February 20, 2009

အခုတော့ဟာသ တချိန်တုန်းကဒုက္ခ

နှင်းငွေ့ ခပ်ပါးပါးကျနေတဲ့ မနက်ခင်းတစ်ခုမှာ အေးစက်စက်လေတို့က ပြတင်းပေါက်ကနေ ခုန်ပေါက်ပြီး ၀င်လာပါတယ်။ နွေးထွေးမှုတို့ကို မပေးတဲ့ ဆောင်းလေတို့ကို ကာစီးဖို့ ခပ်ဟဟဖြစ်နေတဲ့ တံခါးကို ဆွဲပိတ်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ ၇း၁၀ မိနစ်။ အခုအချိန်ထိ ဆရာမ မရောက်လာသေး။ ဆရာမ မရောက်လာရင်တော့ ဒီနေ့ မနက်ခင်းတစ်ချိန် လွတ်လပ်ရေးရမယ်လို့ ကြိတ်တွေးရင်း ပြုံးလိုက်မိတယ်။။ ဟိုဘက်ဘေး၊ ဒီဘက်ဘေး၊ ဟိုဘက်ခုံ၊ ဒီဘက်ခုံ၊ တတွတ်တွတ်နဲ့ စကားအလုအယက် ပြောနေကြတဲ့ ကျောင်းသားတွေအသံတွေနဲ့ တစ်ခန်းလုံးလည်း ပွတ်လော၇ိုက်နေကြပါတယ်။

ကျွန်တော့် ရှေ့တန်း နှစ်ခုံကျော်က ဗူးသီးလို ခန္ဒာကိုယ်နဲ့ ကောင်မလေးတစ်ယောက်လာပြီး နောက်လကျရင်ပေးမယ့် ကျောင်းဆုပေးပွဲအကြောင်း လာပြောတယ်။ သူက ကျွန်တော် စာစီစာကုံးဆုတွေ အများကြီးရဦးမှာတဲ့။ ဆုပေးပွဲကြရင် နင့်အဖေက စင်ပေါ်မှာ နင့်ကို ပြုံးပြုံးကြီး ဆုပေးဦးမှာတဲ့။ အလကားမိန်းမ။ အဖေက ကျောင်းမှာ စည်းကမ်းတစ်ခုချတိုင်း ကျွန်တော်လိုက်နာ မနာအမြဲတမ်း ချောင်းနေကြ။ အခုလည်း ကျွန်တော် ဆုနှစ်တိုင်းရတာ မနာလိုဖြစ်ပြီး အဖေကျောင်းအုပ်မို့လို့၊ သားကျောင်းသားဆုရတာပါလို့ စောင်းချိတ်ပြီး ပြောသွားတယ်လေ။ စိတ်ထဲကနေ စိတ်ပေါက်ပေါက်နဲ့ ဆုတောင်းပေးလိုက်တယ်။ အဲဒီမိန်းမ အေးစက်တဲ့ ဆောင်းရာသီရောက်တိုင်း ချစ်သူနဲ့ လွဲပြီး၊ ပူအိုက်တဲ့နွေရာသီမှာ ပြန်ဆုံပါစေဗျာ။

မကြာခင်ပဲ ဆရာမရောက်လာတော့ ကျောင်းသားအားလုံး ကိုယ့်နေရာ ကိုယ်ထိုင်ပြီး ငြိမ်သွားကြတယ်။ ဆရာမက နာမည်ခေါ် လူစစ်ပြီး စာသင်မလို့ မြေဖြူကိုင်ရုံပဲ ရှိသေးတယ်။ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးက ဆရာဦးမြလွင်ရောက်လာတယ်။ အဲဒီဆရာက ဒီကျောင်းမှာ ကျွန်တော့် အဖေပြီးရင်အကြောက်ရဆုံး။ လက်သံလည်း အဖေ့လောက်နီးပါး လက်သံပြောင်သလားမမေးနဲ့ ။ လက်ထဲက ကြိမ်လုံးနဲ့ အမြင်မတွေရင်တော့ တရွှမ်းရွှမ်း လုပ်ပြီသာမှတ်။

