ တိုက်ပုံအကျီင်္ တို၊ကျပ်နေတဲ့ အီဂျစ် ၀န်ကြီးကိုကြည့်ပြိး ပြုံးမိပါကြောင်း

ဖိုးစိန် said...

ကျနော်ဆီမှာလည်းသင်္ကြန်ရှိတယ်ဗျ..
ဒါပေမယ့် ဇူလိုင်မှာ..ဒုတိယအပတ် တနလာင်္နေ့ ဆိုရေပက်ကြတယ်..ကျနော်တို့ လိုပဲ
ကစားစရာ ရေဗြွတ်လေးတွေနဲ့ ပေါ့...
တနေ့ ဆုံရင် သင်္ကြန်တူတူကဲကြမယ်လေ နော်..
စကားမစပ်
သင်္ကြန်အကြောင်းပြောတာကြော်ငြာကဝင်သေးတယ်နော်..
ဘာတဲ့..
”အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ ဗီယက်နမ်က ရည်းစားလေးကို”
အင်းပါလေ...ကြော်ငြာနိုင်ပါတယ်..ကိုယ်တိုင်ရိုက်တဲ့ရုပ်ရှင်ဆိုတော့
လုပ်ချင်တာလုပ်ကြပါ
ဟီးးဟီးး..
ခင်တဲ့
ဖိုးစိန်

Rita said...

ကြော်ငြာဝင်တဲ့ ကိစ္စပဲ ပြောမလို့ ။ သူများပြောပြီးသွားလို့ မပြောတော့ပါဘူး။ ပြီးတော့ အကြောင်းနဲ့ အကျိုး ဆက်စပ်နေလို့ ပိုပြီးမပြောတော့ပါဘူး။

ရှာရှာဖွေဖွေလေးတွေကိုတော့ စိတ်ဝင်စားပါတယ်။ နောက်လာမယ့် ရှာရှာဖွေဖွေတွေကိုလည်း စောင့်မျှော်နေပါတယ်။

(ကြော်ငြာလေးလည်း ကြုံရင် ကြုံသလို ထည့်ဖို့ မမေ့နဲ့ပေါ့။) :D

msd said...

nga kyarr.:P
thks for ur knowledge, fri.

မဆုမွန် said...

ယိုးဒယားသင်္ကြန် သုံးခါကျဖုးတယ် ချင်းမိုင်သင်္ကြန်ကို အပျော်ဆုံးပဲ ကျုံးထဲက မြောင်းရေတွေကို ပက်ပက်ပြီး ကစားရတာ..လူတွေလဲ မြောင်းထဲ ဆင်းစိမ် ပျော်စရာကောင်းမှကောင်း အကဲဆုံးကတော့ ချင်းမိုင်က ကိုရွှေမြန်မာတွေပဲ..
မျက်နှာ တည့်တည့် ပေါင်ဒါအရိုက်ခံရလို့ အသက်ရူကျပ်တာ တစ်ခုတော့ မကောင်းဘူး ဘန်ကောက်ကတော့ ငြိမ်နေတာပဲ လူတွေလဲ မရှိကြတော့ဘူးလေ..

thtepaingthu said...

ဆင်ဆင်ရေ... မြန်မာနှစ်သစ်ကူးက တခါတလေ ၁၄ရက်နေ့ ဖြစ်တတ်တယ်။ ၀ါထပ်ရင် ရက်ပိုရှည်တယ်။ မြန်မာလို နှစ်သစ်ရောက်တဲ့ အချိန်က တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ ညနေပိုင်း။ တခါတလေ ညပိုင်း။
ထူးဆန်းတာက သီရိလင်္ကာလည်း ကျွန်တော်တို့လိုပဲဗျ။

အရည်မမီတဲ့ ကိုကိုစိန်နဲ့ မမအရီးတားရေ.. ကြွားတာ မဟုတ်ပါဘူး။ လူမျိုးခြားကို ကြိုက်ရင် ကိုယ့်ဓလေ့ကို လေးစားအောင် လုပ်သင့်တယ် ထင်လို့ပါ။။ (ဟီးဟီး.. ကိုယ့်ကိုကိုယ် အမှတ်ပြည့်ပေးလိုက်တယ်)

သီဟသစ် said...

သပသရယ်
ပိုင်ပါ့ကွယ်။ ထိုင်းလောက်ပဲ သိထားတာ ကျန်တာတွေပါ သိရလို့ ကျေးဇူးပါ။

ဗီယက်နမ်မလေးကိုလည်း ကိုယ့်ဓလေ့ကို လေးစားအောင် လုပ်ပေးတဲ့ အတွက် ကြံဖန်
ဂုဏ်ယူသွားပါ၏။ (သူ့ကိုယ်သူ အဲလောက်ပြောနေမှ တော့ မကောင်းတတ်ပါဘူးလေ)

သဟသ

အန်တီချမ်း said...

