
စကားပန်းလေးတွေ...
ကျွန်တော် အဲ့ဒီစကားပန်းလေးတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်ခဲ့တာ ငယ်ငယ်ကတည်းကပေါ့။ ပန်းလေးတွေကို ကျွန်တော်စပြီး သတိထားမိတာက စံပြရုပ်ရှင်ရုံနားက ဂျပန်ဆေးရုံမှာပါ။ ကျွန်တော့အစ်မအကြီးဆုံးရဲ့ သူငယ်ချင်းက အဲ့ဒီဆးရုံမှာ အလုပ်လုပ်ဖူးတယ်။ ငယ်ငယ်တုန်းက အဲ့ဒီဆေးရုံကို သွားလည်တိုင်း ဆေးရုံတစ်ဆောင်နဲ့ တစ်ဆောင်ကြားက မြက်ခင်းစိမ်းစိမ်းလေးတွေမှာ တရုတ်စံကားပန်း အဖြူရောင်လေးတွေ စိုက်ထားတာ အများကြီးပဲ။ ပွင့်လွှာက အဖြူရောင်၊ အရွက်က ခပ်စိမ်းစိမ်း၊ အနံ့က မွှေးသက်သက်လေးမို့ ဆေးရုံမြင်ရင် ကြောက်တတ်တဲ့ ကျွန်တော့အတွက် အဲ့ဒီပန်းပွင့်လေးတွေကပဲ မကြောက်အောင် သင်ပေးခဲ့တယ်လေ။ အိမ်ပြန်ရောက်တော့ တရုတ်စကားပင် စိုက်ချင်တယ်လို့ မေမေ့ကိုပြောတော့ မေမေက တရုတ်စကားပင်စိုက်ရင် အိမ်မှာ စကားများတတ်တယ်တဲ့။ ဒီလိုနဲ့ပဲ တရုတ်စကားပန်းပင်လည်း မစိုက်ဖြစ်။ မေ့မေ့ပျောက်ပျောက်နဲ့ ဖြစ်ခဲ့တာ ကြာပြီပေါ့။
"ဂျူး"ရဲ့ "ချစ်သူလား... စကားတစ်ပွင့် ပွင့်ခဲ့တယ်" ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးတဲ့ အချိန်မှာတော့ ငယ်ငယ်က အမှတ်တမဲ့ မေ့နေတဲ့ စကားပန်းရနံ့လေးတွေ ကျွန်တော့နားမှာ ဝေ့ကာသီကာနဲ့ သင်းလာတယ်။ ၀တ္ထုစာမျက်နှာ တစ်ရွက်ပြီးတစ်ရွက် လှန်လိုက်တိုင်းမှာ စကားပန်းပွင့်ဖတ်နုနုလေးတွေ တစ်ချပ်ပြီးတစ်ချပ် ပွင့်လာခဲ့တယ်။ ၀တ္ထုက ကျွန်တော့ကို ဘယ်လောက်ဖမ်းစားသလဲဆိုရင် တစ်နေကုန် ထမင်းမေ့ ဟင်းမေ့ပါပဲ ဆိုပါတော့။
အဲ့ဒီဝတ္ထုကို ဖတ်ပြီးတဲ့ အချိန်မှာတော့ ရုပ်ရှင်ရူး ရူးတတ်တဲ့ ကျွန်တော့အတွက် စကားပန်းဥယျာဉ်ကြီးထဲမှာ ဇာတ်လမ်းဇာတ်ကွက်တွေ၊ စကားပန်းအမျိုးမျိုးတွေနဲ့ စိတ်ကူးယဉ်ပြီး ရူးခဲ့မိသေးတယ်။ ၀တ္ထုထဲကအတိုင်း စကားပန်းဥယျာဉ်ကြီးသာ အပြင်မှာတကယ်ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တောင့်တမိသေးတယ်။ ( ကျွန်တော် အနှစ်သက်ဆုံး ရုပ်ရှင်ကားတွေအကြောင်း အလျဉ်းသင့်သလို ဖော်ပြပေးပါမယ်။ စကားချပ် )
