အခန်း(၂)
နောက်တစ်ပတ်ကျွန်တော်တို့နှစ်ယောက် ဆရာမဆီမှာ ပရော့ချက်အတွက် ထပ်ပြီး ဆွေးနွေးရပါတယ်။ ဆရာမက ကျွန်တော်ပြောတဲ့ Ideaကို ကောင်းပါတယ်၊ ဆက်လုပ်ပါတဲ့။ ဒါပေမယ့် ကျွန်တော်idea အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲတဲ့။ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ made in Chinaလေး ကို ကြည့်လိုက်တော့ ကျွန်တော့်ကို အူလည်လည်နဲ့ ပြန်ငေးကြည့်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့တတွေ ပရော့ချက်အတွက် တက်သုတ်နှင်ရတော့တယ်။ အချိန်က သိပ်မရှိတော့။ ကျွန်တော်ကသွက်သွက်လေးရှေ့က ပြေးသလောက်။ ကျွန်တော့်အဖော် ကောင်မလေးက အေးတိအေးစက်။ မပူမပင်။ ပရော့ချက်လုပ်နေတုန်း ခဏခဏ သမ်းဝေနေတတ်သေးပါတယ်။ ပျင်းလိုက်တာလည်း လွန်ပါရော။ သူ့ကို တစ်ခုခုလုပ်ခိုင်းလိုက်ရင် … အင်း………… အယ်………… နဲ့ ခပ်ကျဉ်းကျဉ်း သူ့ရဲ့ နှာခေါင်းပေါက်ဆီကနေ အသံမျိုးစုံ ထွက်လာပါတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ။ တခြားကချေသည်တွေက သွက်သွက်လတ်လတ်ရှိသလောက် ကျွန်တော့်ကချေသည်က ထိုင်မိရင် မထချင်။
ပရော့ချက်ရဲ့ တတိယပတ်ရောက်လာတော့ ကျွန်တော့်အခန်းထဲက ကျောင်းသားတစ်ချို့က စတူဒီယိုထဲမှာတောင် ပရော့ချက် မလုပ်ကြတော့ပါဘူး။ လျို့လျို့ဝှက်ဝှက် လုပ်လာကြသည်။ တစ်ယောက် ဘာလုပ်နေလဲဆိုတာ တစ်ယောက်အသိမခံတော့။ အဲဒီအထဲမှာ တရုတ်ပြည်ကလာတဲ့ ရစ်ချက်ဆိုသူက အဆိုးဆုံး။ အမြဲတမ်း ဆရာကြီးလုပ်လွန်းလို့ ကျောင်းသားတိုင်းက သူ့ကိုအမြင်ကတ်ခံရသူ။ အခုလည်းကြည့် သူရတဲ့ ကချေသည်က အတော်ဆုံး ကချေသည်ဆိုတော့ အခန်းထဲမှာ ထောင်ထောင် ထောင်ထောင်နဲ့။ သူရဲ့ ကချေသည်က ကျွန်တော့်ရဲ့ ကချေသည်ကို အထင်သေးတတ်ပါသေးတယ်။ အဲဒီအခါကျရင် ကျွန်တော့်တရုတ်မလေးကို ကျွန်တော်ကပြန်ပြီး အားပေးရပြန်ပါရော။
နောက်တစ်ယောက်ရှိပါသေးတယ်။ အဲ့ဒီတစ်ယောက်က ချာတန်လို့ခေါ်တဲ့ စကာင်္ပူလူမျိုးပါ။
သူက သူများဘာလုပ်နေလဲဆိုတာ လိုက်ကြည့်မယ်။ မနာလိုဖြစ်မယ်။ မထိတထိပြောမယ်။ တကယ်တမ်း ချာတန်က အားလုံးထဲမှာ အတော်ဆုံးဖြစ်ပေမယ့် အနေအထိုင်မတတ်တော့ သူများဆံပင်မွှေး အစူးခံရသူပါ။ အခုလောလောဆယ် သူတို့နှစ်ယောက်လုပ်တဲ့ Performanceကို ဆရာမက တော်တော်ချီးကျူးနေပါတယ်။
