February 15, 2009

မြတ်နိုးမိသောအရာများ


ချစ်သူများနေ့တဲ့……။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်ချစ်တို့ ဒီနေ့ ရုပ်ရှင်လည်း သွားမကြည့်ဘူး။ ပန်းခြံလည်း မသွားဘူးဗျ။ ဒါပေမယ့် ဘုရားတော့ အတူတူသွားဖူးကြတယ်။ Singaporeမှာ ဘုရားဘယ်လိုဖူးလည်းမေးရင်တော့….. ဘယ်လိုဖြေရမလဲ။ ဒီမှာ လည်စရာ ပတ်စရာ မြန်မာပြည်မှာလို စေတီကျောင်းကန်တွေ မရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက် Peranakan Museumက Serenity in Stone ဆိုတဲ့ တရုတ်နိုင်ငံမှ နှစ်ပေါင်း ၁၅၀၀ကျော်က ရှေးဟောင်းဗုဒ္ဓဆင်းတုတော်ပြခန်းကို ရောက်သွားရင်း ဘုရားဖူးခဲ့ခြင်းသာဖြစ်ပါတယ်။

ပြခန်းမှာ ပြသထားသော လက်ရာများမှာ ၁၉၉၆ခုနှစ်က တရုတ်နိုင်ငံ၊ Qingzhouမြို့မှာ အဆောက်အဦးဆောက်ဖို့ မြေညှိရင်း ရှေးဟောင်းလက်ရာ ရုပ်ပွားတော်၄၀၀ကျော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်တွေကို အရှေ့အရပ်ကို ခေါင်းပြုရင်း စနစ်တကျမြှုပ်ထားခဲ့တာပါ။ လွန်ခဲ့သော ၆ရာစုလက်ရာတွေပါ။ ဒါပေမယ့် တူးဖော်ရရှိတဲ့ ဒင်္ဂါးပြားတွေအရ ဘုရားဆင်းတုတော်တွေကို ၁၂ရာစုမှာ မြှုပ်ထားခဲ့တယ်လို့ ယူဆကြပါတယ်။ ဘာ့ကြောင့်မြှုပ်ထားသလဲဆိုတဲ့ သမိုင်းပညာရှင်တွေက အဖြေကိုရှာနေကြဆဲပါ။

ကျွန်တော်တို့နှစ်ယောက် ဘုရားဆင်းတုတော်တွေကို လေ့လာရင်း ရင်သပ်ရှုမော အံ့သြမိကြပါတယ်။ လက်ရာတွေက နှစ်ပေါင်း၁၅၀၀ကြာပေမယ့် တော်တော်အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ရဲ့ချစ်သူက ဘာသာမဲ့ (Free Thinker) လို့ ပြောရင်ရပေမယ့် ဗုဒ္ဓဘာသာဘက်ကိုတော့ ကျွန်တော်နဲ့ ပါတ်သတ်ပြီး တဖြေးဖြေးနဲ့ စိတ်ဝင်စားလာနေပါပြီ။ နောက်ပြီ့း ကျွန်တော်တို့နှစ်ယောက်စလုံး ဗုဒ္ဓ နှင့်ဆိုင်ရာ ယဉ်ကျေးမှုလက်ရာတွေကို မြတ်နိုးကြပုံချင်း တူပါတယ်။ အခုဆိုရင် ဗုဒ္ဓဘာသာ ဘယ်နိုင်ငံပဲသွားသွား ကျွန်တော်တို့ အနည်းဆုံး ဘုရားတစ်ဆူတော့ ရအောင်ပင့်လာတတ်နေပါပြီ။

