March 21, 2009

လူနှင့်သင်္ကေတ

(သူငယ်ချင်းတစ်ယောက်က Lasalle_Sia နဲ့ ပါတ်သက်တဲ့ ကျွန်တော့်ရဲ့ ပို့စ်တွေဖတ်ပြီး ကျောင်းမှာ ဘာတွေသင်လည်း ဆိုတာ မေးလာပါတယ်။ သူ့ရဲ့ မေးခွန်းကို ဖြေပေးရင်း နန်းညီတို့လို အနုပညာကို သင်ယူနေဆဲ မျိုးဆက်သစ်လေးတွေအတွက်လည်း အထောက်အကူရအောင် ကျွန်တော်သိသမျှလေး ဖေါက်သည်ချမယ်လို့ စိတ်ကူးမိပါတယ်။ ကျွန်တော် Interior Design နဲ့ကျောင်းပြီးခဲ့ပါတယ်။ ပထမဆုံးနှစ်က ရောမွှေနှစ်ပါ။ ပန်းချီပန်းပု၊ Graphic, Interior, Fashion Design၊ ရုပ်ရှင်ရိုက်နည်း၊ ဇာတ်ညွှန်းရေးသားနည်း၊ ရုပ်ရှင်တည်းဖြတ်နည်း၊ ကာတွန်းရုပ်ရှင် စတာတွေ အကုန်လုပ်ရပါတယ်။ အပေါ်ယံတွေ တစ်ခုမှ မပါပါဘူး။ တကယ်လုပ်ခဲ့ရတယ်။ ကျောင်းသွားဖို့ ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ လမ်းလျှောက်သွားခဲ့ရသလို၊ Project လုပ်စရာ ပိုက်ဆံမရှိတော့လို့ ထိုင်လည်းငိုခဲ့ရဘူးပါတယ်။ စုစုပေါင်း ၃နှစ်တက်ခဲ့ရပြီး နောက်ဆုံး၂နှစ်မှာတော့ Interior Design သီးသန့်သင်ရတာပါ။ တကယ်လို့ စိတ်ဝင်စားတဲ့သူများမယ်။ လာပြီး ဆွေးနွေးကြရင်တော့ ရေးရတာ ပိုပြီးအားတက်မိမှာပါ။ )

လူတွေဟာ တစ်နေ့တာ လှုပ်ရှားမှုတွေကို သင်္ကေတတွေနဲ့ စကြမယ်ဆိုရင် ယုံမလား။ လူတွေအားလုံးက သင်္ကေတတွေကို နေ့တိုင်းသုံးနေကြပေမယ့် အဲဒီ့ သင်္ကေတတွေကို သတိမထားမိဘူး။ မေ့နေတတ်ကြသည်။ မွေးခါစ ကလေးတစ်ယောက်ကို အပြာရောင်၊ ပန်းရောင်တွေနဲ့ ယောက်ျားလေးလား မိန်းကလေးလား ဆိုပြီး ခွဲခြားထားသလို၊ သေဆုံးတဲ့ အချိန်မှာလည်း အဖြူရောင်၊ အနက်ရောင်တွေ ၀တ်ပြီး ၀မ်းနည်းပူဆွေးကြောင်း သင်္ကေတတွေ ပြတတ်ကြပါ၏။