တစ်ရက်ပြီးတစ်ရက်သာကုန်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပရော့ချက်က ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့ စားပွဲနံဘေးမှာတော့ အလုပ်ကနေ အလကားသယ်သယ်လာတဲ့ ဘီယာပုလင်းခွံပုံကတော့ တဖြေးဖြေးကြီးလာပါပြီ။ အဲဒီတရုတ်မက ပုလင်းခွံစုဖို့ မပြောနဲ့ ။ ကျွန်တော် ယူလာတဲ့ ပုလင်းခွံတွေကို ရေးဆေးဖို့တောင် တော်တော်ပျင်းနေသေးတယ်။ သြော်……… ဒုက္ခ……. ဒုက္ခ…….။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့။ အချိန်မရှိရတဲ့ကြားထဲ ဒီလိုအဖော်ရလိုက်တော့ ဒုက္ခရှေ့မှာ ……….. မဟာတပ်ပြီးသား ဖြစ်သွားပါတော့တယ်။
……………………………….။……………………………………
ပူလောင်အိုက်စက်တဲ့ နေ့လည်ခင်းတစ်ခုမှာတော့ အခန်းရှေ့ ၀ရန်တာက ရပ်ပြီး ကျွန်တော့်ရဲ့ တရုတ်မလေးကို မျှော်နေမိတယ်။ ဘယ်ရက် ဘယ်အချိန်မှာ ဘီယာပုလင်းခွံတွေ ခွဲပြီး Sound, Texture အတွက် research လုပ်မယ်လို့ သေသေချာချာချိန်းလိုက်ပေမယ့်၊ မယ်မင်းကြီးမက ထုံးစံအတိုင်း ပေါ်မလာသေး။ ကျွန်တော်တစ်ယောက်တည်း စတူဒီယိုရှေ့မှာ ပလပ်စတစ်အကြည်စ တစ်ထည်ကို ခင်းလိုက်ပါတယ်။ အဲဒီအခင်းပေါ်မှာ ပုလင်းတစ်လုံးကို စခွဲလိုက်ပါတယ်။ ခွမ်းခနဲ မြည်သံနဲ့အတူ တစ်စစီဖြစ်သွားတဲ့ ပုလင်းအစအနတွေကို ကြည့်ပြီးကျေနပ်သွားမိတယ်။ စိတ်ထဲက မကျေနပ်ချက်တွေ၊ တလိပ်လိပ်တက်လာတဲ့ ဒေါသတွေကို ပုလင်းတွေဆီ တစ်လုံးပြီးတစ်လုံး ပို့ပြစ်လိုက်ပါတယ်။ ပုလင်းတွေ ကုန်သလောက် ဖြစ်သွားတော့မှ မရွှေချောက မိုးပေါ်ကနေ ကျလာပါတယ်။ ရောက်ရောက်ချင်းပဲ “ဆောနှီး”တဲ့။ သူပြောတဲ့ Sorry ဆိုတာ ကျွန်တော့်နားထဲမှာ ဆောနှီးပါပဲ။