ကျွန်တော်တို့နှစ်ယောက်ဆီမှာ မြန်မာနိုင်ငံက ဘုရားတင် လေးဆူရှိနေပါပြီ။ ဗမာလက်ရာနှင့် ရခိုင်လက်ရာ ဆင်းတုတော်တွေပါ။ ရှမ်းလက်ရာတွေတော့ မရှိသေးပါဘူး။ နောက်ပြီး ထိုင်ဝမ်က ဗုဒ္ဓဆင်းတုတော် လေးဆူ၊ ကမ္ဘောဒီးယားက နှစ်ဆူ ရှိနေပါပြီ။ တရုတ်နိုင်ငံက ဆင်းတုတော်တစ်ဆူကိုတော့ Singaporeမှာနေတဲ့ တူမတစ်ယောက် အိမ်သစ်တက်တော့ မင်္ဂလာရှိအောင်ဆိုပြီး လက်ဆောင်ပေးလိုက်ပါတယ်။

ကျွန်တော် အခုလို ဘုရားဆင်းတုတော်တွေစုဖို့ အတွေးအခေါ်လေးရတာ ကျွန်တော့်ချစ်သူဆီကဆို မမှားပါဘူး။ သူကစာအိတ် တံဆိပ်ခေါင်းတွေစုတာ ၀ါသနာပါတဲ့သူ။ သူ့ဆီက တချို့ တံဆိပ်ခေါင်းလေးတွေဆို S$၅၀၀၀ လောက်တန်နေပါပြီ။ တစ်နေ့တော့ သူ့ဆီက တံဆိပ်ခေါင်းလေးတွေ ကြည့်ရင်း ကျွန်တော်လည်း ကျွန်တော်မြတ်နိုးတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို စုဖို့ အကြံရခဲ့တာပါ။ အခုလောလောဆယ် ရှေးဟောင်းဆင်းတုတော်တွေ ၀ယ်ပြီးမစုနိုင်ပေမယ့် တစ်ချိန်ကျရင် ၀ယ်နိုင်အောင် ကြိုးစားမှာပါ။

ဘုရားဆင်းတုတော်တွေရဲ့ ကိုယ်နေဟန်ထားက အဲဒီ ဗုဒ္ဓဆင်းတုတော်ကို ပုံသွင်းတဲ့ လူမျိုးပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်ကြတယ်ဆိုရင် ယုံမလား။ အိန္ဒိယက လက်ရာဆိုရင် ကုလားဆန်တယ်။ တရုတ်ပြည်က လက်ရာဆိုရင်တော့ တရုတ်လူမျိုးတွေလို ၀၀တုတ်တုတ်လေးပေါ့။ တကယ်လို့သာ နိုင်ငံပေါင်းစုံက ဗုဒ္ဓဆင်းတုတော်တွေကို တစ်နေရာတည်းမှာ ယှဉ်ထားကြည့်ရင် လူမျိုးပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့လိုက်သလို ခံစားရပါလိမ့်မယ်။ မယုံရင် လက်တွေ့စမ်းကြည့်ကြပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတင် တိုင်းရင်းသားတွေရဲ့ ဗုဒ္ဓဆင်းတုတော်တွေ ပုံစံက မတူကြပါဘူး။ ဗမာလူမျိးတွေရဲ့ လက်ရာကတော့ အားလုံးထက် ကြည်ညိုဖွယ်ကောင်းမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရတနာပုံခေတ် လက်ရာတွေပါ။ ရတနာပုံခေတ်မှာ ဗုဒ္ဓဆင်းတုတော်တွေဟာ ပြုံးယောင်သန်းတယ်။ မျက်နှာတော်က မပြည့်မ၀ိုင်း။ သင်္ကန်းစက လေမှာလွင့်သယောင်။ ကျွန်တော့်စိတ်အထင် ရတနာပုံခေတ်လက်ရာတွေက မြန်မာအဆန်ဆုံးလို့ ထင်ပါတယ်။ တစ်ဖက်ကတွေးကြည့်ရင် ရတနာပုံခေတ်လူတွေရဲ့ ကိုယ်နေဟန်ထားက ပြည့်ပြည့်ဝန်းဝန်း နူးနူးညံ့ညံ့ ရှိတယ်လို့ ယူဆနိုင်ပါတယ်။