တကယ်တော့ သင်္ကေတဆိုတာ အနုပညာဖန်တီးမှုတစ်ခုပါ။ လူတွေတော်တော်များများက စားဝတ်နေရေး အဆင်မပြေတာကို အကြောင်းပြပြီး အနုပညာဆိုတာ ငါတို့နဲ့ဝေးပါတယ်။ အနုပညာဆိုတာ ပိုက်ဆံရှိ လူတန်းစားတွေရဲ့ ဇိမ်ခံဖျော်ဖြေမှုသက်သက်ပါပဲလို့ အကြောင်းပြပြီး မသိသလိုနေတတ်ကြသည်။ အဲဒါမှား၏။ အနုပညာဆိုတာ လူနေမှုအဆင့်အတန်းနဲ့ လူတစ်ယောက်ရဲ့ အကျင့်လက္ခဏာာကို ဆုံးဖြတ်ပေးပါသည်။ နောက်ပြီးလူတွေက တိရိစ္ဆာန်တွေထက်သာတဲ့အချက်တစ်ချက်က တွေးခေါ်ဖန်တီးမှု အနုပညာဆိုတာလည်း တစ်ခုအပါအ၀င်ပါ။ ဒါ့ကြောင့်မို့ အနုပညာဆိုတာ လူတိုင်းနဲ့ မဆိုင်ဘူးလို့ မပြောသင့်ပါဘူး။ လူတိုင်း အနုပညာမဖန်တီးတတ်ပေမယ့်၊ လူတိုင်းတော့ အနုပညာ ခံစားတတ်ကြပါသည်။ တစ်နေ့တာ လူတွေရဲ့ လှုပ်ရှားမှုတွေမှာ သင်္ကေတအများစုက အနုပညာဆန်စွာ ပါဝင်လေ့ရှိသည်။ လူတွေအထိအတွေ့များတဲ့ သင်္ကေတတွေကိုတော့ လှသထက်လှအောင်၊ စိတ်ဝင်စားသည်ထက် စိတ်ဝင်စားအောင် ဖန်တီးလာကြသည်။ ဥပမာ အများသုံး အိမ်သာ သင်္ကေတတွေပေါ့ဗျာ။


ကမ္ဘာအရပ်ရပ်မှာ အိမ်သာလို့ ပြောလိုက်ရင် မျက်လုံးထဲမှာ အနက်ရောင် ယောက်ျားလေးနဲ့ မိန်းကလေး အရိပ်ပုံကို အားလုံးက ပြေးမြင်ကြမယ်လို့ ထင်ပါတယ်။ အဲဒီသင်္ကေတက ကမ္ဘာပေါ်မှာ အားအပြင်းဆုံးနဲ့ အရေးအပါဆုံးသင်္ကေတလို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ သင်္ကေတမှားသုံးမိရင် ဘာဖြစ်နိုင်မလဲ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေတော့ဗျာ။

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်က ရန်ကုန်မှာ ICT Park စဖွင့်ကာစ၊ ကျွန်တော်ခေါင်းဆောင်တဲ့ သူငယ်ချင်းတစ်သိုက် ဝေးလားဝါးလားနဲ့ ရောက်သွားခဲ့ဖူးသည်။ အဲဒီအချိန်တုန်းက အဆောက်အဦးကြီးက အသစ်မို့လို့ အများသုံးအိမ်သာတွေမှာ ဘာသင်္ကေတမှ မကပ်ရသေးပါဘူး။ “ကျား”၊ “မ” ဆိုပြီး စက္ကူပေါ်မှာ စာရေးထားပြီး တံခါးဝမှာ ကပ်ထားသည်။ ရွှေဥာဏ်တော်စူးရှတဲ့ ကျွန်တော်တို့အဖွဲ့တွေက ဘာလုပ်တယ်မှတ်လဲ။ စာရွက်ချင်း ချိန်းပစ်တာပေါ့။ ပြီးတော့ ချောင်တစ်ခုကနေ ဘာဖြစ်မလဲ ချောင်းကြည့်ကြတယ်လေ။ မကြာပါဘူး။ ၀န်ထမ်းတစ်ယောက်ရောက်လာပြီး သူတက်နေကျ ယောက်ျားလေးအိမ်သာထဲကို မသိစိတ်နဲ့ ၀င်ဖို့လုပ်၏။ ဒါပေမယ့် သူ့ရဲ့သိစိတ်က “မ”ဆိုတဲ့ တံခါးဝကစာကို မြင်သွားပြီး၊ နှစ်စက္ကန့်လောက်ရပ်၊ ခေါင်းကုတ်ပြီး “ကျား”ဆိုပြီးရေးထားတဲ့ “မ”အိမ်သာထဲ ၀င်သွားတယ်။ ပြီးလည်း ပြီးရော မိန်းမတစ်ယောက်ရဲ့ အမလေးဆိုတဲ့ အော်သံကို ကြားရရော။ တော်တော်ဆိုးတဲ့ ကျွန်တော်ပဲနော်။