အဲ့ဒီဝတ္ထုဖတ်ပြီးနောက် ၂နှစ်လောက်အကြာမှာပေါ့... ကိုယ်ဖြစ်ချင်တာ အပြည့်အ၀ မလုပ်နိုင်ပေမယ့် နည်းနည်းပါးပါးတော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် LASALLE-SIA မှာ နောက်ဆုံးနှစ် Project အတွက် ကိုယ်လုပ်ချင်တဲ့ Project တွေကို Programme Leader ဆီကိုတင်ရတဲ့ အချိန်မှာပါ။ နောက်ဆုံးနှစ် Project ကို Graduation Project လို့ခေါ်ရင်လည်း မမှားပါဖူး။ ကျွန်တော့ရဲ့ Programme Leader ဆရာမ Gho Suhan က ကျွန်တော့ကို ဘာ Project တင်မလဲလို့မေးတယ်။ Project အမျိုးအစားထဲမှာ ဘာသာရေးနဲ့ဆိုင်တဲ့ Interior Design, Museum နဲ့ ဆိုင်တဲ့ Interior Design, Commercial နဲ့ဆိုင်တဲ့ Interior Design... စုံလို့ပါပဲ။
အဲ့လိုခေါင်းစဉ်အမျိုးမျိုးရှိတဲ့အနက် အသစ်တိုးလာတဲ့ ခေါင်းစဉ်တစ်ခုက Set Design။ ဆရာမက နောက်တစ်နှစ်ကြရင် ဘာသာခွဲအနေနဲ့ Set Design ဆိုပြီးသင်ဖို့ ကျောင်းမှာစတင် ဆောင်ရွက်နေချိန်။ ကျွန်တော်တို့နှစ်က ကျောင်းသားတွေအနေနဲ့ Set Design ဆိုတာကို ကြားသာကြားဖူးပြီး ဘာသာရပ်တွေအနေနဲ့ လုံးဝမသင်ခဲ့ကြရ။ ဒါပေမယ့် ခေါင်းစဉ်အမျိုးမျိုးအနက် ကျွန်တော်စိတ်ဝင်စားမိတာက အဲ့ဒီ Set Design။
ကျွန်တော်လုပ်ရမယ့် Set Design က ကျွန်တော် အရမ်းစိတ်ဝင်စားတဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ဖန်တီးရတဲ့ အရာတော့ မဟုတ်ပါဘူး။ ကျောင်းမှာလုပ်ရတဲ့ ဒီဇိုင်းဆိုတာက ပြဇာတ်ရုံတွေမှာသုံးတဲ့ နောက်ခံအပြင်အဆင်တွေပါ။ ကျွန်တော်လည်း အဲ့ဒါကို စိတ်ဝင်စားတာနဲ့ နောက်ဆုံးနှစ် Project ကို Set Design နဲ့လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဇာတ်လမ်းတွေစပြီး ရွေးရတော့တယ်။ ကျွန်တော့အနေနဲ့ အဲ့ဒီအချိန်က နိုင်ငံတကာပြဇာတ်ဇာတ်လမ်းတွေနဲ့ အရမ်းစိမ်းနေပါသေးတယ်။ မြန်မာပြဇာတ်တွေကပဲ ကိုယ်နဲ့ရင်းနှီးတဲ့ ဇာတ်လမ်းကိုရွေးဖြစ်တယ်။ ရာမယဏပြဇာတ်ကိုရွေးချင်ပေမယ့် အဲ့ဒီဇာတ်က အရှေ့တောင်အာရှ နိုင်ငံတိုင်းလိုလိုမှာရှိတော့ မရွေးဖြစ်ခဲ့ဖူး။ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ရွေးမယ်လုပ်ပြန်တော့လည်း ဇာတ်လမ်းအပြည့်အစုံက မေ့နေပြန်ရော။ ရတနာပုံနန်းတွင်း ဇာတ်လမ်းတွေထဲက စုဖုရားလတ်အကြောင်း အမာခံလုပ်ပြီး ပြဇာတ်လုပ်ကြည့်ပြန်တော့လည်း ဇာတ်လမ်းဇာတ်ကွက်တွေက များနေပြန်ရော။