မြန်မာလက်ရာတွေမှာတင် ရှမ်းနှင့် ရခိုင် လက်ရာတွေက ဆင်မလိုလိုနဲ့ နည်းနည်းကွဲပါတယ်။ ရခိုင်လက်ရာတွေက မင်းမြောက်တန်ဆာငါးပါး ကားကားစွင့်စွင့် ရှိသလောက် ရှမ်းလက်ရာတွေကတော့ သွယ်သွယ်လျလျ ရှိတယ်လို့ထင်ပါတယ်။

မြန်မာနှင့်ထိုင်းကြတော့ ယဉ်ကျေးမှုခြင်း နီးစပ်ပေမယ့် ဗုဒ္ဓဆင်းတုတော်တွေကတော့ ကွဲပြားပါတယ်။ ဗမာလူမျိုးတွေရဲ့ ဗုဒ္ဓဆင်းတုတော်တွေက ပြည့်ပြည့်ဝန်းဝန်းရှိသလောက်။ ပိန်ပိန်ပါးပါး သွယ်သွယ်လျလျရှိမှ အလှလို့ ယုံကြည်ကြတဲ့ ထိုင်းလူမျိုးတွေ အတွက်တော့ ဘုရားဆင်းတုတော်တွေရဲ့ ခန္ဖာကိုယ်က ပိန်ပိန်သွယ်သွယ်ရှိကြပါတယ်။ ဒါပေမယ့် ထိုင်းလက်ရာတွေက အသွင်မှာပျော့ပျောင်းတယ်လို့ ထင်ရပေမယ့် မျက်နှာကျကတော့ မြန်မာလက်ရာတွေလောက် မနူးညံ့ပါဘူး။

ဂျပန်နှင့် တရုတ်လက်ရာတွေကျတော့ နည်းနည်းဆင်ကြပါတယ်။ ဒါပေမယ့် ဆာမူရိုင်းလို သူရဲကောင်းတွေလို အလေးထားတဲ့ ဂျပန်လူမျိုးတွေရဲ့လက်ရာတွေက သူရဲကောင်းတွေလို တည်တည်ကြည်ကြည် ရှိတတ်ကြပါသတဲ့။ တကယ်တော့ ဘုရားဆင်းတုတော်တွေပာာ တစ်ချို့နေရာတွေမှာ ယုံကြည်ကိုးကွယ်မှုတွေအပြင် နိုင်ငံရေးတွေ ပါလာတတ်ကြတယ်။ တိဘက်လူမျိုးတွေရဲ့ လက်ရာတွေကတော့ အနည်းငယ် ပျော့ပျောင်းဟန်ရှိပြီး မြတ်စွာဘုရားဆင်းတုတော်မှာ မြန်မာမင်းဝတ်တန်ဆာလို အနုစိတ် ပန်းခက်ပန်းနွယ်တွေ တစ်ကိုယ်လုံးပါတတ်ကြပါတယ်။

သမိုင်းပညာရှင်တွေက ဘုရားဆင်းတုတော်တွေရဲ့ မျက်နှာတော်တိုင်းဟာ ခေတ်ကာလလူမျိုးတွေရဲ့ ပုံစံကိုရောင်ပြန်ဟပ်တတ်တယ်လို့ ယူဆကြပါတယ်။ တစ်ခါတစ်လေ ကျွန်တော်စဉ်းစားမိတယ်။ တကယ်လို့သာ ဘုရားဆင်းတုတော်တွေဟာ လူမျိုးနွယ်တွေရဲ့ ရုပ်လက္ခနာကို ရောင်ပြန်ဟပ်တာ မှန်လို့ရှိရင် အခုခေတ်ပေါ် မြန်မာလက်ရာတွေက ကျွန်တော်ကို တော်တော်ဦးနှောက်ချောက်စေတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်း လက်ရာတွေက ပုပုဝိုင်းဝိုင်းနဲ့ အချိုးအစားမမှန်သလို ရှေးဟောင်းလက်ရာတွေမှာ တွေ့ရတတ်တဲ့ နူးညံ့တဲ့ အပြုံးတွေ သိပ်မတွေ့ရတော့လို့ပါ။ ဥပမာ ရန်ကုန်က ၁၉၉၀နောက်ပိုင်း လက်ရာတွေပေါ့ဗျာ။

