October 20, 2009

မြန်မာဆန်သော ပါယန်နမ်ခမ်းလူမျိုးများ


မြန်မာမလေးတွေလား။
မဟုတ်ကြပါ။

သူတို့လေးတွေက မြန်မာမလေးတွေ မဟုတ်ကြပါ။


ကျွန်တော်သူတို့ကို ပထမဦးဆုံးတွေ့စဉ်က ရှေးမြန်မာအမျိုးသမီးတွေလို ခါးရှည်အင်္ကျီလေးဝတ်ထားပြီး ပါတိတ်ထဘီအရောင်ဆန်းဆန်းလေးနဲ့ ယဉ်ယဉ်လေးလှနေတာကို မြင်တော့ မြန်မာမလေးများလားလို့ ထင်ခဲ့မိသေးသည်။ နောက်တော့မှ ပါးမှာ သနပ်ခါးမပါတော့မှ မြန်မာမလေးမဟုတ်မှန်းသိတော့သည်။ သူတို့ကို ပါယန်နမ်ခမ်း (Peranankan) လူမျိုးများဟု ခေါ်ကြသည်။

ပါယန်နမ်ခမ်းလူမျိုးများမှာ များသောအားဖြင့် မလေးရှား၊ အင်ဒိုနီးရှားမှ တရုတ်လူမျိုးများ ဖြစ်ကြ၏။ အဓိကအားဖြင့် ပါယန်နမ်ခမ်းတရုတ်လူမျိုးများသည် တရုတ်ပြည်မကြီးမှ ဆင်းသက်လာကြသည်ဟု ယူဆကြသည်။ တရုတ်ပါယန်နမ်ခမ်းအပြင် အိန္ဒိယ ဟိန္ဒူလူမျိုး ချစ်တီးပါယန်နမ်ခမ်း၊ အိန္ဒိယ ဂျဝီပီကမ်းပါယန်နမ်ခမ်း၊ ဘိုကပြား ခရစ်စ်တန်ပါယန်နမ်ခမ်းတို့လည်း ရှိကြပါသေးသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်တွင် လာရောက်နေထိုင်ကြသော ကုလားလူမျိုးများမှာ ချစ်တီးပါယန်နမ်ခမ်းများပင် ဖြစ်သည်။

ပါယန်နမ်ခမ်းယဉ်ကျေးမှုမှာ မြန်မာလူမျိုးတွေရဲ့ လွှမ်းမိုးမှု ရှိကြောင်း စကာင်္ပူက ပါယန်နမ်ခမ်းပြတိုက်မှာ ထိုသို့ရေးထားပါတယ်

ပါယန်နမ်ခမ်းဆိုသည်မှာ ယဉ်ကျေးမှု တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသော လူမျိုးများဖြစ်သည်။ တရုတ်ပါယန်နမ်ခမ်းများကို ဘာဘာ၊ ညွန်ည(Baba-Nyonya) လို့ ခေါ်ပြီး မလက္ကာရေလက်ကြားမှာ နေထိုင်ကြပါသည်။ ထိုပါယန်နမ်ခမ်းများသည် များသောအားဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကြပြီး ဒေသခံယဉ်ကျေးမှုများကိုလည်း ကိုယ့်ယဉ်ကျေးမှုဖြစ်အောင် ပြုပြင်မွမ်းမံယူကြသည်။ မလက္ကာရေလက်ကြားမှ ပါယန်နမ်ခမ်းလူမျိုးများသည် မလေးလူမျိုးများ၏ အစားအစာ၊ အ၀တ်အစား၊ ဘာသာစကားတို့ကို မိမိကိုယ်ပိုင်အဖြစ်ဖန်တီးယူကြ၍ လက်ရှိတရုတ်ရိုးရာယဉ်ကျေးမှုတို့ကို ထိန်းသိမ်းကြပါသေးသည်။ သို့သော်လည်း ပါယန်နမ်ခမ်းအများစုမှာ တရုတ်စကားမတတ်ကြတော့ပါ။