ဒီလိုပါပဲ။ လူတွေက သင်္ကေတတွေကို ဘယ်လိုမှလွန်ဆန်လို့မရကြဘူး။ ကားမောင်းသမားတစ်ယောက်က မီးနီကိုဖြတ်ပြီး မမောင်းရသလို။ လူတွေကလည်း မီစိမ်းမြင်မှ ဖြတ်ကူးတတ်ကြသည်။ တကယ်တော့ လူတွေက သင်္ကေတတွေကို ဖန်တီးပြီး၊ အဖန်တီးခံရတဲ့ သင်္ကေတတွေကပဲ လူတွေကို ပြန်ပြီးအနိုင်ယူသွားတတ်ကြသည်။

နောက်ပြီးနှင်းဆီပန်းဆိုတာလည်း ရှိသေးသည်။ ပန်းဆိုတာ မြန်မာမိန်းကလေးတွေ အမြတ်တနိုးထားတတ်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့အမေ၊ ကိုယ့်ရဲ့ဆရာမတွေကို ကျွန်တော်တို့ငယ်ငယ်တုန်းက ပန်းပေးပြီး တီတီတာတာလုပ်ခဲ့ဖူးပါသည်။ ဒါပေမယ့် အဲဒီပန်းတစ်ပွင့်ကိုပဲ ကိုယ်နဲ့ရွယ်တူမိန်းကလေးတစ်ယောက်ကို ပေးကြည့်လိုက်။ ဘယ်လိုနေမလဲ။ တကယ်လို့သာ အဲဒီပန်းလေးက နှင်းဆီပန်းသာ ဖြစ်နေရင်ရော။ နှင်းဆီဆိုတာ အချစ်ရဲ့ သင်္ကေတဆိုတာ လူတိုင်းကြားဖူးမှာပါ။ မြန်မာပြည်မှာ မိန်းကလေးတစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့်သာပေးမိရင်တော့ ရှင်းလို့မရတဲ့ ပြဿနာလို့သာ မှတ်လိုက်ပေတော့။ ကျွန်တော်တို့ မြန်မာတွေလိုပဲ ပြင်သစ်လူမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။

ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တုန်းက Semiotics ဆိုပြီး သင်္ကေတတွေအကြောင်း သင်ရ၏။ Semiotics ဆိုတာ သင်္ကေတတွေသုံးပြီး လူမှုဆက်သွယ်ရေးဆိုတာတွေပါဝင်ပါသည်။ ပထမတော့ အဲဒီသဘောတရားကို နားမလည်ခဲ့။ ကျွန်တော်တို့ ဆရာက နောက်ဆုံးသင်ခန်းစာနေ့မှာ ကျောင်းမှာ ကျောင်းသားတွေအားလုံးကို ရုပ်ရှင်တစ်ကားးပြပြီး ရှင်းပြမှသာ နားလည်ခဲ့ရသည်။ ပြင်သစ်ရုပ်ရှင်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားနာမည်က He loves me, He loves me notတဲ့။ အလွန်ကျော်ကြားအောင်မြင်တဲ့ ဆရာဝန်လူငယ် တစ်ယောက်က အိမ်နီးချင်းမိန်းကလေးတစ်ယောက်ကို နှင်းဆီပန်း လက်ဆောင်မှားပြီး ပေးမိလိုက်ရာမှ မထင်မှတ်ပဲ မိန်းကလေးဘက်မှ တစ်ဖက်သတ် မြတ်နိုးတွယ်တာမိသွားတဲ့ ဇာတ်လမ်းလေးပါ။ တကယ်တော့ အချစ်ဆိုတာ ကိုယ့်ဘက်ကတွေးရင် အမြဲမှန်တယ်လို့ ထင်နေရတတ်ပြီး တခြားတစ်ဘက်မှာတော့ ကိုယ်တွေးသလို ဟုတ်ချင်မှဟုတ်နေတတ်ပါသည်။



