အခန်း(၃)
ကျွန်တော်တို့နှစ်ယောက် Earl Lu ပြခန်းကိုရောက်သွားတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်လို့ အခန်းတံခါးတောင် ပိတ်နေပါပြီ။ ပိတ်နေတဲ့ အခန်းတံခါးကို အသာလေး တွန်းဖွင့်လိုက်ချိန်မှာ ချာတန်ရဲ့ Performanceက စနေပါပြီ။ ချာတန်က မျက်နှာကျက်ကနေ မှန်ကဲ့သို့ကြည်လင်တဲ့ A0 Size ပလတ်စတစ်အပြား ခြောက်ပြားလောက်ွကို တွဲလောင်းချိတ်ထားပါတယ်။ အဲဒီ ပလပ်စတစ်ပြားတွေရဲ့ နောက်မှာတော့ ကချေသည် တစ်ယောက်ဆီက ရပ်နေပြီး မှန်တွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်ထိတွေ့ဟန်နဲ့ ရာဂရဲ့ သမီးပျိုလေးများပမာ ခနာကိုယ်ကို တွန့်လိမ်ပြီး
ကနေကြပါတယ်။ ပလပ်စတစ်ပြားတွေ၊ ရာဂရဲ့ သမီးပျိုလေးတွေကြားမှာတော့ ချာတန်ရဲ့ ကချေသည်ပါ။ သူမရဲ့ လက်တစ်ဖက်မှာ ၀ိုင်တစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ကို လက်မှာကိုင်ထားပြီး ခနာကိုယ်ကို ကွေးညွှတ်ကာ ခြေထောက်တစ်ဖက်ကို မြှောက်ထားပါတယ်။ ချာတန်ကတော့ ကနေသူအားလုံးရဲ့ ဘေးနားမှာ ထိုင်နေပြီး ရေထည့်ထားတဲ့ ၀ိုင်ခွက်နှုတ်ခမ်းသားတွေကို လက်ဖျားလေးတွေ ပွတ်သပ်ရင်း ဂီတတစ်ခုကို ဖန်တီးနေပါတယ်။ ဖန်ခွက်နဲ့ လက်ချောင်းလေးတွေ ထိတွေ့ပြီး ထွက်လာတဲ့ ဂီတသံနဲ့ အညီ ကချေသည်တွေက လိုက်ကပါတယ်။ ဒါပေမယ့် ဖန်ခွက်က ထွက်လာတဲ့ အသံကတိုးလွန်းတော့ သိပ်မကြားရပါဘူး။
ကျွန်တော် နားလည်တာတစ်ခုကတော့ ချာတန်က ပလပ်စတစ်ပြားတွေနဲ့ Space နေရာတစ်ခု ဖန်တီးပြီး၊ ၀ိုင်ခွက်ကနေ ထွက်လာတဲ့ Sound အသံနဲ့ Motion ကကွက်တွေကို ဖန်တီးတာပါပဲ။ ဒါပေမယ့် ကျွန်တော်နားမလည်တာ တစ်ခုကတော့ Interior Design ကျောင်းသားတစ်ယောက်မှာ ကချေသည် တစ်ယောက်ပဲ ရှိရမှာ ဘာလို့သူက အများကြီး သုံးခွင့်ရရတာလဲ။ ဒါလုံးဝမဖြစ်သင့်ဘူး။ မကျေနပ်ဘူး။ ကျွန်တော့်အတွေးမဆုံးခင်မှာ လက်ခုပ်သံတွေ ကြားလိုက်ရပြီး သူ့ရဲ့ Performance အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။