ဒီလိုနဲ့ပဲ ဘာရွေးရင် ကောင်းမလဲလို့ ဆုံးဖြတ်ရခက်နေတုန်းမှာ ဂျူးရဲ့ဝတ္ထုကို သွားသတိရမိတယ်။ Peninsula Plazaက ဒဏ္ဍာရီစာအုပ်ဆိုင်မှာ ဂျူးရဲ့ဝတ္ထုကို ကမန်းကတမ်းပြန်သွားဝယ်၊ အစအဆုံးပြန်ဖတ်ကြည့်၊ နောက်တော့ စကားပန်းဥယျာဉ်ကြီးရယ်၊ ခွန်သာရယ်၊ မြဦးမေရယ်က ကျွန်တော့ရဲ့ ဖျတ်ဖျတ်လူးနေတဲ့ အာရုံတွေကို အမိအရဖမ်းစားသွားတော့တယ်။ နောက်ဆုံးတော့ အဲ့ဒီဝတ္ထုကိုပဲ ပြဇာတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ရှိပြီးသားပြဇာတ်တွေကို မသုံးပဲ ၀တ္ထုကို ပြဇာတ်အဖြစ်သုံးဖို့ ဆုံးဖြတ်လိုက်တာဟာ ကျွန်တော်မှားမှန်း သိလိုက်ရတဲ့အချိန်မှာ အတော့်ကိုနောက်ကျသွားပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ ဆရာမကို Project အကျဉ်းချုပ်တင်ပြပြီးသွားတဲ့အခါမှာ ပြဇာတ်မူရင်းကိုပါ အင်္ဂလိပ်လိုတွဲပြီး တင်ရမယ်ဆိုတဲ့ အချက်ကြောင့်ပါ။အဲ့သည်အချိန်ကစပြီး ကျွန်တော့ရဲ့ နောက်ဆုံးနှစ် ကျောင်းတက်ရက်တွေမှာ အိပ်ရေး၀၀ အိပ်ရတဲ့ရက်ဆိုတာ မရှိသလောက်ပါပဲ။ ၀တ္ထုကိုခဏခဏဖတ်၊ ပြဇာတ်လို အခန်းတွေခွဲ၊ အခန်းတိုင်းကို အချိတ်အဆက်မိအောင်လုပ်၊ တည်းဖြတ်တာလည်း ကျွန်တော်၊ ဒါရိုက်တာလည်း ကျွန်တော်၊ နောက်ဆုံးသရုပ်ဆောင်တာလည်း ကျွန်တော်၊ ( ကိုဖားကြီးရဲ့ ပို့စ်ကို သွားသတိရမိတယ်ဗျာ :) )။
Project အကျဉ်းချုပ်
အားလုံးကို မြန်မာလိုတွေရေး၊ မြန်မာလိုတွေ တည်းဖြတ်ပြီး အင်္ဂလိပ်ဘာသာပြန်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေ ရှာရတာပေါ့။ ကျွန်တော်အိပ်ရေးပျက်ခဲ့ရသလို ကျွန်တော့လိုပဲ အိပ်ရေးပျက်ခံပြီး ဘာသာပြန်ပေးခဲ့တဲ့ လူတစ်ယောက်လည်း ရှိခဲ့တယ်။ အဲ့ဒီလူက မမကေ တဲ့။ ( အခုတော့ မမကေတစ်ယောက် ဘုရားသခင်ရဲ့ မေတ္တာအရိပ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပါပြီ။ ) ဂျူးဝတ္ထုကို ဘာသာပြန်တဲ့ညတွေမှာ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ အိပ်ရေးပျက်တဲ့ ညတွေပါပဲ။ မမကေကို ညတိုင်းဖုန်းဆက်ပြီး ပြဇာတ်နဲ့ ပတ်သက်ပြီး ဘာသာပြန်ရမယ့်အကြောင်းတွေမေး။ သူ့အိမ်ကိုသွားပြီး လူကိုယ်တိုင် ဒုက္ခပေးရတာကလည်း မနည်းလှ။ ပြဇာတ်တစ်ခုလုံး ဘာသာပြန်ဖို့ အခန်းခွဲဖို့ ကျွန်တော်တို့နှစ်ယောက်လုံးအတွက် တစ်ပတ်ပဲ အချိန်ရခဲ့တယ်။ နောက်တစ်နေ့ ပြဇာတ်မူရင်းကို အင်္ဂလိပ်လို တင်ရတော့မယ်၊ ကျွန်တော်နဲ့ မမကေ တည်းဖြတ်တုန်း၊ ဘာသာပြန်တုန်းပါပဲ။ ကျွန်တော့မှာ မမကေစိတ်မဆိုးအောင် မျက်နှာလုပ်ရတာ အမော။ မမကေကြိုက်တဲ့ အစားအစာတွေ ၀ယ်ကျွေးလိုက်၊ မမကေကြိုက်တဲ့ ဆေးလိပ်တွေ ၀ယ်ပေးလိုက်နဲ့ပေါ့။ နောက်ဆုံးတော့ တစ်ရက်နောက်ကျပြီးမှပဲ ဆရာမဆီကို တင်လိုက်နိုင်တော့တယ်။