ကျွန်တော်လည်း အဲ့ဒီလိုနဲ့တွေးချင်တာတွေးပြီး ပြခန်းကထွက်လာတော့ ညနေ၆နာရီထိုးနေပါပြီ။ ကျွန်တော်တို့နှစ်ယောက် ညစာအတူတူစားပြီး ချစ်ချစ်က မနက်ဖြန် အလုပ်ကိစ္စနဲ့ တရုတ်နိုင်ငံ၊ ယူနန်မြို့ကို သွားရမှာမို့လို့ စောစောပြန်ခဲ့ကြတယ်။ အပြန်ကြရင် ယူနန်လက်ရာ ဘုရားတစ်ဆူပင့်ခဲ့ဖို့ မှာဖြစ်အောင်မှာလိုက်သေးတယ်ဗျာ…. ။ ။

၁၅၊၀၂၊၂၀၀၉
မနက်၁နာရီ ၃၂မိနစ

















အိန္ဒိယ၊ တရုတ်၊ ဂျပန်


















တိဘက်၊ သီရိလကာင်္



















ယိုးဒယား၊ မြန်မာ




















ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို


9 ယောက်ကဒီလိုမြင်တယ်တဲ့...:

Aye Myat Myat Ko said...

great!
Cool!
looking forward to reading so many posts like that one!

GreenGirl said...

ဘုရားဆင်းးတုတော်တွေကို ဖူးသွားတယ်။ ရောက်ရာပေါက်ရာမှာ တွေ့သမျှ နှိုက်နှိုက်ချွတ်ချွတ် လေ့လာတတ်တဲ့ နင့်ကို ချီးကျူးတယ်။

khin oo may said...

စိတ်ဝင်စားတယ်။

မီယာ said...

လူတယောက်တမျိုးစီ စိတ်ဝင်စားကြတာခြင်း မတူကြဘူးနော်... အသိတစ်ယောက်ကတော့ ဂင်းနစ်ရှ် ဟိန္ဒူဘုရား ရုပ်တုတွေစုတယ်.. နိုင်ငံအလိုက် ပုံစံပြောင်းတယ်ဆိုတာ ဟုတ်တယ်။

paiphyoko said...

နောက်ထပ်လဲ ဒီထက်ပိုပြီး သိချင်ပါသေးတယ်။ လုပ်ပါဦး ...

ဖိုးဂျယ် said...

သေသေချာချာ လေ့လာခဲ့တာပဲနော်။
ချီးကျူးပါတယ် ဆက်လက် စုဆောင်းနိုင်ပါစေဗျာ

BLACK DREAM said...

အခုမှပဲ သတိထားမိသွားတော့တယ်ဗျာ...။ တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ...။ ကျေးဇူးဗျို့...။

ourstream said...

ဆင်းတုတော်ပုံလေးတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ ဗဟုသုတတော်တော်ရတယ်ဗျာ

puluque said...

ဘုရားဆင်းတုတော်တွေ အကြောင်း ကိုပုံလေးတွေ နဲ့ တကွ ဖော်ပြပေးတဲ့အတွက် ကျေးဇူး၊ နှစ်ခေါက်တိတိ ဖက်သွားပါတယ်.

အော် ဒါနဲ့ ချစ်ချစ်နဲ့ သွားခဲ့တာကိုး........