အဲဒီဆရာကြီး ရောက်လာတော့ တစ်ခန်းလုံး အသက်ရှုသံတွေတောင် မကြားတော့။ ငြိမ်သွားလိုက်တာ။ ကျောင်းသားတစ်ယောက် ကျောင်းစည်းကမ်းဖောက်ဖျက်ရင် အပြစ်ပေးဖို့ရောက်လာလို့လေ။ ဆရာက မနေ့က ခွင့်တိုင်စာမပို့ဘဲ ကျောင်းသားတွေကို လာခေါ်တယ်။ အပြစ်ရှိတဲ့ ကျောင်းသားတွေ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ကိုသွား။ တစ်ယောက်ချင်းတန်းစီ။ အဖေ့ရဲ့ ကြိမ်စကြာဒဏ်ဖို့သာ ပြင်ပေတော့။ ဒါကြောင့်မို့လို့ ဘယ်ကျောင်းသားမှ ခွင့်မတိုင်ဘဲ ကျောင်းမပျက်ရဲ။ ဆရာက ပထမဆုံး ကျောင်းသားနာမည်ကို ခေါ်လိုက်တယ်။ ကျောင်းသူတစ်ယောက်ပေါ့။ သူ့နာမည်ကို ခေါ်သံကြားတော့ မျက်နှာကြီး ရှုံ့မဲ့သွားလိုက်တာ။ လိပ်ဥကို ဖျစ်ပြီး လက်နဲ့ ညှစ်လိုက်သလိုပဲ။ ဟိုနေရာပိန်။ ဒီနေရာဖောင်းပေါ့။ သူ့နာမည်ပြီးတော့ ဒုတိယနာမည်။
ဘုရားရေ။
ကျွန်တော်နာမည်ပါလား။ ဘယ်လိုဖြစ်တာတုန်း။ ကျွန်တော်တစ်ခါမှ ခွင့်မတိုင်ဘဲ ကျောင်းမပျက်ခဲ့ဘူးပါ။

ကျွန်တော့်နာမည် ခေါ်သံကြားတော့ ကျောင်းသားတွေအားလုံး ကျွန်တော့်ကို လှည့်ကြည့်ကြတယ်။
အံ့သြတယ်။
နောက်.. ပြုံးတယ်။
သိတယ်။
သူတို့ဝမ်းထဲမှာ ဟားတိုက်ပြိး ရယ်နေကြမှာကို သိတယ်။
ဆရာမကို ကျွန်တော်ခွင့်တိုင်စာ ဖေဖေနဲ့ပေးလိုက်ကြောင်း ထပြောတော့၊ သူလည်းဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားပြီး။ သူမရပါဘူးတဲ့။ ဒါဆို ကျွန်တော့်ခွင့်တိုင်စာက ဘယ်ခြေပေါက်လို့ ဘယ်ရောက်သွားတာလဲ။ အဲဒီအချိန်မှာ နီပြီးရဲတက်လာတဲ့ ကျွန်တော့်မျက်နှာကို အကုန်လုံးက ၀ိုင်းပြီးအရသာခံပြီးကြည့်ကြတယ်။ ဒီလက်ချက် အဖေပဲဖြစ်မှာ။ ခွင့်တိုင်ခိုင်းရဲ့သားနဲ့ သူခွင့်မတိုင်လို့ ဖြစ်ရတာ။

…………………………………………။…………………………………

ခွင့်မတိုင်တဲ့ ကျောင်းသားတွေ အဖေ့ရုံးခန်းရှေ့မှာ အားလုံးစုမိတဲ့ အချိန်မှာ အကုန်လုံးက ကျွန်တော့်ကို ပြုံးစိစိနဲ့ဝိုင်းပြီးကြည့်ကြတယ်။ သူတို့ခြေသလုံးပေါ်ကျမယ့် အဖေ့ကြိမ်စာ အရေးထက် ကျွန်တော့်ကို အဖေ ဘယ်လိုနွှာမလဲဆိုတာကို တစ်ယောက်နဲ့တစ်ယောက် လက်တို့ခြေတို့နဲ့ တီးတိုးတီးတိုး လုပ်နေကြတယ်။ မကြာပါဘူး အဖေရယ်။ ခါးကြီးထောက်၊ ကြိမ်လုံးကြီးဆွဲပြီး ရောက်လာတယ်။ အခန်းအလိုက် နာမည်စာရင်းနဲ့ တိုက်ပြီး ကြိမ်စာကြွေးပွဲ စတော့တာပါပဲ။ ကျွန်တော့် အလှည့်လဲရောက်လာရော အဖေက သူ့လက်မောင်းကို ၁၈၀ ဒီဂရီ လွှဲလိုက်တယ်။ ကြိမ်အရင်းနဲ့ ကျွန်တော့် ခြေသလုံးနဲ့ထိပြီး ဖျောင်းခနဲမြည်သံက တစ်ကျောင်းလုံးကတောင် ကြားရတယ်။ မိုက်ခနဲတောင် ဖြစ်သွားတယ်ဗျာ။