မလက္ကာရေလက်ကြားမှ ပါယန်နမ်ခမ်းလူမျိုးများတွင် အမျိုးသားများကို ဘာဘားလို့ခေါ်ကြပြီး၊ အမျိုးသမီးများကို ညွန်ညလို့ခေါ်ကြသည်။ သူတို့သည် Shophouse လို့ ခေါ်သော နံရံချင်းဆက် တိုက်အိမ်များတွင် နေကြသည်။ ဘာဘားတို့သည် အိမ်ထောင်ဦးစီးများဖြစ်ကြပြီး အိမ်၏စီးပွားရေးကို တာဝန်ယူကြရသည်။ ဘာဘားတို့ စီးပွားရေးလုပ်ငန်းကို တာဝန်ယူနေကြချိန်မှာ ကျန်နေခဲ့တဲ့အမျိုးသမီးတွေက အိမ်ထောင်တာဝန်ကို ယူကြရသည်။ ညွန်ညအမျိုးသမီးတွေဘ၀က မြန်မာအမျိုးသမီးတွေဘ၀နှင့် ခပ်ဆင်ဆင် တူပါသည်။ ငယ်စဉ်ကတည်းက ဗိုင်းကောင်းကျောက်ဖိနေကြရပါသည်။ ထိုသို့ မနေပါက အချိန်တန်လူလားမြောက်တဲ့ အချိန်မှာ အိမ်ထောင်ကျဖို့ မလွယ်ပေ။ တစ်ခုပဲ မြန်မာအမျိုးသမီးတွေနဲ့ ကွာသည်။ မြန်မာအမျိုးသမီးတွေက အိမ်ထောင်ကျပြီးလျင် ယောက်ျားအိမ်မှာ နေချင်ရင်နေ၊ မနေချင်လျင်တော့ ကိုယ့်မိဘအိမ်ပြန်ခွင့်ရှိသေးသည်။ ညွန်ညအမျိုးသမီးတွေကတော့ ထိုသို့မဟုတ်။ သေတပန်သက်တဆုံး ယောက္ခမအိမ်မှာနေသွားကြရသည်။ ထို့ကြောင့်ညွန်ညအမျိုးသမီးတို့သည် မိမိရောက်ရာအိမ်တွင် အာဏာထက်ရေးအတွက် ရုန်းကန်ကြရသည်။

ပါယန်နမ်ခမ်းယဉ်ကျေးမှုတွင် ဘာဘားထက် ညွန်ညများက ပိုပြီင်္းစိတ်ဝင်စားစရာကောင်းသည်။ ရှေးယခင်က ညွန်ညအမျိုးသမီးတို့သည် အိမ်မှုထိန်းသိမ်းရေသာမက လက်မှုပညာတို့ပါသင်ကြရသည်။ ယောက်ျားလေးရှင်ဘက်က မိန်းကလေးတစ်ယောက်ကို ချွေးမအဖြစ်ရွေးကြတော့မည်ဆိုလျှင် လက်မှုအတတ်ပညာကိုပါ မပါမနေရွေးချယ်ကြရသည်။ ထို့အပြင် ပါယန်နမ်ခမ်းလူမျိုးအချင်းချင်းသာ အိမ်ထောင်ပြုကြရသည်။ ရှေးယခင်က ချွေးမရွေးတော့မည်ဆိုလျှင် ချွေးမလောင်းသည် ယောက္ခမလောင်းနှင့် ခဏတာနေရသည်။ ထိုအချိန်တွင် သားရှင်ဘက်က မိန်းကလေးရှင်ဘက်ကို အမျိုးမျိုးစမ်းသပ်တော့သည်။ ထိုစမ်းသပ်မှုများတွင် အချက်အပြုတ်၊ အချုပ်အလုပ်က အဓိကကျသည်။

