ကိုလင်းဦးရေ..
“ယဉ်ကျေးမှုကို ဖိသတ်ချင်နေပြီလော အသင်ဆောင်းပါးရှင်” ပို့စ်လေးကို အခုမှဖတ်ဖြစ်တယ်.. ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းလို့.. ကျွန်တော့်အမြင်လေးကို ၀င်ဆွေးနွေးကြည့်လိုက်ဦးမယ်.. ခွင့်ပြုပါ။
ဂျောက်ဂျက်ရဲ့ သီချင်းတွေနားထောင်ဖူးတယ်…. သူ့ရဲ့ အများနဲ့မတူတဲ့ ဖောက်ထွက်မှုကို လက်ခံတယ်.. သူ့ရဲ့စာသားတစ်ချို့က ဟုတ်တော်ရှိ မဟုတ်တော်ရှိ နည်းနည်း မှန်တယ်လို့ ကျွန်တော် ယူဆတယ်…(ဒီနေရာမှာ စာသားအားလုံးမှန်တယ်၊ ဂျောက်ဂျက်ကို ထောက်ခံတယ်လို့ မယူဆစေချင်ပါ။) . ကိုဟန်သစ်ညိမ်ပြောတာကိုလည်း လက်ခံပါတယ်….. ဂျောက်ဂျက်အကြောင်းကို အားလုံးကဆွေးနွေးပြီးသားမို့လို့ အကျယ်ချဲ့ ပြီးမဆွေးနွေးတော့ပါဘူး..
နောက်ပြီး ကိုလင်းဦးရဲ့ပိုစ်မှာ ဂျောက်ဂျက်အကြောင်းထက် ကိုယ်ပိုင်ယဉ်ကျေးမှုအကြောင်းက ပိုပြီးအရေးကြီးတယ်ထင်လို့ပါ။
၁။ယဉ်ကျေးမှု ထွန်းကားမှုအတွက် ခေတ်ရေစီးကြောင်းဆိုတာကို ပစ်ပယ်လို့မရပါဘူး။ ခေတ်ရေစီးကြောင်းမှာမျောပါနေတဲ့ လူငယ်တွေကို အားပေးသင့်သလို၊ ထိန်းကျောင်းပေးသင့်ပါတယ်။ သားစိုးရဲ့ နတ်ဒိုးသံသီချင်းတွေကို လူတွေကလက်ခံတယ်။ ဘာလို့လဲ။ မြန်မာ့ယဉ်ကျေးမှုဆိုတာကို အသုံးပြုသွားလို့ဗျ။ သူ့ရဲ့ သီချင်းတွေက ခေတ်ရဲ့လူနေမှုစရိုက်ကို ကိုယ်စားပြုလားဆိုရင် မပြုဘူးလို့ ကျွန်တော်ထင်တယ်။ တကယ်လို့သာ ကားစပါယ်ယာတွေရဲ့ နေ့သဓူဝစကား အသုံးအနှုံးတွေနှင့် အပြူအမူတွေကိုသာ သီချင်းလုပ်ဆိုပြီး ပြည်သူတွေရဲ့ ခံစားမှုဘက်က သတိပေးကြည့် ဘာတွေဖြစ်လာမလဲ။ သားစိုး အဲဒီအကြောင်းကို ဆိုရင် လူတွေလက်ခံမလား။ ဂျောက်ဂျက်အဲဒီလိုဆိုရင် လူတွေနားပိတ်ထားမလား။ တကယ်တော့ Hip Hop ဆိုတာ ၁၉၇၀ကတည်းက ပေါ်လာတာပါ။ အစပိုင်းမှာ လူတွေလက်မခံပေမယ့် နောက်ပိုင်းမှာ အာရှအထိ ထိုးပေါက်လာခဲ့တယ်။ အမေရိကန်လူမျိုး အာဖရိကန်နှင့် အာဖရိကလူမျိုး ခရီးသွားသီချင်းသည်တွေဆီက ကဗျာဆန်ဆန်၊ စာဆန်ဆန်တွေနဲ့ စခဲ့တဲ့ Hip Hop ယဉ်ကျေးမှုက နှစ်ပေါင်း ၃၀ကျော်အတွင်း ပုံစံအမျိုးမျိုးပြောင်းနေပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း Hip Hop ကိုလူငယ်တွေက ဘာလို့လက်ခံလာသလဲ။ ရှင်းပါတယ်။ Hip Hop သီချင်းစာသားမှာ အဓိပ္မါယ်တွေ သွယ်ဝိုက်မနေဘဲ ဒဲ့ဒိုးပြောနိုင်သလို လူငယ်တွေရဲ့ လွတ်လပ်စွာ ရေးသားသီဆိုနိုင်ခွင့်ကြောင့်လို့လည်းထင်ပါတယ်။ ၁၉၉၀နောက်ပိုင်းမှာတော့ Hip Hop က ကြမ်းလာပါပြီ။ Underground လို့ပဲဆိုဆို Gangsta rapလို့ပဲပြောပြော။ သူတို့တွေရဲ့ ဂီတတွေက မြို့ပြနေလူတန်းစားတွေရဲ့ အကျည်းတန်မှုကို ရဲဝံ့စွာ သရော်လာကြတယ်။ သူတို့စာသားတွေထဲမှာ မကျေနပ်တဲ့ နိုင်ငံရေးတွေ ညပ်ပါလာကြတယ်။ သူတို့ရဲ့ဂီတကို လူတန်းစားတစ်ရပ်က လက်ခံသလို၊ လုံးဝလက်မခံတဲ့ လူတန်းစားတွေလည်းရှိတယ်။ ဥပမာ.. ကျွန်တော် ၉တန်း ၁၀တန်းတုန်းကနားထောင်ဖူးတဲ့ သီချင်းတစ်ပုဒ်လိုပဲ။ Theory အဖွဲ့ရဲ့ “ပိုက်ဆံမရှိဘူး” ဆိုတဲ့ သီချင်းလေးပါ။ အဲဒီတုန်းက တကယ်လည်းငယ်သေးတယ်။ ပိုက်ဆံလည်း တကယ်မရှိတော့။ အဲဒီသီချင်းကို အရူးအမူးပေါ့။ ကြိုက်လွန်းလို့ အိမ်မှာအကျယ်ကြီးဖွင့်မိတော့ မေမေကနားဆူတာရယ်၊ ပိုက်ဆံမရှိဘူးဆိုပြီး မင်္ဂလာမရှိတာရယ်။ နောင်……အိမ်မှာ လုံးဝမဖွင့်ရဆိုပြီး တစ်ခါတည်း အမိန့်ချလိုက်တယ်လေ။ ဒီလိုပါပဲ။ အမြင်ဆိုတာ နှစ်ဖက်ရှိတတ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး၊ စစ်ဒဏ်ကြောင့် ချွတ်ချုံကျလာတဲ့ စီးပွားရေး၊ လူမှုရေးတွေကြားမှာ လူငယ်တွေရဲ့ဒေါသသံဆိုပြီး ကမ္ဘာကျော်လာတဲ့ Rock and Roll ဂီတတောင် အစပိုင်းမှာ အနောက်ကမ္ဘာရဲ့ ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်တယ်၊ မထိမ်းသိမ်းဘူးလို့တောင် အစွပ်စွဲခံခဲ့ရသေးတာပဲ။ အခုတော့လည်း ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်လို့။ အဲဒါ ဘယ်သူငြင်းနိုင်ဦးမှာလည်း။ ဂျောက်ဂျက်ရဲ့ သီချင်းတွေကိုတော့ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမယ့် မိန်းမပျက်တွေလို ဖြစ်နေတဲ့ လူတန်းစားကျဉ်းကျဉ်းလေးကို ဖွဲ့ဆိုထားတဲ့ သူရဲ့သီချင်းတွေက ဘယ်လို Hip Hop အမျိုးအစား လည်းဆိုတာ ခန့်မှန်းလို့ရမှာပါ။ တကယ်လို့ လူငယ်တွေ သွားနေတဲ့ ခေတ်ရေစီးလမ်းကြောင်းမှာ မှားနေရင်တော့ တားရမှာပါ။ ဒါပေမယ့် မသွားရဘူးလို့ အမြဲတမ်း မတားနေသင့်ပါဘူး။
၂။ နောက်ပြီး လူတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ မရှိဘူးလို့ ထင်တယ်ဗျ။ ဖန်တီးရယူထားတဲ့ ယဉ်ကျေးမှုပဲရှိတယ်လို့ ကျွန်တော်က ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတစ်နိုင်ခြင်းစီ၊ လူမျိုးတစ်မျိုးခြင်းစီရဲ့ ယဉ်ကျေးမှုဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေလို့ပဲ။ တစ်ခုနဲ့တစ်ခု ကောင်းတာလေးတွေ ရောစပ်ဖန်တီးပြီးမှ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဆိုတာ ပေါ်ပေါက်လာတာပါ။ ဥပမာ ကျွန်တော်တို့ ပုဂံခေတ်ယဉ်ကျေးမှုကိုကြည့်။ ပျူယဉ်ကျေးမှု၊ မွန် ယဉ်ကျေးမှု၊ ဟိန္ဒူ ယဉ်ကျေးမှုတွေ ပေါင်းစပ်ပြီးမှ ဗမာ့ ယဉ်ကျေးမှုဆိုတာ ဖြစ်လာတာပါ။ အခုလက်ရှိဝတ်နေတဲ့ ကျွန်တော်တို့ရဲ့ ဗမာအမျိုးသား ၀တ်စုံကိုလည်းကြည့်လိုက်ဦး။ အောက်က ကုလားတွေဆီက ဆင်းသက်လာတဲ့ ပုဆိုးနဲ့ အပေါ်က တရုတ်တွေဝတ်တဲ့ အပေါ်အင်္ကျီနဲ့ ခပ်ဆင်ဆင်တူတဲ့ တိုက်ပုံနဲ့။ ကဲ… အဲဒါကို ဗမာစစ်တယ်လို့ ပြောဦးမလားဗျ။ မြန်မာအမျိုးသမီးတွေ မြတ်မြတ်နိုးနိုးဝတ်နေတဲ့ ပါတိတ်တွေ။ ပျိုပျိုအိုအိုမရွေး Singapore, Malaysiaကနေ ပြန်ရင် မဖြစ်မနေ အပြန်လက်ဆောင်ဝယ်ရတဲ့ ပါတိတ်တွေ။ အဲဒါတွေက မြန်မာတွေဆီကနေ ထွက်လာတဲ့ မြန်မာ့ယဉ်ကျေးမှုမဟုတ်ပါဘူး။ အင်ဒိုနီးရှားလူမျိုးတွေရဲ့ ယဉ်တျေးမှုပါ။ တကယ်လို့သာ မြန်မာ့ယဉ်ကျေးမှုစစ်စစ်လို့ ကြုံးအော်နေချင်ရင် ဒို့မြန်မာမိန်းကလေးတွေ ဘာလို့ ချိတ်ထမီမ၀တ်ကြရတာလဲ။ ဒါပေမယ့် မြန်မာမိန်းကလေးတွေက ခေတ်ရှေ့ပြေးချင်တော့ ပါတိတ်ပဲဝတ်ကြတော့တယ်။ သမိုင်းကို ပြန်ကြည့်လိုက်ဦးမလား။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို သိမ်းပိုက်ပြီး ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ယဉ်ကျေးမှုတွေကို ယူဆောင်လာခဲ့သေးတာပဲ။ တကယ်လို့သာ မြန်မာ့ယဉ်ကျေးမှုသာ အားမနည်းနေဘူးဆိုရင် မြန်မာဘုရင်တွေက ယိုးဒယားယဉ်ကျေးမှုကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။အဲဒါဆိုရင် အီနောင်နန်းတွင်း ဇာတ်တော်ကြီးက ထင်ရှားမှာ မဟုတ်ခဲ့သလို၊ မြန်မာ့အကသမိုင်းမှာ ယိုးဒယားအကဆိုတာ ပါလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အနောက်တိုင်းံယဉ်ကျေးမှု၊ အရှေ့တိုင်းယဉ်ကျေးမှု ဆိုပြီး ခွဲခြားမနေသင့်ပါဘူး။ အားကြီးတဲ့ ယဉ်ကျေးမှုက အားနည်းတဲ့ယဉ်ကျေးမှုကို ဖုံးလွှမ်းမှာပဲ။ တစ်ချို့ အရှေ့တိုင်းယဉ်ကျေးမှု (တရုတ်၊ ဂျပန်၊ အိန္ဒိယတို့လို) တွေက တစ်ခါတစ်ရံ အားကြီးတဲ့ အနောက်တိုင်းယဉ်ကျေးမှုကို ဖုံးလွှမ်းတာတွေရှိပါတယ်။ ဒီယဉ်ကျေးမှုတွေမှာ အနုပညာရသတွေ ပါသလို နိုင်ငံရေးတွေကအစ ပါတတ်ပါတယ်။ ဥပမာ ၁၉ရာစုနောက်ပိုင်း ဂျပန်တွေရဲ့ Printmaking ပန်းချီတွေ ခေတ်စားလာတော့ ဥရောပက ပန်းချီပညာရှင်တွေက ဂျပန်သွားပြီး လေ့လာစုစောင်းကြတယ်။ အနုပညာImpressionism ခေတ်မှာ ဂျပန်ယဉ်ကျေးမှုက အနောက်ကမ္ဘာရဲ့ အနုပညာတွေကို လွှမ်းမိုးနိုင်ခဲ့တယ်။ ဒီတော့ သူများယဉ်ကျေးမှုတွေ ကိုယ့်ဆီဝင်ပြီး ဖုံးလွှမ်းမှာ ကြောက်နေမယ့်အစား ကိုယ့်ယဉ်ကျေးမှုကို တိုးတက်ကောင်းမွန်အောင် ပြုပြင် ထိမ်းသိမ်းပြီး ကမ္ဘာသိအောင် လုပ်သင့်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိမိယဉ်ကျေးမှုကို ဘောင်ခတ်ပြီး အညွန့်တုန်းအောင် လုပ်ရင် ကျောက်ခေတ်ယဉ်ကျေးမှုက တက်လာမှာ် မဟုတ်ပါဘူး။ အဲဒီလို ဘောင်ခတ်လွန်းလို့ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုရဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတာလေးတွေ လုံးပါးပါးနေကြတာကို သတိပြုနိုင်ကြပါစေ။
၃။ ဒီမိုကရေစီဆိုသော နိုင်ငံရေးဝေါဟာရကိုတော့ ကျွန်တော် အပြည့်အ၀ နားမလည်သေးပါဘူး။ ဒါပေမယ့် ဒီမိုကရေစီဆိုတာကိုတော့ လူတိုင်းနဲ့ ပါတ်သက်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီမိုကရေစီဟူသော တန်ဆာပလာကသာ တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲကောင်း ပြောင်းလဲလိမ့်မယ်။ ဒါပေမယ့် လွတ်လပ်ခြင်းဟူသော အနှစ်သာရက ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စံအဖြစ်သတ်မှတ်ပြီး အုပ်ချုပ်တဲ့ အနောက်ကမ္ဘာနှင့် လူမှု့အဖွဲ့အစည်းအတွင်းမှာ လူအချင်းချင်း ရိုသေစွာ ဆက်ဆံတတ်မှုကို စံအဖြစ်သတ်မှတ်တဲ့ အရှေ့ကမ္ဘာတို့ရဲ့ ဒီမိုကရေစီ ဖွဲ့စည်းမှုကတော့ ကွဲပြားနေဦးမှာပါ။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့ ပါရဂူ ဘာသာပြန်တဲ့ အဗ္ဘပါလီဝတ္ထုထဲမှာ ရေးထားတာအရဆိုရင် အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီမထွန်းကားခင်ကတည်းက ဘုရားရှင်လက်ထက်၊ အိန္ဒိယနိုင်ငံမှာ လက်ခံကျင့်သုံးနေပါပြီတဲ့။ ဆရာပြောသလိုသာ မှန်ခဲ့လို့ရှိရင် ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံတွေက စတာမဟုတ်ဘူးပေါ့ဗျာ။ ။
18 Feb 2009
3:58Am
3:58Am


16 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကောင်းလိုက်တဲ့ အမြင်လေးတွေ
ဟုတ်တယ်.. လစ္ဆ၀ီလား ဘာလား.. အဲ့လူမျိုးနွယ်လေ.. အမတ်တွေနဲ့ ရွေးကောက်ပွဲနဲ့ .. မိုက်သနော်..