သူရောက်လာတဲ့အချိန်မှာ ပုလင်းအကွဲတွေကို အရှိကို အရှိအတိုင်းဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်ရပါတယ်။ ဒါမှ Space (နေရာ) တစ်ခု ဖန်တီးဖို့အတွက် Reference ရမှာပါ။ တော်သေးပါတယ်။ ဘီယာပုလင်းကွဲတွေက ကျွန်တော်ထင်ထားသလို အရမ်းမရှနေလို့ပါ။ ဘီယာပုလင်းကွဲတွေကို ရေသန့်ဘူးထည့်တဲ့ စက္ကူပုံးထဲကိုထည့်။ ကျွန်တော့်စားပွဲရှိရာကိုသယ်။ ဟိုတစ်နေ့က အနုပညာဆိုင်ရာ ပစ္စည်းတွေရောင်းတဲ့ Art Friend ကနေ ၀ယ်လာတဲ့ ပိုက်ကွန်လို အပေါက်အကျယ်ကြီးတွေပါတဲ့ နိုင်လွန်ပိတ်စအဖြူပေါ်မှာ ပုလင်းကွဲတစ်စကိုတင်၊ အပ်ချည်ကြိုးနဲ့ သိုင်းချုပ်ပါတော့တယ်။ ဘေးနားမှာ ရပ်ကြည့်နေတဲ့ မရွှေချောကိုပါ အပ်နဲ့အပ်ချည်ပေးပြီး ချုပ်ခိုင်းလိုက်တယ်။ စချုပ်ကာစမှာ ပုလင်းကွဲတွေကြောင့် သူ့ဆီက “အား”မဟုတ်။ “အာ”ဆိုတဲ့အသံ။ “အီး”မဟုတ်။ “အီ”ဆိုတဲ့ အသံမျိုးစုံ ထွက်လာပါတော့တယ်။ သူ့အသံကြောင့် အခန်းထဲကလူတွေ ကျွန်တော့်စားပွဲနား ဘယ်သူမှ မကပ်ရဲတော့။ ပုလင်းကွဲရှမှာ ကြောက်ပြီး ဝေးဝေးကနေ ခပ်ကွာကွာ နေကြပါတော့တယ်။

ဒ်ီလိုနဲ့ပဲ ပရော့ချက်တင်ဖို့ တစ်ပတ်သာ လိုတော့တယ်။ ဒီတစ်ခေါက် Final Presentation ကိုတော့ ပုံမှန်လုပ်နေကြ Boardတွေနဲ့ မလုပ်တော့ပဲ ကပွဲတစ်ခုလိုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။ အရင်လုပ်နေကြ စတူဒီယို အခန်းကျဉ်:လေးမှာ မဟုတ်တော့။ ပြပွဲတွေ ပြုလုပ်နေကြ ကျောင်းက Earl Lu ပြခန်းမှာပါ။ အဲဒီသတင်းကြောင့် ကျွန်တော်တို့အားလုံး အရမ်းကို တက်ကြွသွားသလို စိတ်လည်းညစ်သွားပါတယ်။ တက်ကြွတဲ့ အကြောင်းရင်းက Earl Luပြခန်းမှာ လုပ်ရလို့။ စိတ်ညစ်ရတဲ့ အကြောင်းက အရင်ပရော့ချက်တွေတုန်းကလို ပေါ့ပေါ့တန်တန် လုပ်လို့မရတော့လို့ပါ။
ပရော့ချက်တင်ဖို့ ရက်ပိုင်းလေးမျှသာလိုတော့တဲ့ အချိန်အထိ ကျွန်တော်တို့ ပိတ်စပေါ်မှာ ပုလင်းကွဲတွေ သီပြီးချုပ်နေတာ မပြီးသေးပါဘူး။ ပြီးသလောက်နဲ့ ကျွန်တော့်ရဲ့ တရုတ်မလေးကိုယ်ပေါ်ဆင်ကြည့်တော့ ချွင် ချွလွင်နဲ့ အသံမျိုးစုံ ထွက်လာပါတယ်။ အသံကြားတော့ မနေနိုင်တဲ့ အတန်းဖော်တွေက လာကြည့်တယ်။ တစ်ချို့က ကျွန်တော့်ကို ရူးသွားပြီလားတဲ့။ တစ်ချို့ကလည်း ပုလင်းကွဲတွေ ခနာကိုယ်မှာ ပတ်ထားတာမြင်ရော အူယားပြီးထွက်ပြေးကြရော။
သူမ အဲဒီလိုဝတ်လိုက်တော့... အခန်းထဲက လူတွေ ဘာကြီးလဲဆိုပြီး မေးငေါ့ကြတယ်