ဆရာမနဲ့ကျောင်းသားတွေ အားလုံး နောက်ထပ် Performance လုပ်တဲ့နေရာကို ရွှေ့တဲ့အချိန်မှာ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ကြပြန်ပါတယ်။ ကျွန်တော့် ကချေသည်မလေးက သူများတကာ ကတာကိုကြည့်ချင်တော့ ရောယောင်ပြီး ပါလာတယ်။ အဲဒီအချိန်မှာ သူလှုပ်လိုက်တာနဲ့ သူ့ခါးပေါ်က ပုလင်းကွဲတွေက တစ်ခုနဲ့တစ်ခုထိပြီး အသံတွေ ထွက်လာတယ်။ နောက်ပြီး ပုလင်းကွဲ တစ်စနှစ်စကျကုန်တယ်။ အဲဒါကြောင့် နောက်ကမယ့် အဖွဲ့တွေက တိတ်ဆိတ်နေတဲ့အချိန်မှာ မလိုအပ်ဘဲ အသံထွက်လာတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို မျက်ထောင့်နီကြီးတွေနဲ့ ၀ိုင်းကြည့်ကြတယ်။
ကျွန်တော်လည်း တရုတ်မလေးကို အသာလက်တို့ပြီး ကျွန်တော်တို့ ကမယ့်နေရာကို အတင်းဆွဲခေါ်ရတယ်။ သူလည်းမကျေမနပ်နဲ့ မျက်နှာကြီးစူပုတ်ပြီးထိုင်နေချိန်မှာတော့ ကျွန်တော်လည်း သူမလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက် တံမြတ်စည်းတစ်ချောင်းနဲ့ အလုပ်ရှုပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ ပြီးသွားချိန်မှာတော့ ရစ်ချက်တို့အဖွဲ့ စကပါတယ်။ အားပါးပါး။ သူတို့အဖွဲ့လည်း မနည်းလှပါလား။ ၁၀ယောက်ကျော်မယ် ထင်ပါတယ်။ အဖွဲ့ဝင်တိုင်း သစ်သားချောင်းတစ်ချောင်းစီ ကိုင်ထားပြီး၊ သစ်သားချောင်းတွေနဲ့ ကြမ်းပြင်ကိုပုတ်လိုက်။ ကလိုက်။ ကရင်း ကရင်းနဲ့ သစ်သားချောင်း တစ်ချောင်းစီကို ကြိုးနဲ့ ချည်သွားကြတယ်။ ကြိုးတွေချည်ပြီးသွားတဲ့ အခါမှာ သစ်သားတွေကို ထောင်လိုက်တဲ့ အခါမှာတော့ ထောင်ချောက်တစ်ခုလို ဖြစ်သွားပြီး ရစ်ချက်ရဲ့ ကချေသည်က ထောင်ချောက်ထဲ ရောက်သွားပါတော့တယ်။ သူတို့ ကဟန်တွေက လူများတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။
သူတို့ Performance ကို ကြည့်ပြီး ကျွန်တော်လည်း ကျွန်တော့်ကချေသည်အတွက် စိုးရိမ်လာပါတယ်။ ကျွန်တော်လည်း သူမဆီပြန်ပြေး။ မနက်က တိုင်ပင်ထားတဲ့ ကကွက်တွေကို မှတ်မိသေးလားလို့ ပြန်မေးတော့။ သူမက ကမယ့်နေရာမှာ ငြိမ်ပြီးထိုင်နေရတာ မကျေနပ်လို့နဲ့တူတယ်။ ကျွန်တော့်ကို မျက်စောင်းအတုံးလိုက် ထိုးပြီး ဘာမှ စိတ်မပူပါနဲ့တဲ့။