ကျွန်တော့မှာ ဂျူးဝတ္ထုကို ဘာသာပြန်ပေးပြီးလို့ ပျော်မယ်ကြံရုံပဲ ရှိသေးတယ်။ ဆရာမက ပြဇာတ်ရုံတွေနဲ့ ပတ်သက်ပြီး လေ့လာရမယ်လို့ ဆိုပြန်ရော။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုရူးပြီလို ထင်လိုက်ရတယ်။ ပြဇာတ်ရုံတွေကို Google မှာရိုက်ပြီး ရှာရုံလောက်နဲ့ မလုံလောက်တော့ဖူး။ ပြဇာတ်ရုံတွေကို ကိုယ်တိုင်သွား၊ ပြဇာတ်မှာသုံးတဲ့ အလင်းရောင်၊ နောက်ခံအသံ၊ တီးလုံး၊ မိတ်ကပ် အားလုံးလေ့လာရပြန်တယ်။
ကျောင်းက Drama Department ကဒိန်းမတ်လူမျိုး Paw လို့ခေါ်တဲ့ ပိန်ပိန်ရှည်ရှည်၊ ဦးထုပ်အမြဲဆောင်းတတ်ပြီး တစ်ခါတစ်လေ ဘုဂလန့်တိုက်တတ်တဲ့ ဆရာတစ်ယောက်ကို အပူကပ်ပြီး သိချင်တာတွေမေး။ သူ့ဆီကပဲ ပြဇာတ်မှာသုံးတတ်တဲ့ အလင်းရောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေငှား။ သူ့ရဲ့အကူအညီနဲ့ပဲ စကာင်္ပူက Victoria ပြဇာတ်ရုံကို တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်နိုင်ခဲ့တယ်။ Camera တစ်လုံး၊ စာအုပ်တစ်အုပ်နဲ့ ကျွန်တော့မှာ အရူးမီးဝိုင်းသလိုပါပဲ။ ဇာတ်စင်နောက်ကို ပြေးလိုက်၊ အရှေ့ပြေးလိုက်နဲ့။ ဒီကြားထဲ အဲ့ဒီဆရာရဲ့ အဆူအငေါက်လည်း ခံရသေးတယ်။ ပြဇာတ်မှာ သုံးတဲ့ပစည်းတွေ၊ ဆလိုက်တွေ၊ အားလုံးကိုမှတ်မိနေအောင် လုပ်ရတာလည်း ဒုက္ခတစ်ခုပါပဲ။ Victoria ပြဇာတ်ရုံမှာ အိုးနင်းခွက်နင်းနဲ့ မိန်းမတွေ အ၀တ်လဲတဲ့အခန်းထဲလည်း မှားပြီးဝင်လိုက်မိသေးတယ်။ Paw ပြတဲ့ အလင်းရောင်ချိန်တဲ့ ဆလိုက်မီးတစ်ခုကို ကွင်းကနေမကိုင်ပဲ အရင်းကနေကိုင်မိလို့ အပူလောင်ပြီး ဂွတ်ခနဲ လွှတ်ချလိုက်မိသေးတယ်။ တော်သေးတယ် ဆလိုက်တစ်ခုလုံး ဘာမှမဖြစ်လို့။ ထုံးစံအတိုင်း သူ့ရဲ့ဗျစ်တောက် ဗျစ်တောက် အငေါက်တော့ ခံလိုက်ရတာပေါ့။ ဒါပေမယ့် သူ့ရဲ့ကျေးဇူးကြောင့် ပြဇာတ်တစ်ချို့တစ်လေကို ရှေ့ဆုံတန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး အခမဲ့ ရှုစားနိုင်ခဲ့တယ်။ ဇာတ်စင်တစ်ခုလုံးရဲ့ အတွင်းအပြင်၊ အထက်အောက် အကုန်လုံးကို နားလည်ပြီ၊ ပြဇာတ် ဒီဇိုင်းလုပ်ဖို့ လက်ထဲမှာ ပြဇာတ်တစ်ပုဒ် ကောင်းကောင်းရှိပြီဆိုမှပဲ ဒီဇိုင်းဆွဲဖို့ ပြင်ရပါတော့တယ်။