သွားနေတဲ့ လမ်းကြောင်းမှားနေရင်တော့ တားရမှာပါ။ ဒါပေမယ့် မသွားရဘူးလို့ အမြဲတမ်း မတားနေသင့်ပါဘူး။
မှန်တာပေါ့ဗျာ. ကိုသူရာ
တွေးစရာတွေ ပါသွားတယ် သိပ်ကောင်းတဲ့ ပို့စ်လေးပါ..
အခုလို အချက်အလက်စုံစုံလင်လင်နဲ့ ဆွေးနွေးပြတဲ့ အတွက် သိပ်တန်ဖိုးရှိပါတယ်..
သက်ပိုင်သူ ဆိုလို့ ဘယ်သူလဲလို့….. လက်စသတ်တော့ သူကိုး။
အဗ္ဘပါလီဝတ္ထုထဲမှာသာမက…. နိုဘယ်လ်ဆုရသွားတဲ့ Amartyr Sen ရေးသားတဲ့ စာတမ်းတစောင်မှာလည်း…. ဟိုးရှေးပဝေသဏီကတည်းက အာရှမှာ ကျင့်သုံးလာခဲ့တဲ့ အုပ်ချုပ်မှုစနစ်တွေဟာ ဒီမိုကရေစီစနစ်ကို ပစ်ပယ်တဲ့သဘောမရှိဘူးလို့ သုံးသပ်ထားတာ ဖတ်ဖူးပါတယ်။ ဒီမှာ သွားဖတ်ပါ။ (http://www.hmb.utoronto.ca/HMB303H/weekly_supp/week-02/Sen_Asian_Values.pdf)
ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ယဉ်ကျေးမှုတွေဟာ ကူးလူးရောယှက်တတ်တယ်။ ပိတ်ပင်တားဆီးလို့မရ။ အင်အားကြီးတဲ့ ယဉ်ကျေးမှုဟာ အားနည်းတဲ့ယဉ်ကျေးမှုကို ဖုံးလွှမ်းဝါးမျိုသွားတတ်တာလည်း သဘာဝပါ။ အမြင်ချင်းတိုက်ဆိုင်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ကလိုစေးထူး ဘလော့ဂ် ကွန်မင့်ကဏ္ဍမှာလည်း အချေအတင် ဆွေးနွေးခဲ့ဖူးပါတယ်။ ( လွတ်လပ်မှု Vs ဟီရိသြတ္တပ ဆိုတဲ့ ပို့စ်မှာ သွားဖတ်နိုင်ပါတယ်။)
ကိုယ်ပိုင်အမြင်များဖြင့် ၀င်ရောက် ဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ်
ကြိုဆိုလျက်ပါဗျာ .....