ဒီလိုနဲ့ ကသွားလိုက်ကြတာ ကျွန်တော်တို့ အလှည့်ရောက်လာပါတော့တယ်။ ကြည့်ချင်တဲ့ သူတွေက ကျွန်တော်တို့ အနားဝိုင်းလာကြပါတယ်။ ကျွန်တော်က သူကနေရင်းနဲ့ ပုလင်းကွဲတွေ စဉ်မှာကြိုသိတော့ အားလုံးကို ခပ်ခွာခွာမှာပဲ ကြည့်ခိုင်းရတယ်။ ကျွန်တော့်ရဲ့ ကချေသည်လေးကလည်း ကမယ့်နေရာမှာ ငြိမ်သက်စွာ ထိုင်လိုက်ပြီး ရုပ်သေးရုပ်တွေလိုပဲ မကခင်ကြိုးလျော့ထားသလို ခနာကိုယ်ကို ဖြေလျော့ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်နောက်နားမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကချေသည်ရဲ့ ခါးပေါ်က ပုလင်းကွဲတွေကို ကြည့်ပြီး………… အို………. မကြည့်ရဲဘူး။ မကြည့်ရဲဘူးလို့ ထအော်ပါတယ်။
ကျွန်တော့်ကချေသည်လေးက ခေါင်းငုံ့နေရာကနေ ကြိုးဆွဲဆရာက ကြိုးကို ဆတ်ခနဲ ဆွဲလိုက်သလို ခေါင်းကို မတ်လိုက်ပါတယ်။ ခေါင်းကို မတ်လိုက်တဲ့ အခါမှာ ဘုရားပေါ်က ဆည်းလည်းလေး လေအတိုးခံလိုက်ရသလို ချွင်ခနဲတစ်ချက်မြည်သွားတယ်။ ခါးကိုမတ်လိုက်တဲ့ အချိန်မှာတော့ ချွင်ဟူသောအသံက နောက်တစ်ချက်။ နောက်တစ်ချက်။ ဖြေးညင်းစွာ သူမမတ်တပ်ရပ်လိုက်ချိန်မှာတော့ သာယာလှပသော ဂီတသံတစ်ခု ညိမ့်ညိမ့်ညောင်းညောင်းလေး ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ပြခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဆည်းလည်းသံလို နူးညံ့လှပစွာ သူမ ကပါတော့တယ်။
သူမက ကနေရင်းနဲ့ ခြေဖျားလေးကို ဆက်ခနဲ ဆက်ခနဲ ဆွဲဆန့်လိုက်ပါတယ်။နူးညံ့စွာ ကနေရင်းကနေ ကကွက်တွေက တဖြေးဖြေးသွက်လာပါတယ်။ ကျွန်တော် သူမကို အဲ့ဒီလောက် အကကောင်းမယ်လို့ မထင်ခဲ့မိဘူး။ သူမရဲ့ ခါးမှာ ၀တ်ထားတဲ့ ပုလင်းကွဲစတွေကလည်း လေပြေလေးတိုက်နေရာကနေ နွေခေါင်ခေါင်လေရူးဝှေ့သလို တချွင်ချွင်ဖြစ်လာတယ်။ ပိတ်စပေါ်မှာ ကော်နဲ့ကပ်ထားတဲ့ ပုလင်းကွဲစတွေက ဖြာခနဲ ဖြာခနဲ ခနာကိုယ်ပေါ်ကနေ လွင့်စင်သွားပြီး ဖွာခနဲ ကြမ်းပြင်ပေါ်မှာ ကျကုန်တယ်။ ကျွန်တော့်ရဲ့ ကချေသည်လေးက ကြမ်းပြင်ပေါ်မှာ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ပုလင်းကွဲစတွေကို ခြေဖျားလေးထောက်ရင်း ကိုယ်ကို ယိမ်းပြီးကလာတယ်။ အဲဒီပုလင်းကွဲစတွေကြောင့်ပဲ သူမရဲ့ကကွက်တွေကို နောက်ဘာဆက်ကမလဲဆိုတာ မခန့်မှန်းနိုင်တော့ပဲ ဆရာမရော၊ ကျောင်းသားတွေပါ အသက်မရှူနိုင်တော့။ တစ်ချို့ ကရင်ဘက်ကို ဖိပြီးသူမရဲ့ ကကွက်တွေကြားမှာ မျောပါကုန်တယ်။ သူမကိုကြည့်ပြီး ကျွန်တော်ပါ စိတ်လှုပ်ရှားလာတယ်။ သူမကနေတဲ့ ကြမ်းပြင်က စိမ်းလဲ့ ၀ါဖန့်တဲ့ ပုလင်းကွဲစတွေနဲ့အတူ ကြမ်းတမ်းအက်ရှတဲ့ စစ်မြေပြင်လို တစ်စတစ်စပေါ်လာတယ်။ ကျွန်တော့် စိတ်ကူးထဲက Space က သူမရဲ့ ကကြိုးကကွက်တွေ အောက်မှာ ပီပြင်စွာ မွေးဖွားလာပါပြီ။
ကျွန်တော့်ရဲ့ ကချေသည်က ဘဲလေးအက ကသလို ခြေထောက်တစ်ချောင်းတည်းရပ်လိုက်ပြီး ခနာကိုယ်ကို နှစ်ပတ်သုံးပတ်လှည့်လိုက်ကာ ချွန်မြနေတဲ့ ပုလင်းကွဲစတွေပေါ် ထိုင်ချလိုက်ပါတော့တယ်။ ဟာ…………. ခနဲ မြည်သံနဲ့အတူ ကြည့်နေတဲ့ သူတွေဆီက အာမေဋိတ် မျိုးစုံထွက်လာပါတယ်။ သူမက ကျကွဲနေတဲ့ ဖန်ကွဲစတွေကို ကောက်ယူပြီး အရူးတစ်ယောက်ပမာ လက်ထဲမှာ ကစားလိုက်ချိန်မှာတော့ ကြည့်တဲ့သူတွေ အားလုံး မျက်လုံးပြူးလာပါပြီ။ သူမရဲ့ကကွက်တွေက လေပွေတစ်ခုလို ကခုန်နေရင်းကနေ မုန်တိုင်းတစ်ခုလို ဒေါသသံတွေ မြည်ကြွေးလာပါတယ်။ သူမက ကနေရင်းကနေ နောက်ကျောကနံရံဆီကို ချည်းကပ်သွားပါတယ်။နံရံကို လက်နှစ်ဖက်နဲ့ ကုတ်တွယ်နေဟန် ကလိုက်ပြီး နံရံကို မှီကာ ခနာကိုယ်ကို နှစ်ပတ် သုံးပတ် အရှိန်နဲ့ လှည့်လိုက်ချိန်မှာတော့ ၀ုန်းခနဲ မြည်သံနဲ့အတူ ဘီယာပုလင်းကွဲတွေအားလုံး ရှိသမျှအဟုန်နဲ့ နံရံကို ပြေးရိုက်သွားပါတော့တယ်။ နောက်တော့…. သူမ တဖြည်းဖြည်းနဲ့ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။
တစ်စက္ကန့်……………………။
နှစ်စက္ကန့်……………………။
သူမ မထလာသေး။
အားလုံးကြက်သေသေပြီး မင်သက်နေကြတယ်။
………………….………………….………………….
………………….………………….………………….
………………….………………….………………….