ညွန်ညမိန်းမပျိုတစ်ဦး ငရုတ်သီးထောင်းနေပုံ (The Little Nyonya drma series)

အချက်အပြုတ်ဆိုရာဝယ် ညွန်ညတို့သည် ပါယန်နမ်ခမ်းအစားအစာကို အရသာအဟာရ မျှတအောင်ချက်တတ်ရသည်။ မြန်မာမိန်းကလေးတို့ ငရုတ်သီးညက်မညက် ထောင်းနိုင်တာကို ကြည့်ပြီး မိန်းကလေးပီသ၊ မပီသ ကြည့်ပြီးဆုံးဖြတ်ကြသကဲ့သို့ ညွန်ညမိန်းကလေးတို့ကိုလည်း ငရုတ်သီး လေးစိတ်ကွဲမကွဲ ဆုံးဖြတ်ကြရသည်။ ညွန်ညဟင်းအရသာသည် မလေးနှင့် တရုတ်ရောထားလို့လားမသိ။ အချင်အငံအစပ် တည့်လှသည်။ တချို့ ဟင်းလျာနှင့် အချိုပွဲများမှာ မြန်မာတို့နှင့် အတော့်ကိုတူလှပါသည်။

ညွန်ညမိန်းမပျိုလေး ဖန်သီးလေးများသီနေပုံ

အချုပ်အလုပ်ဆိုရာဝယ် ရှေးအခါက ညွန်ညမိန်းမပျိုတို့သည် မိမိအင်္ကျီ၊ မိမိဖိနပ် ကိုယ့်ဘာသာချုပ်ဝတ်ကြရသည်။ မြန်မာမိန်းကလေးတို့သည် မိမိတို့ဝတ်မယ့် အင်္ကျီကို ဘော်ကြယ်၊ ပန်းတွေထိုးရသကဲ့သို့ ညွန်ညတို့ကလည်း ရောင်စုံဖန်သီးလေးများဖြင့် တန်ဆာဆင်ကြရသည်။ ညွန်ညတို့၏ ဖန်သီးလေးများထိုးပြီး ဒီဇိုင်းဖော်ထားသော ဖန်စီဖိနပ်နဲ့ အိမ်သုံးပစ္စည်းများမှာ ထိုခေတ်ထိုအချိန်က အလွန်ပဲနာမည်ကြီးသည်။ ကိုယ်လိုချင်သလောက် ပိတ်စပမာဏကို တင်းနေအောင် သစ်သားဘောင်နဲ့ ညှပ်ပြီး၊ ပိတ်စပေါ်တွင် ခပ်ရေးရေးပုံဆွဲသည်။ ကိုလိုချင်တဲ့ ပုံပေါ်မှာ ဖန်ဖြင့်လုပ်ထားသော အလွန်သေးငယ်တဲ့ သာကူစိလိုအသီးလေးများကို တစ်ခုချင်းစီ အပ်ချည်ကြိုးနဲ့သီရသည်။ ဖန်သီးတစ်ခုနှင့် တစ်ခုနဲ့မခွာပဲ စိပ်နေအောင် သီရသည်။ လက်ရာကောင်းကောင်းရရန်အတွက် အဓိကစိတ်ရှည်ရသည်။ ကျင့်သားရှိရသည်။ ထို့ကြောင့် ထိုမိန်းကလေးစိတ်ရှည်၊မရှည်ကို ထိုမိန်းကလေးသီထားသော ဖန်စီလက်မှုထည်များကိုကြည့်ပြီး သားရှင်ဘက်က ဆုံးဖြတ်ကြခြင်းဖြစ်သည်။

Kebaya ၀တ်ဆင်ထားသော The Little nyonnyaမှ မင်းသမီးနှင့် စင်္ကာပူလေကြောင်း လေယာဉ်မယ်များ