ရှုင်ရေးတာ တခု ကျန်ခဲ့တယ်
ဖတ်တရား သင်္ကြန်လေ
သူက အားလုံးအပြင် ပိုသေးတာ
တနိုင်ငံလုံး က ယပလက်တွေ သွားကြလေသတည်းပေါ့
၁၈ ၁၉ မှာ
တီ လဲသွားမယ်
ဒီနှစ်
အင်း အသစ်ရတဲ့ ရည်းစားနဲ့သွားရမလား သပသ လိုပေါ့ကွယ် ခစ်ခစ်ခစ်
အမှတ်တရလေးတွေဖြစ်အောင်ပေါ့
နောင်ပိုစ့်လေးဘာလေးရေးရင် ထည့်ကြွားလို့ရအောင်လေ ခိခိ

ဟန်သစ်ငြိမ် said...

အင်း... စိတ်ဝင်စားစရာလေးတွေပဲဗျို့။ တစ်နှစ်တစ်ခေါက် ရောက်လာပြန်ပြီပေါ့လေ...။

မိုးခါး said...

ထိုင်းမှာ ရှိတာပဲသိတာ .. ခုတော့ ပြည့်စုံသွားတာပေါ့ .. နောက်လည်း ကြော်ငြာဝင်နိုင်ပါစေ .. (ကြုံရင်ကြုံသလိုပေါ့ :D)

ဖိုးသင်္ကြန် said...

အောက်ဆုံးကဓာတ်ပုံ ကြိုက်တယ်ကွာ။ တိဘတ်တွေလဲ သင်္ကြန်ရှိတယ်ဖတ်ဖူးတယ်။

ဖြိုးစကီး said...

သတိရလိုက်တာ..
ရန်ကုန်သင်္ကြန်ကို ပြန်လာမယ်ပြောထားတဲ့
UK က ချစ်သူကို...........

:P

အပြုံးပန်း said...

သင်္ကြန်ဆို ထိုင်းမှာပဲ ရှိတာလို့သိထားတာ၊ တခြားနိုင်ငံတွေမှာပါ သေချာပေါက်ရှိနေသကိုး။ ဘယ်လိုပြောပြောပါ၊ သင်္ကြန်သီချင်းတွေဟာ
မြို့မငြိမ်းသီချင်းကို လိုက်မမီသေးပါဘူးကွယ်။

ဖိုးဂျယ် said...

ဘာပဲဖြစ်ဖြစ် ထိုင်းကိုပဲ သိတာ အခုတော့ မခြားနိုင်ငံတွေပါ သိပီ
ကျေးဇူးပါ။ ကျွန်တော်က တဂ်မလို့ဆိုပီး လာရော ဒီပိုစ့်လဲတွေ့တော့ ဘာပြောရမလဲ မသိ :)

khaingzm said...

ဘန်ကောက်မှာ တော့သင်္ကြန်က လုံးဝမစည်ပါဘူး.. ခြောက်ကပ်ကပ်နဲ့ရယ် .. စည်တယ်ဆိုတဲ့ ခေါက်ဆန်လမ်းကိုသွားလိုက်တာလေ..ကိုယ်တွေသွား
တော့ ပေါင်ဒါမှုန့်တွေဖွေးနေတဲ့ လမ်းကို စည်ပင်သာယာက သန့်ရှင်းရေးတောင် လာလုပ်နေပါရောလား.. ကံဆိုးချက်..ဟီဟီ

Anonymous said...

yup. almost all of of the foreingners know only about songkran :(.i don't know why! thanks for your sharing

ကောင်လေး said...

ညီလည်း သင်္ကြန်ပြန်ချင်လိုက်တာ..။ ဟုတ်တယ် နော် မြန်မာပြည်က သင်္ကြန်ကို ကျတော့ ဘာလို့ သူတို့မသိကြတာလည်း ..။အရမ်းကို စိတ်မကောင်းစရာဘဲ..။ အစ်ကိုပြောသလို အလှပြယာဉ်ဆိုတာ အမှန်တိုင်းပြောရရင် ရုပ်ရှင်ထဲမှာဘဲ မြင်ဘူးတယ်..။အကုန်ပျောက်ကွယ်ကုန်ပြီနော်..။ နှမြောစရာဘဲအစ်ကိုရာ..။