ကျွန်တော့်ရဲ့ ကချေသည်လေး လဲကျနေရာကနေထလာပြီး ခါးကို ညွှတ်ကာ အရိုအသေ ပေးလိုက်ချိန်မှာတော့ လက်ခုပ်သံတွေမစဲတော့။ ဆရာမက ပီတိတွေဖြာပြီး ကျွန်တော်တို့ကို ကြည့်တယ်။ Drama Department ဆရာ၊ဆရာမတွေကလည်း လက်ခုပ်တီးလို့ မဆုံးတော့။ ကျွန်တော်တို့ နှစ်ယောက် ဖျော်ဖြေလို့ အပြီးမှာတော့ ဆရာမက ဘာလို့ ဒီလို Performance လုပ်ရတာလဲလို့မေးတယ်။
ကျွန်တော်က ဒီPerformance ရဲ့ Conceptက အချစ်ပါ။ အချစ်ဆိုတာ ဖန်စလေးနှစ်ခု ထိတွေ့လိုက်ချိန်မှာ ချွင်ခနဲ မြည်သံလိုပဲနူးညံ့သိမ်မွေ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အချစ်မှာ မမြင်နိုင်တဲ့ အားတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတတ်ပါတယ်။ အဲဒါတွေအားလုံးကို ဒီperformanceလေးနဲ့ သရုပ်ဖော်သွားတာလို့ ပြောလိုက်ပါတယ်။ ဆရာမက ဒီနေ့ ကပွဲမှာ ကျွန်တော်တို့ အဖွဲ့က အကောင်းဆုံးပဲလို့ ကြေညာလိုက်ပါတယ်။ (ဆရာမက Singapore က တီဗွီရှိုးမှာ ကျွန်တော်တို့ ကျောင်းသားတွေအားလုံးရဲ့ Performanceတွေကို ပြသဖို့လုပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ပါဘူး။ စကားချပ်)
ကျွန်တော်တို့ နှစ်ယောက် ပြခန်းကထွက်လာချိန်မှာ ဘယ်လောက်ကုန်သွားလဲ တွက်ကြည့်ပါတယ်။ စုစုပေါင်း စလုံးငွေ ၅၀ပင်မကျော်။ အဲဒီအချိန်မှာ ၂၀၀ဖိုးလောက်ရှိတဲ့ ပလပ်စတစ်ပြားတွေကို ကိုင်ပြီးထွက်လာတဲ့ ချာတန်နဲ့ သူ့ရဲ့ ကချေသည်က ကျွန်တော်တို့နှစ်ယောက်ကို လှည့်တောင်မကြည့်။ အကောင်းဆုံးကတတ်တဲ့ ရစ်ချက်ရဲ့ ကချေသည်ကလည်း ကျွန်တော်တို့နှစ်ယောက်ကို လာနှုတ်ဆက်ပြီး “you guys are so crazy” လို့ပြောသွားပါသေးတယ်။ အဲဒီနောက် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကချေသည်လည်း အပြန်အလှန်နှုတ်ဆက်လိုက်ကာ မိမိစာသင်ခန်းရှိရာကို သွားဖို့ တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်းပြီး ထွက်လာလိုက်ပါတယ်။ ခြေလှမ်း လေးငါးလှမ်းလောက် လှမ်းအပြီးမှာတော့ သူမကို ကျွန်တော်တစ်ချက် သမင်လည်ပြန်ကြည့်လိုက်ပါတယ်။ သူမက တခြားကချေသည်တွေနဲ့ အတူ ခေါင်းကိုမော့ ရင်ကိုကော့ထားပြီး ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ခပ်သွက်သွက်လျှောက်သွားတာ မြင်လိုက်ရချိန်မှာ သူမအတွက် ကျွန်တော် ပြုံးမိလိုက်ပါတော့တယ်။ အဲဒီအပြုံး။ သူမအတွက် ဂုဏ်ယူတဲ့ အပြုံးပေါ့။ ။


28 ယောက်ကဒီလိုမြင်တယ်တဲ့...:
လက်ခုပ်သံမဆဲအောင် တီးပေးသွားတယ်။ ဒီလောက် အနုပညာဆန်လိမ့်မယ်လို့ နင့်ကိုငါ မထင်မိခဲ့ဖူး :)
great idea but don't you think it's a bit dangerous for her? Anyway, Congratulations!
lonetone
ဟုတ်ပါတယ်။ အန္တရာယ်နည်းနည်းရှိပါတယ်။ ဒါပေမယ့် အန္တရာယ် မဖြစ်အောင်တော့ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ နှစ်ပတ်အတွင်း ဘီယာပုလင်းကွဲတွေကို သေချာလေ့လာရပါတယ်။ ဆရာမဆီကနေ ခွင့်ပြုချက်ရမှသာ ဆက်လုပ်ရတာပါ။ ကနေတဲ့ အချိန်မှာ သူမကို မရှအောင်တော့ ကချေသည်တွေ သုံးတဲ့အကျီင်္ကို ခံဝတ်ရပါတယ်
Excellent!