ညွန်ညအမျိုးသမီးများရဲ့ ၀တ်စားဆင်ယဉ်မှုကလည်း မြန်မာမိန်းကလေးတွေနဲ့ အတော့်ကို တူပါသည်။ သူတို့၏အ၀တ်အစားကို ကီဘာယ Kebaya လို့ခေါ်ပြီး ပန်းဖောက်ထားသော အင်္ကျီကို ပါတိတ်ထဘီနဲ့ တွဲဝတ်ကြသည်။ သူတို့၏ အင်္ကျီများမှာ အလွန်ပင်စိတ်ဝင်စားစရာ ကောင်းလှသည်။ ပန်းဖောက်ထားသော အင်္ကျီတစ်ဖက်ခြမ်းသည် တခြားတစ်ဖက်ခြမ်းမှာရှိသော ပန်းခက်ပန်းနွယ်တို့နဲ့ တထေရာတည်း တူညီရသည်။ လက်အတိုအရှည်ကလည်း အချိုးအစားညီရသည်။ ၀တ်ထားသော အင်္ကျီမှာ ဘက်မျှနေမှ မိန်းကလေး၏ စိတ်နေစိတ်ထားမှာ တည်တည်ငြိမ်ငြိမ်နဲ့ သာတူညီမျှရှိသည်ဟု ယူဆကြသည်။



ညွန်ညမိန်းမပျိုတို့၏ ၀တ်စားဆင်ယဉ်မှုတို့တွင် နောက်ထပ် ထူးခြားချက်မှာ ရောင်စုံဖန်သီးများနဲ့ စီထားသော ဖိနပ်ပါးလေးများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းလာသောကြောင့် ဖိနပ်ပါးလေးများတွင် ဒေါက်ထည့်ပြီး စီးလာတတ်ကြသည်။ ယခုခေတ်တွင် ထိုဖန်စီဖိနပ်လေးများမှာ အနည်းဆုံး USဒေါ်လာ ၅၀၀ ကျော်ပေးနေရပြီဖြစ်သည်။ ညွန်ညမိန်းမပျိုလေးများသည် အိမ်တွင်းသွားသွားလာလာအတွက် မြန်မာတွေစီးလေ့စီးထရှိခဲ့ဖူးသော သစ်သားခုံဖိနပ်များကိုသာ ၀တ်ဆင်တတ်ကြပါသည်။









ပါယန်နမ်ခမ်းငွေကွမ်းအစ်နဲ့ ထွေးခံ(ပြတိုက်ကိုရောက်စဉ်က ရိုက်ကူးထားပုံ)

ညွန်ညကလေးတို့သည် အရွယ်ရောက်လာသည့်အခါ ကွမ်းစားတတ်အောင် ကျင့်ရသေးသည်။ သူတို့၏ ကွမ်းစားပုံ ကွမ်းစားနည်း၊ ကွမ်းယာပုံ ကွမ်းယာနည်းမှာ မြန်မာတို့နဲ့ တပုံစံတည်းပင်။ မြန်မာတို့မှာ ယွန်းကွမ်းအစ်ရှိသကဲ့သို့ သူတို့ဆီမှာလည်း ငွေဖြင့်ပြုလုပ်ထားသော ကွမ်းအစ်များလည်းရှိ၏။ ထိုကွမ်းအစ်များမှာ မင်္ဂလာခန်းဝင်ပစ္စည်းများတွင် တစ်ခုအပါအ၀င်လည်းဖြစ်သည်။ မိန်းကလေးတစ်ယောက်သည် ကွမ်းယာတတ်ရုံသာမက စားပြီးသား ကွမ်းသွေးကိုလည်း ထွေးထုတ်တတ်ဖို့လည်း လိုပါသေးသည်။ ကွမ်းသွေးထွေးထုတ်သည့်အခါ အပြင်သို့မစင်အောင် လည်တံရှည် ကြွေခွက်ထဲကို ညင်ညင်သာသာ ထွေးတတ်အောင်ကျင့်ကြရ၏။ ယခုခေတ်တွင်တော့ ကွမ်းစားတဲ့သူ အတော့်ကို နည်းသွားပြီ။