သင်္ကေတတွေက ရုပ်ရှင်တွေမှာ ပါတတ်ရုံသာမကသေးပါဘူး။ ပန်းချီသုခုမ အနုပညာတွေမှာလည်း ပါတတ်ပါသေးသည်။ သင်္ကေတတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေမှာတော့ မိုနာလီဇာက ပိုပြီးနာမည်ကြီးပါ၏။ လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာက ဘာသာရေးပန်းချီကားထက် ပုံတူပန်းချီကားထက်ပိုလိမ့်မယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းခဲ့ကြသည်။ နောက်ပြီး ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ။ အဲဒီအချိန်တုန်းက ပန်းချီကားထဲက အမျိုးသမီးက အားလုံးရဲ့ စံပြုစရာလား။ ဒါမှမဟုတ်ရင် ယောကျာ်းချင်း စိတ်ဝင်စားတတ်တဲ့ လီယိုနာဒိုက သူ့ရဲ့ ပုံတူကိုပဲ အမျိုးသမီးတစ်ယောက်ပမာ ရေးဆွဲခဲ့တာလား။ သေချာတာတစ်ခုကတော့ သင်္ကေတတွေ ပြည့်နေတဲ့ ပန်းချီကားထဲက အမျိုးသမီး ဘယ်သူဘယ်ဝါမှန်း မသိကြသေးတဲ့ အချက်ပါပဲ။

ထင်ရှားတဲ့ မိုနာလီဇာအပြုံးနဲ့ ဖန်တီးသူ လီယိုနာဒိုဒါဗင်ချီ။ သူတို့နှစ်ယောက်ရဲ့ ပုံတူက သေသေချာချာကြည့်ရင် တော်တော်ဆင်ပါသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးရိုးကျပုံကအစပေါ့။

တစ်ခါတစ်ရံ ပန်းချီကားတစ်ချက်က စိတ်အပင်ပန်းဖြေ ပန်းချီကားတစ်ချပ်ထကလည်းပိုသေး၏။ ပန်းချီကားထဲမှာ နိုင်ငံရေးတွေ၊ ဘာသာရေးတွေ ပါလာတတ်သလို ပုဂ္ဂလိက ခံစားချက်တွေလည်း ပါလာတတ်ကြသေးသည်။ မက္ကဆီကို ပန်းချီဆရာမ ဖရီဒါကာလိုဆိုရင် မညီညာတဲ့ သူမရဲ့ အိမ်ထောင်ရေး၊ ခါးအောက်ပိုင်းသေနေလို့ မချိမဆန့်ခံစားရတဲ့ ဝေဒနာ၊ အဲဒါတွေအားလုံးကို သူမရဲ့ ပန်းချီကားတွေက တစ်ဆင့် ပြောပြခဲ့သည်။



ဖရီဒါကာလိုရဲ့ ပုံတူပန်းချီကား များ၊ ပထမပုံက ကားမှောက်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ကိုယ်တစ်ပိုင်းသေပြီး ပြင်းထန်စွာနာကျင်မှုကို ခနာကိုယ်မှာ သံတွေရိုက်ပြီး ဖော်ညွှန်းခဲ့၏။ ဒုတိယမှာတော့ မဝေးလွန်းတဲ့ သေချင်းတရားကို သိနေတယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးနှစ်လုံးကြားမှာ အရိုးကောင်းနဲ့ သင်္ကေတလေးပြထားတဲ့ပုံ။

တကယ်တမ်းကြတော့ သင်္ကေတဆိုတာ တန်ဖိုးမဖျက်နိုင်တဲ့ အနုပညာရပ်တွေပါ။ စာစကား မပေါ်ခင်ကတည်းက လူတွေက အင်္ကေတတွေနဲ့ ဆက်သွယ် စကားပြောခဲ့၏။ အဲဒါကြောင့်မို့လို့ ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အဆင့်အတန်းမြင့်မားတဲ့ အနုပညာရပ်တွေ ရှိသလို၊ ရှုတ်ထွေးတဲ့ သင်္ကေတတွေ ရှိတတ်ကြပါသည်။ အဲဒါဆိုရင် ကျွန်တော်တို့ မြန်မာ့အဖွဲ့ အစည်းမှာရော ဘယ်လို သင်္ကေတတွေ သုံးနေတတ်ကြပြီလဲ။ သတိထားပြီး လေ့လာသင့်ပြီလို့ထင်ပါသည်။