ဒီကိစ္စကို သူငယ်ချင်းတယောက်နဲ့လည်း ပြောမိပါသေးတယ်။ သူငယ်ချင်းနဲ့ ဆွေးနွေးပြိး သဘောတူမိတာကတော့ ဒီလိုပါ။
ယဉ်ကျေးမှုဆိုတာ လူတွေထဲမှာ အချိန်နဲ့အတူ ပြောင်းလဲနေတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။ အပြောင်းအလဲကိုလည်း လူ့အဖွဲ့အစည်းကိုယ်တိုင်က ခေါ်ဆောင်လာပြီး လူ့အဖွဲ့အစည်းကပဲ ဆုံးဖြတ်ပါမယ်။ ဒီမိုကရေစီကျတဲ့ အနေအထားမှာသာ ရှိခဲ့ရင်တော့ ဂျောက်ဂျက်လိုကိစ္စမျိုးဖြစ်လာရင် အုပ်ချုပ်သူက ဆုံးဖြတ်တယ် ဆိုတာထက် လူ့အဖွဲ့အစည်းထဲမှာပဲ လက်ခံသူ လက်မခံသူများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးစေပြီး အများစု သဘောတူတဲ့ အနေအထားကို အဖြေရှာကြမယ်လို့ ထင်ပါတယ်။
post တစ်ခုထက်တစ်ခု ပို ပိုပြီး ကောင်းလာတာမို့ cheers! ပါ
ပို၍ ပို၍ ဖတ်ရဖို့ မျှော်လင့်နေပါသည်။
ပို၍ ပို၍ ရေးနိုင်ပါစေ။
ဘယ်လူမျိုးမှာမှ ကိုယ်ပိုင် ယဉ်ကျေးမှုဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအမြင်မျိုးကို တကယ်ပဲ ကြိုဆိုမိပါတယ်။ ထောက်လဲ ထောက်ခံပါတယ်။
နည်းနည်းလေး ဝင်ပြောလိုက်ဦးမယ်။ ယဉ်ကျေးမှုဆိုတာ လူသားပီသမှုလို့ ထင်တာဘဲ။ လူသားတွေက ယဉ်ကျေးမှုကိုဖန်တီးနိုင်ကြတယ်၊ ကူးယူနိုင်ကြတယ်၊ ပုံစံပြောင်းနိုင်ကြတယ်၊ ယဉ်ကျေးမှု ရေစီးထဲမှာစီးမျောနိုင်ကြတယ်။ ဒါပေမယ့် မဖျက်စီးသင့်ဘူးလေ။
ဒီပို့စ်ဖတ်ပြီး တခြားပို့စ်တွေလည်း သွားဖတ်ပါဦးမယ်။ ကျေးဇူးပါနော်။
အမ လာဖတ်ပါတယ်။ လင်ခ်လို့ရပါတယ်ရှင်..
ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ရေးထားတာကို သဘောကျပါတယ်။
မှတ်သားသွားပါတယ်
ထောက်ခံတာပေါ့ ဟုတ်တယ်လေ မြန်မာရိုးရာဝတ်စားဆင်ယင်မှုဆိုရင်
ကိုသက်ပိုင်ပြောသလိုပဲ ချိတ်လုံခြည်တွေပဲ ၀တ်နေသင့်တာပေါ့
ထောက်ခံပါတယ်။ သူ့စာသားတွေ ကြမ်းတာတော့ လက်ခံပါတယ်။
မိဘ မောင်နှမတွေရှိတဲ့ အချိန် နားမထောင်သင့်ပေမဲ့
ယခုခေတ်မှာ ဖြစ်ပျက်နေတာကို မြင်သာအောင်ပြနိုင်တယ်လို့တော့ ပြောရမှာပါ။
အခိုင်အမာ တည်ရှိခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုဟာ သီချင်းလေးတစ်ပုဒ်အတွက်နဲ့ တုန်လှုပ်မနေသင့်ဘူး လို့ထင်တယ်။
သဘောကျစွာနဲ့ ဖတ်ရှုသွားပါတယ်။
ကောင်းတဲ့ ဆွေးနွေးမှုပါပဲ။
သုခမိန်(E-Journal)
http://en.wikipedia.org/wiki/Democracy
Post a Comment