ညွန်ညလက်မှုပညာတွင် နောက်ထပ်မပါမဖြစ်မှာ ကြွေထည်လုပ်ခြင်း အတတ်ပညာပင်ဖြစ်၏်။ ကြွေထည်လုပ်ငန်းမှာ တရုတ်ပြည်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တဖြေးဖြေးနဲ့ ပါယန်နမ်ခမ်းအငွေ့အသက်လေးများ လွှမ်းမိုးလာခဲ့၏။ ပါယန်နမ်ခမ်းတို့သည် တောက်ပသော လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်တို့ကို အသုံးများပြီး ကြွေထည်ပစ္စည်းများကို လှပ၍ အနုစိတ်သော ပန်းခက်ပန်းနွယ်များဖြင့် တန်ဆာဆင်လေ့ ရှိကြပါသည်။ ယခုအခါတွင်မတော့ ပါယန်နမ်ခမ်း ကြွေထည်ပစ္စည်းများကို ဒေါ်လာရာချီပြီး ပေးဝယ်နေကြရပြီဖြစ်သည်။

ယခုခေတ် ပါယန်နမ်ခမ်းသမီးပျိုလေးများသည် အိမ်ထောင်မှုနှင့် လက်မှုပညာမတတ်တော့။ လွန်ခဲ့သော ၁၅ရာစုခန့်က ထွန်းကားလာခဲ့သော ပါယန်နမ်ခမ်းယဉ်ကျေးမှုသည် တဖြေးဖြေးပျောက်ကွယ်ခါစပြုလာပါပြီ။ စကာင်္ပူနိုင်ငံက ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို ထိန်းထိန်းသိမ်းသိမ်းရှိသလောက် မလေးရှားနှင့် အင်ဒိုနီးရှားမှာတော့ လစ်လျူရှုခြင်း ခံနေရပါပြီလို့ သမိုင်းပညာရှင်တွေက သတိပေးနေကြပြီ။ တကယ်ရော ပါယန်နမ်ခမ်းယဉ်ကျေးမှုက ဆိတ်သုဉ်းစ ပြုနေပြီလား ကျွန်တော်မသိ။ ကျွန်တော်သိသည်က ကျွန်တော်တို့ မြန်မာတွေနဲ့ ဓလေ့ထုံးစံခြင်း ဆင်တူသော ပါယန်နမ်ခမ်း ယဉ်ကျေးမှုကို မြတ်နိုးမိခြင်းသာ ဖြစ်ပါတော့သည်။ ။
Kebaya ဖက်ရှင်စာအုပ်။ အရမ်းကောင်းတဲ့ စာအုပ်လေးပါ။ စာအုပ် အင်္ကျီပုံစံအမျိုးမျိုးသာမက ပါတိတ်အမျိုးမျိုးပါ ပါဝင်ပါတယ်။ ဖက်ရှင်စိတ်ဝင်စားရင် ၀ယ်သင့်တဲ့ စာအုပ်လေးပါ။



စင်္ကာပူတွင် ယခုနှစ်ပြသပြီး အောင်မြင်ကျော်ကြားခဲ့သော The little nyonya Tv Drama Series။ ထိုဇာတ်လမ်းသည် ပါယန်နမ်ခမ်းယဉ်ကျေးမှုကို နောက်ခံပြီး ဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်သည်။ ဇာတ်လမ်းတွဲ ကြည့်ချင်ပါက Youtubeတွင် ကြည့်နိုင်ပါသည်။


Gangster က TV series အမည်ကို ပြင်ပေးသွားပါတယ်။ ကျေးဇူးပါပဲဗျာ။

ပုလုကွေးက ကိုးကားတွေတောင်းလို့ ပြန်ရေးပေးလိုက်ပါတယ်။

- Peranakan Museum, Singapore.