စာသင်ခန်းကို ပြန်လာတော့ မကျေနပ်ချက်တွေကို ၀ုန်းဒိုင်းနဲ့ ကိုယ့်ခြေထောက်နဲ့ ထိနေသမျှမြေပြင်ကို ပိတ်ပြန်ပစ်ခဲ့တယ်။
သိမယ်။
သိမယ်။
အိမ်ရောက်မှ သိမယ်။
ဒီတစ်ခါ အိမ်ဝမှာ ခါးထောက်ပြီး ပြန်စောင့်မယ်။
အဲဒီနေ့က စာသင်ရတာ စိတ်မ၀င်စားဘူး။ ပြူတစ်ပြူတစ် အခန်းဝမှာ ကျွန်တော့် အခြေအနေကို လာကြည့်ကြတဲ့ ကျောင်းသားတွေလည်း မနည်းလှဘူး။ ကျွန်တော့်မျက်နှာကို ခပ်တင်းတင်းပဲထားပြီး တစ်နေကုန် ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့။

အိမ်လည်းပြန်ရောက်ရော အမေ့ကို တိုင်။ အိမ်မှာ ရှိသမျှလူတွေကို တိုင်ပစ်တယ်။ အဲဒီက စပြီး အဖေ့ကို လကုန်တဲ့ အထိစကားမပြောဘူး။ သူ TVရှေ့မှာ ရှိနေရင် ကျွန်တော် TVမကြည့်ဘူး။ ထမင်းလည်း အတူမစားတော့ဘူး။ အဖေက ကျွန်တော့်ကို လတိုင်းတစ်လစာ မုန့်ဖိုး အပြတ်ပေးနေကြ။ လကုန်တော့ စကားမပြောဘဲ တစ်လစာ စာရင်းပေးပြီး တစ်လစာ မုန့်ဖိုးတောင်းလိုက်တယ်။ အဲဒီလက ကျွန်တော်တောင်းတာထက် မုန့်ဖိုးပိုရလိုက်တယ်။ နောက်တော့လည်း သားအဖနှစ်ယောက် စကားပြန်ပြောဖြစ်ကြတယ်။ ပိုရတဲ့ မုန့်ဖိုးကြောင့်လို့တော့ မထင်နဲ့နော်။ လူငယ်ဘက်ကစပြီး စိတ်လျှော့သင့်တယ် ထင်လို့ပါ။ (အဟိ)

…………………………………………။…………………………………
အခုတော့လည်း အဲဒီအကြောင်းကို တွေးမိတိုင်း ရီချင်နေမိတယ်။ အဲဒီတုန်းက ရှက်တာတွေ၊ နာတာတွေ ပေါင်းပြီး အဖေ့ကို ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဖေ့ကို ဂုဏ်ယူသလို။ လေးလည်းလေးစားခဲ့တယ်။ အဖေက အဖေ့အလုပ်ကို တိတိကျကျလုပ်ခဲ့တာကိုး။ ။

(နန်းညီ ကျေနပ်တယ်… ဟုတ်……..မြရေလျင်၊ စိမ်းတိမ်းတိမ်းAMMKပိုင်ဖြိုးကိုတို့လည်းလုပ်ပါဦး။….. နန်းညီရဲ့ မီးကိုလည်း ဆက်မွှေးပေးပါဦး)

11 ယောက်ကဒီလိုမြင်တယ်တဲ့...:

GreenGirl said...

အဖေ့ကို စိတ်ကောက်နေတဲ့ နင့်မျက်နှာကြီးကို ပြေးမြင်တာပဲ ဟိ :P
တော်တော်နာသွားလား...
ငါ့ကို တက်တယ်ပေါ့လေ တက်ကြပေါ့
သူတို့ခေတ်ပဲ :(

paiphyoko said...