Excellent!
Excellent!
Excellent!
Excellent!
concept ပေးတာက အကောင်းဆုံးပဲ
ကောင်းလိုက်တဲ့ အတွေးလေး... ကချေသည်လေးကတာကို မြင်ချင်လိုက်တာ ..ဓာတ်ပုံဆိုတော့ သူ့လှုပ်ရှားဟန်တွေကို သေချာခံစားလို့မရဘူးပေါ့.. ဒါပေမဲ့ စာနဲ့တွဲပြီးခံစားရတာလည်းတမျိုးကောင်းပါတယ်။
ဒီစာဖတ်ပြီးတော့ ..တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးမှမိုးရေစက်များ စာအုပ်ကိုပြန်ဖတ်ဖြစ်တယ်.....။
ကောင်းလိုက်တဲ့ အိုင်ဒီယာဗျာ။ ရုတ်တရက် ခေါင်းစဉ်ကို ဖတ်လိုက်မိတော့ ဘာသာပြန်ထင်လိုက်မိတာ။
လုံးဝ ဂုဏ်ယူပါတယ်။
မကြည့်လိုက်ရတော့ မသိ။ ရိုက်ထားတာလေးများရှိရင် youtube ဖြစ်ဖြစ် googlemovie မှာဖြစ်ဖြစ် တင်ပါလား... ထပ်အားပေးရတာပေါ့။
ခုတော့ idea ကိုဖတ်ရတာနဲ့တင် innovative ဖြစ်လိုက်လေခြင်းရယ်ဆိုပြီး...
(လေးလေးနက်နက်ပြောခြင်းဖြစ်ပါ၏) :D
အမ အစမှ အဆုံး သေချာဖတ်သွားပါတယ်။ အနုပညာဆန်မှု၊ တီထွင်နိုင်မှု တွေကို လက်ဖျားခါသွားပါတယ်။ နဲနဲတော့ အန္တရာယ်ရှိနိုင်တယ်နော်။
အချစ်ကို ရူးသွပ်ကြသူများကို ရေးထားတုန်းကတည်းက အရေးအသားကို အံ့သြချီးကျူးမိပါတယ်
ကောင်းလိုက်တဲ့အောင်မြင်မှု..
ယောနသံဇင်ယော်ပြောသလိုပဲ..ဂျူနိုကိုသတိရစေတယ်
ပြန်ဖတ်စရာမလိုအောင်စွဲနေတဲ့ကကွက်တွေအတွက်..
အို....
တော်လိုက်တဲ့ အနုပညာပါလား....
လက်ခုတ်တွေ အကြာကြီးတီးခဲ့မိတယ်....
ခင်မင်တဲ့....
တော်လိုက်တာ...။အရေးအသားကော၊အတွေးအခေါ်ကော၊
အနုပညာအတွက်ပါ တအံ့တသြကိုဖြစ်မိပါတယ်..။ဂုဏ်ယူပါတယ်..ဒီစာစုလေးအတွက်..။
အစအဆုံး ပြန်ဖတ်လိုက်တယ်။ ပရော့ဂျက်တစ်ခုအတွက် စိတ် ဘယ်လောက် ပင်ပန်းရတယ် ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိမယ်ထင်တယ်နော်... တရုပ်မလေးနဲ့သာ ဘာသာစကား အခက်အခဲ မရှိဘဲ ဆက်ဆံ ပြောဆိုခွင့်ရရင် ဒီထက် ပိုကောင်းမယ်ထင်လား ဒါမှမဟုတ် စကား ပြောတတ်စရာမလိုဘဲ စိတ်ကူးချင်းတူနေဖို့ပဲ အရေးကြီးတာလား... တွေးသွားတယ်။
အိုင်ဒီယာ ကောင်းတယ် ဆိုတော့ performance ကလည်း ကောင်းတော့မှာပေါ့...