- The nyonya kebaya : a century of Straits Chinese costume by Datin
Seri Endon Mahmood.

- The Little Nyonya, Singapore Drama Series, Media corp.

- http://www.kebayas.com/

- http://en.wikipedia.org/wiki/Peranakan

- http://en.wikipedia.org/wiki/Batik


28 ယောက်ကဒီလိုမြင်တယ်တဲ့...:

အောင်သာငယ် said...

စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတပုဒ်ပါပဲ...

မီယာ said...

ပြတိုက်တွေသွားရင် နောက်တခါ သေချာ ကြည့်ခဲ့ပါ့မယ်... စိတ်ဝင်စားစရာ ကောင်းလိုက်တာ... ဖိနပ်လေးတော့ အရမ်းလိုချင်တာပဲ...

သီဟသစ် said...

ညွန်ည ဆိုတာ Channel 8 က ဇာတ်လမ်းတွဲ လာနေတာ ဘာကိုပြောမှန်း ခုမှ သိတော့တယ်။
သပသ တော်၏။

မိုးခါး said...

စိတ်ဝင်တစားဖတ်သွားပါတယ် ..း)

GANGSTER said...

not my little nyonya it is the little nyonya

ဖိုးဂျယ် said...

တော်တယ်ဗျာ သေချာ ဖတ်ရှု့လေ့လာပီးရေးသားထားတာပဲ
စိတ်ဝင်စားစရာကောင်းတယ်။
TV က ခဏခဏ လာနေတော့ သတိတော့
ထားမိပါတယ် ဘာမှန်းတော့ မသိဘူး
TV သိပ်မကြည့်လို့ပါ။

Thant said...

ွှအမြဲတန်း စောင့်ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ ။ ဒါပေမယ့် သူတို့ကဘာလူမျိုးမှန်း ၊ ဘယ်ကမှန်းမသိခဲ့ဘူး ။ မြန်မာဓလေ့တွေနဲ့ တော်တော်ကြီးကိုတူပါတယ် ။ ဒီ post ကိုဖတ်ပြီးတော့မှ သေချာသိတော့တယ် ။ ကျေးဇူး......

GreenGirl said...

လူမျိုးစုတွေရဲ့ အမျိုးမျိုးသော ယဉ်ကျေးမှုတွေကို စိတ်ဝင်တစားလေ့လာပြီး မြတ်နိုးတတ်တဲ့ သက်ပိုင်သူ... ဒီထက်မက ဆက်လက်လေ့လာဖြန့်ဝေနိုင်ပါစေ။

sin dan lar said...

ဖင်ထိုင်ခုံလေးနဲ့ ငရုတ်သီးထောင်းနေတာ မြန်မာတွေနဲ့တူလိုက်တာ..။

puluque said...

သေသေချာချာ ဖတ်သွားတယ်ဗျနော်..
ကျေးဇူးလဲတင်ပါတယ်.. ကျတော် မသိတဲ့ အကြောင်းလေးတင်ပေးတဲ့ အတွက်ကောပေါ..
နောင်လဲ ဒီလိုပို့စ်ကောင်းကောင်းလေးတွေ ထပ်တင်နိုင်ပါစေလို့ တောင်းဆိုရင်း..
ဒါနဲ့ reference (ကိုးကား) လေးထည့်ပေးရင် ပိုကောင်းမလားလို့

ပိုင်ဖြိုးကို said...

တော်တော် စိတ်ဝင်စားစရာကောင်းပါတယ်ဗျာ။

မောင်မျိုး said...

တော်တော်ကို ဆင်တာပဲ စာနဲ့သာရှင်းမပြထားရင် မြန်မာမလေးတွေပဲ ။ကျေးဇူးပါ ဒီပို့စ်လေးအတွက် ။

အန်တီချမ်း said...