ကိုးကား။
- History of Art by Anthony F. Janson
- Art Theory ( school note from Lasalle-Sia)
- Frida (2002, Film)
- He loves me, he loves me not (2003, film)
- http://en.wikipedia.org/wiki/Frida_Kahlo
- http://en.wikipedia.org/wiki/Semiotics
- http://www.monalisamania.com/
- http://en.wikipedia.org/wiki/Art_history

16 ယောက်ကဒီလိုမြင်တယ်တဲ့...:

GreenGirl said...

တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ...

ဘုန်းမြင့်သူ said...

လေ့လာသွားတယ်။ တော်တော်လေးလည်း ဗဟုသုတ ရတယ်။ ဒီသင်္ကေတလေးနဲ့ ကျွန်တော်တော့ အခု အိပ်ပီ (-.- )
Zzzzzz.

သီဟသစ် said...

သက်ပိုင်သူရေ
စာလေးတွေ စနစ်တကျ ရေးထားတာ ကောင်းလိုက်တာ။ စိတ်ဝင်စားစရာလည်းကောင်းတယ်။

ကိုယ်ဝါသနာပါတဲ့ ပညာရပ်နဲ့ ဘ၀ခရီးလမ်းကို အောင်မြင်ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေဗျာ

အန်တီချမ်း said...

သပသ ရေးတာကောင်း
စကားပြေ စကားပြောလေးတွေရောရေးသွားပုံက မိုက်တယ်
လှ တယ်
ဖရီဒါခါလို ပို့တွေအများကြီးရှိတယ်
ကြိုက်ရင်ပို့ပေးမယ်
လာပြော

အောင်သာငယ် said...

ကိုသက် ဖရီဒါ ပန်းချီတွေ အတော် ကြိုက်ပုံရတယ်... တခြား ဆာရီယယ်ဆရာတွေရော မကြိုက်ဘူးလား...

သက်ပိုင်သူ said...

ကိုသာငယ်ရေ..
ကျွန်တော်က ဆာရီရယ် ပန်းချီဆရာတော်တော်များများရဲ့ ပန်းချီတွေကို ကြိုက်ပါတယ်။ ပထမတော့ ဖရီဒါရဲ့ ပန်းချီတွေကို မကြိုက်ဘူး။ ဖရီဒါရဲ့ ပန်းချီတွေမှာ သေခြင်းတရားတွေ၊ သစ္စာအမြဲတမ်းဖောက်တဲ့ သူမရဲ့ ချစ်သူအကြောင်းတွေ၊ အိပ်ရာထဲမှာ လဲလျောင်းရင်း နာကျင်တဲ့ ဝေဒနာတွေနဲ့ ပြည့်နေတော့ သူမရဲ့ ပန်းချီကားတွေက မြန်မာပြည်က ဘုရားဆောင်းတန်းတွေမှာ ရှိတဲ့ ငရဲခန်းပန်းချီကားတွေလိုပဲ ကြောက်စရာကောင်းတယ်။ နောက်တော့ သူမရဲ့အကြောင်းကို သိသွားတော့မှ သူ့ပန်းချီကားတွေထဲက ခံစားမှုတွေကို နားလည်ခံစားလိုက်ရတယ်။ အဲဒီ့အခါကျတော့ ဖရီဒါ့ပန်းချီကားတွေမှာ ဖရီဒါ ဘာပြောချင်တာလဲ လိုက်ကြည့်ရင်းနဲ့ ကျွန်တော်ကြိုက်သွားတာ။

တီချမ်းရေ
ဖရီဒါအကြောင်းရေးထားတာတွေရှိရင် ပို့ပေး ဖတ်ချင်တယ်

ဖိုးသင်္ကြန် said...