2 thumbs up!!!
Great job and creative idea! Congrats :D
Designer တစ်ယောက်ရဲ့ Concept တွေ Inspiration တွေကို ကပွဲတစ်ခုအဖြစ် ဖန်တီးထားတာ ထူးခြား လေးစားစရာကောင်းလှတယ်နော်...
မြန်မာစိတ်ပဲထင်တယ် ...။
ကျွန်တော်က မြန်မာတစ်ယောက်ယောက်ကများ အစွမ်းပြလိုက်ရင် ကြားထဲက အင်မတန်ဂုဏ်ယူမိတယ် ... မြန်မာကွ ...ဆိုပြီးလေ...။
အရှေ့မြို့ရိုးက မိုးရေစက်များထဲကလိုမျိုးလို့တွေးမိတဲ့သူ
နှစ်ယောက်ရှိနေလို့ ပိုပျော်သွားပါတယ် ... ။
ဂျူနိုလိုတော့ ဘယ်သူမှမကနိုင်ဘူးလို့လက်ခံထားတယ် ...။
သက်ပိုင်သူကိုလည်း ... Congratulations လို့ပြောချင်ပါတယ် ...။
နောက်လည်း ... မြန်မာတွေ မညံ့ကြောင်းများများအစွမ်းပြနိုင်ပါစေဗျာ ...။
Performance တစ်ခုကိုကောင်းကောင်းမခံစားတတ်ပေ မယ့် အရေးအသားကတော့ကောင်းကောင်း ဆွဲခေါ်နိုင် တယ်.... အရေးအသားမှာမျှောသွားလို့ အစကနေ အဆုံး တစ်ခေါက်ပြန်ဖတ်လိုက်တယ်... ဂုဏ်ယူပါတယ်
ကိုသူရေ.. အရမ်းအားပေးချင်လွန်းလို့.. ချွေးဒီးဒီးကျတဲ့ထိ မရရအောင် ကျော်ခွဝင်မန့်သွားပါတယ်..
တစ်လျှောက်လုံးအသက်ရှူကိုပင့်ထားမိတာ..နောက်ဆုံး ဂုဏ်ယူပြုံးပြုံးမှ ပင့်သက်ကိုချမိတယ်.. ပျင်းသာပျင်းတယ်။ ကိုသူခိုင်းတိုင်း ရူးတိုင်း လိုက်လုပ်ပေးတဲ့ ကချေသည်လေးရော.. ပရော့ချက်ပိုင်ရှင်ကြီးကိုရော.. အာဘွားတောင်ပေးချင်လာ.. တော်လွန်းလို့ ..
ပြီးတော့ အဲဒါမျိုးကျောင်းတက်ချင်တယ်.. မနာလိုဘူး
ဟွန့်
အရှေ့မြို့ရိုးက မိုးရေစက်များ လိုဘဲ Lasalle_Sia ကမိုးရေစက်များပေါ့ .......
ဂျူနိုကိုသတိရစေတယ်
ပုလင်းကွဲ ကချေသည်လေးရဲ့ ဗွီဒီယို ကြည့်ရရင် ကောင်းမယ်နော်။
ချီးကျူးပါတယ်။ အားလည်းပေးပါတယ်။
အတော်ရေးတတ်တာပဲ--
ရေးအားကောင်းတယ်--
အစကနေအဆုံးထိ စာဖတ်သူကိုဆွဲခေါ်သွားပါတယ်--
အဖတ်ရ နောက်ကျပေမယ့် အကောင်းဆုံး ဆောင်ရွက်ချက်တွေ၊ ဖန်တီးချက်တွေအတွက် ထိပ်ဆုံးကနေ အထူးပဲ ဂုဏ်ယူနေမိပါကြောင်းညီရေ ... တော်လိုက်တာကွာ .... တကယ်ပါပဲ ...