Sent at 4:16 PM on Sunday
Addy: ကောင်မလေးရဲ့ ပြတင်းပေါက်ဆွဲပေးအုံး သပသ အသုံးမကျ


nye: ဆွဲပေးဘူး
သူ့ဆီကရအောင်တောင်း
ဒါမှ အိုင်ဒီယာ ၂ ခုရမှာ


Addy: အေးကောင်းနင်လဲငါ့မချစ်


nye: ဟာ
ချစ်လို့ပြောတာမှတ်ပါ
သူ့ဆီကမရလို့ ညီပြန်ဆွဲရတယ်ဆို မကောင်းလေ

အိမ့်ချမ်းမြေ့ said...

အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်.. ဝေမျှတာကျေးဇူး

myo said...

သူတို့တွေကို စင်ကာပူမှာ ခဏခဏတွေ့ဖူးပါတယ်.. ညွန်ည မှန်းလည်းမသိဘူး.. တရုတ်လူမျိုးမှန်းလည်း မသိခဲ့ဘူး.. အခုလိုဝေမျှပေးတာကျေးဇူးပါပဲ..

khin oo may said...

စိတ်ဝင်စားစရာဘဲ။

မသက်ဇင် said...

ဗဟုသုတတွေ ရလိုက်ပါတယ်--

The Queen said...

မြန်မာနဲ့တော်တော်လေး ဆင်တူတာကို သိပေမဲ့ အခုလို သေသေခြာခြာ မသိဘူး ကျေးဇူးပါ ၊တဆက်တည်း ... လင့်ချိတ်ထားချင်ပါတယ်။ ခွင့်ပြုပါ။

ဒဏ္ဍာရီ said...

ပါယန်နမ်ခမ်း လူမျိုးတွေရဲ့ ဓလေ့နဲ့ ယဉ်ကျေးမှုတွေကို လာရောက် လေ့လာသွားပါတယ်။ တကယ့်ကို စိတ်ဝင်စာ စရာကောင်းတဲ့ ပိုစ့်လေးပါ။
ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

ွှTV ကလာနေတဲ့ ကားပဲ. ခုပြီးသွားပြီလားမသိ။ ဆက်ကြည့်ချင်ပေမယ့် tv မရှိတဲ့ အရပ် ရောက်နေလို့.. net ပေါ်ကပဲ ကြည့်ရတော့မယ်။

အဲဒီကား ကြည့်ပြီး ဝတ်ပုံစားပုံတွေကို စိတ်ဝင်စားနေတာ.. ခုလို သိရတာ ကျေးဇူးပဲနော်။

Rita said...

ကိုယ်သာ အဲဒီလူမျိုးဖြစ်ရင်တော့ ယောက်ျားကိုယူမိမယ် မထင်ဘူး။ ချက်တတ်တာ မတတ်တာ၊ ချုပ်တတ်တာ မတတ်တာထက် ကိုယ့်စောင့်ကြည့်ပြီး အကဲဖြတ်နေမှာကို အမြင်ကပ်လို့။

Rita said...

သပသ ကိုတော့ ချီးကျူးပါတယ်။ အဲဒါကျန်သွားလို့ ပြန်ပြောတာ။ ဒီပို့စ် တင်ဖူးပါတယ် အရင်က။ အဟောင်းကြီး မဟုတ်လား။

ahkar said...

I have never been to Peranankan Museum although it's very near to my school but yea..they are very interesting people. I thought they are Malay-Chinese mixed (who can't speak Chinese) and mostly live in Malacca. They seriously develop own culture and heritage. It's hard to find pure Peranankan these days though. I have a few Peranankan friends :D and most are mixed..Peranankans are good-looking too.Just like the leading lady in The Little Nonya,Jeanette Aw.

ငချမ်းကောင် said...

တကယ်ကို ဗဟုသုတ ရစရာ စာလေးတစ်ပုဒ်ပါ။ တကယ့်ကို ပြည့်ပြည့်စုံစုံဖော်ပြထားပဲ။ စိတ်ဝင်တစားနဲ့ ဖတ်ရှု့ လေ့လာသွားပါကြောင်း။

yangonthar said...