ကပွဲမလုပ်ခင် နှစ်ရက်လောက်အလိုမှာတော့ Earl Luပြခန်းမှာ ကဖို့ ကိုယ့်နေရာအတွက် မဲနှိုက်ကြရပါတယ်။ မဲနှိုက်ပြီးတဲ့အခါမှာတော့ နေရာကျယ်ကျယ်လိုချင်တဲ့သူတွေနဲ့ နေရာကောင်းမရတဲ့သူတွေ စကားများကြပြန်ပါသေးတယ်။ အားလုံးထဲမှာ ကျောင်းသားတိုင်း အမြင်ကတ်တဲ့ ဟိုကျောင်းသားနှစ်ယောက်က အဆိုးဆုံးပါ။ သူတို့နှစ်ယောက်က သူများထက်ထူးပြီး နေရာခပ်ကြီးကြီး
လိုချင်လို့လေ။ ကျွန်တော့်နေရာကတော့
ကောင်းသည်ဟုလည်းမဆိုသာ။ မကောင်းဘူးလို့လဲ မဆိုသာ။
လိုချင်လို့လေ။ ကျွန်တော့်နေရာကတော့
ကောင်းသည်ဟုလည်းမဆိုသာ။ မကောင်းဘူးလို့လဲ မဆိုသာ။
Earl Luပြခန်းက အပြန်မှာတော့ တီးတိုး တီးတိုးနဲ့ အသံတွေ ကြားစပြုလာပြီ။ ဘယ်သူက ပရော့ချက်အတွက် စလုံးပိုက်ဆံ ၂၀၀ကျော်၊ ၃၀၀ကျော်လောက် ကုန်သွားပြီ။ ဘယ်သူက ဘယ်သူIdeaကို ခိုးချတာလေ။ စသည် စသည်ဖြင့် ဟိုနားတစ်စ ဒီနားတစ်စ ကြားကာစပြုလာ၏။
စတူဒီယိုထဲ ပြန်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် မပြီးသေးတဲ့ ပိတ်စပေါ်မှာ ပုလင်းကွဲတွေနဲ့ အလုပ်ရှုပ်ကြပြန်ပါတယ်။သုံးပုံနှစ်ပုံလောက်ပြီးတာနဲ့ ကျွန်တော်ရဲ့ တရုတ်မလေးကို အစမ်းဝတ်ခိုင်းလိုက်ပါတယ်။ သူမရဲ့ ခနာကိုယ်ပေါ်မှာ ပုလင်းကွဲတွေနဲ့ ချုပ်ထားတဲ့ ပိတ်စက စကပ်ပမာ အိပြီးကျနေပါတယ်။ လစ်ဟာနေသေးတဲ့နေရာကိုကြည့်ပြီး ပိတ်စအပြည့် ပုလင်းကွဲတွေချုပ်ဖို့ အချိန်ရပါ့ဦးမလားလို့တွေးရင်း သက်ပြင်းမောမောချမိလိုက်ပါသေးတယ်။ တခြားကျောင်းသားတွေက လူမသိ သူမသိနေရာမှာ နှစ်ကြော့ သုံးကြော့လောက် အကတိုက်နေတုန်းမှာ ကျွန်တော်နဲ့ တရုတ်မလေးကတော့ ခေါင်းချင်းဆိုင်ပြီး သီတုန်း ချုပ်တုန်းပေါ့။
ကျွန်တော်တို့နှစ်ယောက် ခေါင်းချင်းဆိုင်နေတုန်းပဲ ရှိသေးတယ်၊ ကျွန်တော့်အတန်းဖော် တစ်ယောက် ပြာပြာနဲ့ ရောက်လာပါတယ်။ ဆရာမ ဒီဘက်လာတာ တွေ့မိလိုက်သလားတဲ့။ ဘာဖြစ်တာလည်းမေးလိုက်တော့ သူ့ရဲ့ ကချသည်နဲ့ ပြဿနာဖြစ်လို့တဲ့လေ။ သူ့ရဲ့ ကချေသည်က ပရော့ချက်လညိးမလုပ်ဘူး။ အကတိုက်ဖို့ ချိန်းတာလည်းမလာဘူးတဲ့လေ။ သူ့ကိုကြည့်ပြီး ကျွန်တော်လည်းဘာပြောရမှန်းမသိတော့ပါဘူး။ ပရော့ချက်တင်ကာနီးလေ ပြဿနာတွေက စလာလေပါပဲ။ တော်သေးတာပေါ့ ကျွန်တော့်ကချေသည်က ပျင်းသာပျင်းတယ်။ ကျွန်တော်ခိုင်းတိုင်း၊ ကျွန်တော်ရူးတိုင်း လိုက်လုပ်သား။
ကပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ မိတ်ကပ်တွေ၊ သွေးအတုတွေနဲ့ ဒဏ်ရာရနေတဲ့ ပုံစံတွေ ကျွန်တော်တို့ လျှောက်ကလိကြတယ်။ ပလတ်စတစ်အကြည်ပြားလေး တွေချိုးပြီး သူ့ရဲ့အသားမှာ စိုက်နေသလို မိတ်ကပ်နဲ့ ဖန်တီးကြတယ်။ ဒီတစ်ခါတော့ မရွှေချောက ဘာမှ အထွန့်မတက်၊ ငြိမ်လို့။ ဒါပေမယ့် မကြာပါဘူး။ သူ့ရဲ့ နှာခေါင်းက ပွစိပွစိလုပ်လာတယ်။ ပြီးခါနီး ပုလင်းကွဲ ၀တ်ရုံကို ခါးပေါ်တင်လိုက်တဲ့ အချိန်မှာပေါ့။ ၀တ်ရုံပေါ်က ပုလင်းကွဲစတွေက အနည်းဆုံး ဘီယာ ၁၂ပုလင်းစာလောက်ရှိတော့ မရွှေချောခမျာ မသယ်နိုင်တော့ရှာပါဘူး။ ပုလင်းကွဲစတွေကလည်း ပိတ်စပေါ်မှာ အိတွဲပြီးကျနေပါတယ်။ သူ့ကို တစ်လှမ်းနှစ်လမ်းလျှောက်ခိုင်းလိုက်ချိန်မှာ အပ်ချည်ကြိုးမနိုင်တဲ့ ပုလင်းကွဲတစ်ချို့ ကြမ်းပြင်ပေါ်ကျကုန်တယ်။ ဒါဆို သေချာသွားပြီ သူ့ကို အဲဒါကြီးဝတ်ပြီး အစမ်းကခိုင်းလို့မရတော့။
စိတ်ညစ်သွားတဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး သူကအားပေးရှာပါတယ်။ မစိုးရိမ်ပါနဲ့တဲ့။ မစိုးရိမ်လို့ရမလား။ ဖျက်ဖျက်လက်လက်မရှိတဲ့ သူ့ကို အလေးကြီးဖြစ်နေတဲ့ ပုလင်းကွဲဝတ်ရုံကို ပတ်ပြီးကခိုင်းရမှာ စိတ်မပူပဲရှိမလား။
နောက်တစ်နေ့ မနက်ရောက်တော့ ကျောင်းသွားတွေအားလုံး ကပွဲလုပ်မယ့် ပြခန်းကို သွားနေကြပြီ။ ကျွန်တော်ရယ် တရုတ်မလေးက ဆက်ပြီးသီနေတုန်း။ ကျောင်းသားတစ်ယောက်က ကပွဲစတော့မယ်တဲ့။ အမြန်လာတော့တဲ့။ အေးအေးလို့ ပြောရင်း လက်ကလဲ သီဖို့ကျန်နေသေးတဲ့ လစ်ဟာနေတဲ့ နေရာတွေကို စူပါဂလူးသုံးပြီး ဖန်စအသေးလေးတွေနဲ့ ဖြည့်ပြီးကပ်လိုက်တယ်။ ပုလင်းကွဲတွေနဲ့ ယက်ထားတဲ့ ပိတ်စပြီးသွားချိန်မှာတော့ တရုတ်မလေးက မရှအောင် အောက်ကနေ ခံဝတ်ထားတဲ့ အသားကပ် ဘောင်းဘီပေါ်ကနေ ပတ်ပြီးဝတ်လိုက်ပါတယ်။ သူ့ကို တစ်ပတ်နှစ်ပတ်လှည့်ပြီး ကြည့်လိုက်တော့ မဆိုးလှ။ ကိုယ့်ကိုကိုယ် Interior Design မလုပ်ပဲ ဖတ်ရှင်ဒီဇိုင်းတောင် လုပ်သင့်တယ်လို့ စိတ်ထဲကနေ ချီးကျူးလိုက်မိတယ်။