I VERY LIKE YOUR'S PERFORMANCE.
သိပ်ကိုကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ.....ဖတ်ရတာရော၊ စာပေအရေးအသားရော၊ ပေးတဲ့ setting ရော အကုန်ကောင်းတယ်ဗျာ၊ အရမ်းကိုချီးကျူးပြီးတော့ ဂုဏ်ယူပါတယ်ဗျာ... လက်ခုပ်သံကနောက်ကျမှတီးခွင့် ရခဲ့ပေမယ့် တကယ့်ပွဲမှာတီးခဲ့ကြတဲ့ လက်ခုပ်သံထက် သာပါတယ်...
ဖတ်ရတာနောက်ကျလိုက်တာအကိုရယ်
ကောင်းတယ် အရမ်းကောင်းတယ်
အကိုနောက်ထပ်လုပ်လို့ ရမယ်ဆိုရင်
ဆရာတက္ကသိုလ်ဖုန်းနိုင်ရဲ့ လွမ်းတေးကိုမဆုံးစေနဲ့ စောသခင်ထဲကလိုမျိုးလေ
မြန်မာမှု မြန်မာ့ရိုးရာ အရှေ့တိုင်းကကွက်တွေကိုသူတို့သင်ပေးတဲ့ပညာတွေနဲ့ရောကြည့်ပါလား
အကို့ideaနဲ့ ဆိုရင်ရလောက်ပါတယ်
ဆန်းသစ်မှုပေါ့
အဲလိုတီထွင်မှုတွေကိုအားကျတယ်ဗျာ
ဘာမှမလုပ်ရရင်ဒီဥာဏ်တွေကသိုးတော့မယ်ဗျ
လေးစားပါတယ်
ဖတ်ရတာနောက်ကျလိုက်တာအကိုရယ်
ကောင်းတယ် အရမ်းကောင်းတယ်
အကိုနောက်ထပ်လုပ်လို့ ရမယ်ဆိုရင်
ဆရာတက္ကသိုလ်ဖုန်းနိုင်ရဲ့ လွမ်းတေးကိုမဆုံးစေနဲ့ စောသခင်ထဲကလိုမျိုးလေ
မြန်မာမှု မြန်မာ့ရိုးရာ အရှေ့တိုင်းကကွက်တွေကိုသူတို့သင်ပေးတဲ့ပညာတွေနဲ့ရောကြည့်ပါလား
အကို့ideaနဲ့ ဆိုရင်ရလောက်ပါတယ်
ဆန်းသစ်မှုပေါ့
အဲလိုတီထွင်မှုတွေကိုအားကျတယ်ဗျာ
ဘာမှမလုပ်ရရင်ဒီဥာဏ်တွေကသိုးတော့မယ်ဗျ
လေးစားပါတယ်
ပုလင်းကွဲ တွေနဲ့ တေးသီတဲ့ညရဲ့ 
လှပပုံတွေက အိမ်မက်ဆန်လှပါတယ်..
Creative ဆိုတာ IN BORN ဆိုတာ
လဲ သက်သေပြနေသလိုပါပဲ....
ကိုသက်ပိုင်သူရေ.....
ဒီဟာလေးကိုအခုမှဖတ်ရလို့နောက်ကျလေခြင်းဆိုပြီး
ဖြစ်မိပါတယ်။ ဘာလို့ဆို...ကောင်းလွန်းလို့ပါ။
မြန်မာဆိုတဲ့စိတ်နဲ့....အရမ်းကိုဝမ်းသာမိပါတယ်။
နောက်ဆုံးအပိုင်းကိုဖတ်တဲ့အချိန်
မျက်ရည်တောင်ဝဲမိပါတယ်။
ထပ်ပြောပါဦးမယ်။
Creation & Idea ကောင်းလွန်းလှပါတယ်။
Post a Comment