ငါလဲ ဒီပန်းချီဆရာမ အကြောင်း ရုပ်ရှင်ကြည့်ဖူးတယ်။ ဆမာသာ ဟေးရပ် သရုပ်ဆောင်ထားတာ၊ အန်တိုနီရို ဘန်ဒရပ်စ်နဲ့။
ထုံးစံအတိုင်းပေါ့ ၊ ရုပ်ရှင်ရိုက်တော့ ပျက်တာပါပဲ။
Semiotics ဆိုတာ အနုပညာတော်တော်များများမှာ သက်ရောက်မှုရှိနေတယ်။ ဒါပေမယ့် လူတော်တော်များများက ဘာသာစကားတွေမှာ သုံးတဲ့Medium နဲ့ semiotics မှာသုံးတဲ့ code တွေကို ရောထွေးနေကြတယ်။ မင်းပဲ ဆက်ရှင်းပြလိုက်ပါကွာ။

(မသိမသာ ဆရာကြီးလုပ်ပြီး ချောက်တွန်းသွားသည်။)
:P

ဖိုးဂျယ် said...

လေ့လာသွားပါတယ်။

မီယာ said...

ဖတ်လို့ကောင်းလိုက်တာ... အမတို့က လျှောက်လည်ရင် ပြတိုက်တော့ ၀င်လိုက်တယ်... ဒါပေမယ့် ဒီအကြောင်းတွေ မသိ နားမလည်တော့ တခုခု လိုနေသလိုပဲ... ကျွဲပါးစောင်းတီးသလိုပေါ့။ မြန်မာစာ မတတ်တဲ့ ညီမငယ်တယောက် ရန်ကုန်ပြန်လာတော့ မိသားစု လျှောက်လည်ကြရင်း တရက်မှာ အိမ်သာတွေ့တယ်ဆိုပြီး ယောကျာ်းလေးဘက် ၀င်သွားလို့ အမတို့က ဟဲ့ ကျားလို့ ရေးထားတာ မတွေ့ဘူးလားလို့ မေ့ပြီး ဆူလိုက်မိတယ်။ သင်္ကေတဆိုရင်တော့ သူသိမှာပေါ့နော်။

myo said...

စိတ်ဝင်စားပါတယ်..နောက်ထပ်လည်း ဆက်ရေးပါဦး..ပန်းချီကားတွေကိုလည်း စိတ်ဝင်စားတယ် သိပ်ပြီးနက်နက်ရှိုင်းရှိုင်းတော့ မစဉ်းစားတတ်ဘူး..

Phyo Maw said...

:D
သဘောကျ၏။ ထပ်ရေးမယ်ဆိုလျှင် ရေးပါ အားပေး၏။

Anonymous said...

အခုမှသေချာလာဖတ်ဖြစ်သွားတာပါ။ အန်တီကွန်ကတဆင့် အရင်က သိုင်းလောကဇာတ်လမ်းတွဲတွေကိုပဲ ဝင်ဖတ်ဖြစ်လိုက်တာ။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဘလောဂ့်ပါပဲ။ ဂူဂယ်ဖတ်စာနဲ့ ယူထားလိုက်ပါ့မယ်။


ခပ်မြင့်မြင့်

ကိုရင်နော်ခင်လေးယ် said...

စိတ်ဝင်စားဖို့ကောင်းတယ်..

sin dan lar said...

သေချာဖတ်သွားပါတယ်.. ဆွေးနွေးဖို့ရာမတတ်လို့ ဖတ်ရုံဖတ်သွားပါ၏

မြတ်ဘုန်းမို said...

အများကြီးလေ့လာပြီးမှ ရေးထားတာပဲ။ လေးစားတယ်ဗျာ။ အရေးအသားမှာ စကားပြောသလိုဖြစ်လိုက် စကားပြေလို ဖြစ်လိုက် ။ အဲလိုဖြစ်နေသလားလို့ ။ စေတနာနဲ့ပြောတာနော်။ အကြောင်းအရာ တင်ပြပုံ အရမ်းကောင်းတယ်။ ကျွန်တော် အဲလို မရေးတတ်ဘူး။

သက်ပိုင်သူ said...

ဟုတ်တယ်အကိုရေ.. အရေးအသားမနိုင်သေးဘူး... တခါတလေလည်း သတ်ပုံတွေမှားနေသေးတယ်။ နောက်ဆိုသေချာရေးမှပဲ