အဲဒီနောက် လှုပ်တိလှုပ်တဲ့ လမ်းလျှောက်နေတဲ့ ကျွန်တော့်ရဲ့ ကချေသည်လေးကို ဖေးမရင်း Earl Luပြခန်းကို တရွေ့ရွေ့ချီတက်သွားပါတော့တယ်။ လမ်းတစ်လျှောက် သူမကရှေ့ကသွား။ ကျွန်တော်ကနောက်ကလိုက်။ တစ်ချက်တစ်ချက်ကြွေကျလာတဲ့ ပိတ်စပေါ်က ပုလင်းကွဲစတွေကို လိုက်ကောက်ရင်း၊ လက်တစ်ဖက်ကလည်း သူမသွားတဲ့တလျှောက် ပုလင်းကွဲစမှုန်မှုန်တွေကို လှဲဖို့ တံမြက်စည်းနဲ့ ဂေါ်ပြားကိုကိုင်ရင်း…….. …………
“ကဲ….. ရို့စ်ရေ……. မြန်မြန်လေးလျှောက်လိုက်ရအောင်…. ဟိုးရှေ့မှာ ….. ငါတို့ရဲ့ ပြိုင်ဘက်တွေ ရောက်နေကြပြီဟ………………………” ။
မပြီးသေးသော ကျွန်တော့်ရဲ့ ကချေသည် ၀တ်ရမယ့် ပုလင်းကွဲနဲ့ ယက်ထားတဲ့ ပိတ်စပါ။

ကပွဲအကြောင်းဆက်ပါဦးမည်။ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။

9 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဟားဟား ပြည်စိုးအောင် အော်ငိုမယ့် design မျိုး ဖြစ်မယ်
မြင်ယောင်ပါတယ်ရှင်
မနက်ဖြန်မှ မကရင် မင်းနဲ့ငါ အပြတ်ပဲ ဟေ့ရောင်။ ဘယ့်နှယ့်ဗျာ...ကြော်ငြာခရတာလဲမဟုတ်၊ ၃ပိုင်းကြီးတောင် ခွဲတယ်။ လူဆိုးမကြီး
ဖိုးသင်္ကြန်ပြောတဲံအတိုင်းပဲ :P
သုံးပိုင်းရှိပြီ
း(
ဘယ်လိုကပွဲမှာ သူကခဲ့တယ်ဆိုတာလေး ဗီဒီယိုမှတ်တမ်းရှိမယ်ဆိုရင် တင်ပေးစေချင်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးလေးမို့ပါ... ။
ပုလင်းကွဲဆိုတာ..ကြမ်းတမ်းရှတတဲ့အမျိုးကို ..
ကချေသည်ဆိုတဲ့ .. အနုထည်တခုအပေါ်တင်ပေးရင် ဘယ်လိုနေမယ်ဆိုတာ စောင့်မျှော်နေပါတယ်။
ကျွန်တော့်ဆီမှာတော့ ဗွီဒီယိုမှတ်တမ်းတွေ မရှိပါဘူး.. ဆရာမဆီမှာတော့ ရှိမယ်ထင်ပါတယ်။ မေးကြည့်ပါဦးမယ်။ အဲဒီအချိန်တုန်းက ကင်မရာကောင်းကောင်း မ၀ယ်နိုင်သေးတော့ ဘာမှမှတ်တမ်း မလုပ်နိုင်ခဲ့ပါဘူး။ ဓါတ်ပုံတွေ ရိုက်ထားတာကိုတော့ အပိုင်း ၃မှာ တင်ပေးပါ့မယ်။
ကပွဲအကြောင်း ဆက်ပါဦးနော်း)
မြန်မြန်ကပါတော့ဗျို့ ......
Photo ပါတင်ပေးပါဦးနော် ..
လာလည်ပါတယ်နော်.... အရမ်းစိတ်ဝင်စားဘို့ကောင်းတဲ့ဘလော့လေးပါ..
Post a Comment