ဟား ဟား ဟား၊ ကြုံမှကြုံတတ်တယ် ငါ့ကောင်ရာ။ မင်းအဖေကို တော့အရမ်းလေးစားသွားပြီ။ မင်းကိုကောင်းကောင်နှိပ်ကွပ်နိုင်တာကို :P

မောင်bee said...

ဟားဟား ဖြစ်လည်းဖြစ်တတ်ပါ့ ကိုပိုင် ရေ။ တခါတုန်းကဒုက္ခဆိုပေမယ့် ခုချိန်မှာတော့ တန်ဖိုးရှိတဲ့ မမေ့နိုင်စရာဟာသလေးပေါ့ဗျာ။ ဘယ်လိုဘယ်ဖြစ်ဖြစ် မီးလေးဆက်ကူးပေးတာ အထူးကျေးဇူးဗျာ။

လင်းလက်ကြယ်စင် said...

ဒီလိုအဖြစ်အပျက်မျိုး ကျွန်မလည်းဖြစ်ဖူးတယ် ကိုသက်ပိုင်သူရေ။ ကျွန်မအလှည့်မှာ မတူတာက အပြစ်ပေးရမယ့်သူက ကျွန်မ အမေ မဟုတ်ခဲ့လို့ နည်းနည်းတော့ကွာတာပေါ့နော်။ အခုအချိန်မှာတော့ ကိုသက်ပိုင်သူအတွက် မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုပေါ့ :)

မြရေလျဉ် said...

နင့််အဖြစ်ကလည်း စီရင်ချက်ချမယ့်တရားသူကြီးတဆင့်ရှေ့နေကို စာပေးတာ.မရောက်ပဲ ထောင်ကျတာကိုး
ဆိုးတာက တရားသူကြီးက အဖေဖြစ်နေတယ်
ဇါတ်နာတယ်ဟာ..

Aye Myat Myat Ko said...

တကယ် ဇာတ်နာပါသည်။ သို့သော် အဆော်ခံရသော ဇာတ်လိုက်မှာ ဒေစီပိုင် ဖြစ်နေပါသောကြောင့် အလွန်ပင် အားရ၀မ်းသာဖြစ်မိပါသည်။
(ဖတ်ခဲ့ရသမျှထဲမှာ ဒီ post အားအရဆုံးပဲ။)

ဖိုးဂျယ် said...

ဖြစ်မှ ဖြစ်ရလေ ကိုသက်ပိုင်သူရယ်
တဂ်မလို့ဟာ ညီကတဂ်သွားတော့
ကျွန်တော်လဲ ဖတ်ပီးပြန်သွားတယ်

ကိုရင်နော်ခင်လေးငယ် said...

အော်.. ဖြစ်ရလေ ဆရာကြီးသားရယ်..း)

လင်းဦး(စိတ်ပညာ) said...

အဟဲ... အခုမှ အဖေ့ကို ပြန်တမ်းတနေတယ်ပေါ့။ အဲ့အချိန်တုန်းကတော့ ဘယ်သိမလဲ။ ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် အခုလိုရေးတာကို အဖေသိရင် ၀မ်းသာမှာပါဗျာ..... အဆင်ပြေပါစေ :)

BLACK DREAM said...

ဗူးသီးကို တိုက်လိုက်တဲ့ ကြိမ်စာက တော်တော်လန်ထွက်နေပါလား..။ ဟား..ဟား..။
ဒါနဲ့ အစ်ကို့အဖေက အစ်ကို့ကို ဘာလို့ရိုက်တာတော့ ဟုတ်ပါပြီ..။ ဒါပေမယ့် အဲ့ဒါ အစ်ကိုမှမမှားပဲ..။ ခွင့်တိုင်ရဲ့သားနဲ့ သူ့ဖာသာသူ တိုင်ဖို့မေ့သွားတာကို အိမ်ရောက်တော့ ပြန်မရှင်းပြဘူးလား..။

သက်ပိုင်သူ said...

မရဘူးလေ..
သူက ဆရာကြီးပဲ
ကိုယ်မှ ဆရာမှ မဟုတ်တာ
ဟား.. ဟား..