ဗဟုသုတတွေ အများကြီးပဲ ဗမာမလေးတွေ အတိုင်းပဲဗျ ဝတ်ပုံစားပုံတွေအကုန်လုံးပဲ ကျေးဇူးပဲ ကိုသက်ပိုင်ရေ အင်မတန် တန်ဖိုးရှိတဲ့ ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါ
ခင်တဲ့
ရန်ကုန်သား :)

မန်းလေရူး said...

ဒီဇာတ်ကားကို ဘတ်စ်စကားပေါ်မှာ တစ်စတစ်စ ကြည့်ဖူးတာကြာပြီ ။ တရုတ်လိုလည်းမဖတ်တတ်တော့ ဇာတ်ကားခေါင်းစဉ်းလည်းဘယ်လိုရှာရမယ်မှန်းမသိဘူး ။

အခု You tube က ဒီဇာတ်လမ်းတွဲကို စကြည့်နေပါပြီ ။
မျှဝေပေးတာကျေးဇူးပါ ။း))

Anonymous said...

ဗသျူးဆိုတာတော့ အရင်က မြန်မာပြည်တိုင်းရင်းသာ တစ်မျိုး အနေနဲ့ကြားဖူးပါတယ်။ အခုတော့ ပျောက်ကွယ်လုရှိပီလို့ဆိုတယ်။ လူဦးရေ သောင်းဂဏန်းလောက်ဘဲ ရှိတော့တယ်လို့ဆိုတယ်။ ဘိတ် ထားဝယ်ဘက်မှာနေတယ်။ ပါယန်နန်ခမ်း ဗရှူးရယ်လို့တော့ ဒီတခါဘဲ ကြားဖူးပါသေးတယ်။ ဗဟုသုတတော့ ရပါတယ်။ ဆက်လေ့လာကြည့်ပါဦးမယ်။

win said...

စိတ်ဝင်စားစရာကောင်းပါတယ်။
ပုံတွေကြည့်ရတာ လွမ်းစရာလေးဘဲ။ ဗီဒီယိုလေးကြည့်ရတာ လည်း ပိုလွမ်းဖို့ ကောင်းတယ်။
ဝတ်စားဆင်ယင်ပုံကတော့ မြန်မာနဲ့ ခတ်ဆင်ဆင်ဘဲ။ အင်ဒိုနီးရှားလူမျိုး မလေးလူမျိုးတွေလည်း မြန်မာတွေလို ရင်ဖုန်းအင်းကျီတို့ ထမိန်တို့ ၀တ်ကြပါတယ်လို့လေ့လာရဖူးပါတယ်။

လူတွေဆိုတာကလည်း ရှေးရှေးကတည်း က ရေကြည်ရာမျက်နုရာ ရွေ့ပြောင်း နေထိုင်ကြ၊ စစ်ရှောင်ကြနဲ့ နေရာ ဒေသ အသီးသီးကို ရောက်ကုန်ကြတယ်။ လူအုပ်စု လူဦးရေများသူတွေကို နေရာတိုင်းမှာဘဲလေ တွေ့နိုင်ပါတယ်။ ကမ္ဘာပေါ် တရုပ် နဲ့ ကုလားမရှိတဲ့ နိုင်ငံရယ်လို့ မရှိသလောက်ပါ။ အခုဆို မြန်မာတွေလည်း အစုလိုက် အပြုံလိုက် အနောက်နိုင်ငံတို့ အရှေ့တောင် အာရှနိုင်ငံတို့ကိုရောက်နေကြပီလေ။ တချိန်ကြရင် မြန်မာမျိုးဆက်တွေလည်း ဒီလို လွမ်းစရာ သမိုင်းလေးတွေ ကျန်ရစ် မှာပါဘဲ။