ဝတ္တုတစ်ပုဒ်လုံး ဘာသာပြန်နေတဲ့အချိန်၊ Victoria Theatre ကို ပြေးလွှားနေရတဲ့ အချိန်တွေမှာ ကျွန်တော်ရူးသွပ်ခဲ့တဲ့ စကားပန်းလေးတွေ ကြက်ပျောက်၊ ငှက်ပျောက်။ ဘယ်ရောက်လို့ ရောက်နေမှန်းမသိ။ ကျောင်းက ကျွန်တော့ရဲ့ စားပွဲမှာထိုင်ပြီး ပုံကြမ်းတွေဆွဲတော့မှပဲ နွမ်းလို့ပဲ့ကြွေနေပြီဖြစ်တဲ့ စကားပန်းလေးတွေကို ပွင့်ချပ်တစ်ချပ်ခြင်းစီ ပြန်စီမှပဲ ကျွန်တော့်ရဲ့ ခဏတာပျောက်ဆုံးနေတဲ့ စကားပန်းဥယျာဉ်ကြီး တစ်စတစ်စနဲ့ ပြန်အသက်ဝင်လာပါတော့တယ်။




12 ယောက်ကဒီလိုမြင်တယ်တဲ့...:
အလွန်အလွန်ကောင်းပါသည်။
( လက်ညောင်းတာ၊ ညစောစော မအိပ်ရတာ၊ ကိုယ့်ဘလော့ခ်ကိုတောင် ပစ်ထားရတာတွေအတွက်တော့...ဟဲ ဟဲ :P )
ကျေးဇူးပဲ......... မုန်ဝယ်ကျွေးမယ်.... :P
စကားပြေ အရေးအသားက တကယ်ကောင်းပါတယ်၊ နောက် ရေးအားကလည်း အံမခန်းပါပဲ ။ အခက်အခဲတွေ၊ စိတ်အကျဉ်းအကျပ်တွေနဲ့ စိတ်သောကကြားထဲက စိတ်ညစ်စရာပျော်စရာတွေကို ဖတ်ရတော့ ရေးတဲ့သူနဲ့ အတူလိုက်ပါ စိတ်မော၊ ပျော်ရွှင် ရတယ်၊ ရသ၊ ဗဟုသုတနဲ့ ကျောင်းသားတစ်ယောက်ရဲ့ ၀ဋ်ဒုက္ခတွေကိုလည်း အတိုင်းသားပဲ မြင်နေရတယ်၊ ဘက်စုံ အခက်အခဲတွေကြားထဲက ကြိုးစားပမ်းစားလုပ်နေတာကို မြင်တော့ လေးစားမိတယ်၊ ဆက်ရေးပါ အပိုင်း ၂ ကို ဆက်ဆက်မျှော်နေမယ် ... အားပေးနေတယ်... ။
ကိုပိုင်...
အနော့်ကို တန်းလန်းကြီးမထားခဲ့နဲ့လေ....
ဟွင့်
ကောင်းခန်းရောက်ရင် လုပ်ပြီဂျာ... ဟွန်း...
သြော်..မေ့လို့
နောက်တစ်ခါ... Set Design လုပ်ရင် ပြောပါဦး..
ဆရာမ နုနုရည်(အင်းဝ) ရဲ့
ပြုံး၍လည်းကန်တော့ခံတော်မူပါ.. ရယ်၍လည်း ကန်တော့ခံတော်မူပါ.. ၀တ္ထုရဲ့
Set Design လုပ်ရအောင်နော်..
(မင်းသားတွေကိုတော့ ကိုပိုင်နဲ့ တိုင်ပင်ပြီးရွေးရအောင်)
:D
ပြုံး၍လည်းကန်တော့ခံတော်မူပါ.. ရယ်၍လည်း ကန်တော့ခံတော်မူပါ..
အဲဒီ အခါကျရင်လည်း ...စကားတစ်ပွင့်... တုန်းကလိုပဲ...တည်းဖြတ်တာလည်း ကျွန်တော်၊ ဒါရိုက်တာလည်း ကျွန်တော်၊ နောက်ဆုံးသရုပ်ဆောင်တာလည်း ကျွန်တော် ပဲ လုပ်လိုက်ပေါ့
(ဒေစီဂျိမ်း လေ)
:D
ဟ... ဟာ....ဟား....ဟား
ဖြိုးစကီး & မအေးမြတ်မြတ်ကို..ပင့်တာနဲ့... ကျွန်တော်လဲ ဒေစီဂျိမ်း ဖြစ်တော့မယ်.....ဒေစီဂျိမ်း ဖြစ်ချင်ဘူး...ဒေစ်ီပိုင်ပဲ လုပ်တော့မယ်.....
သူငယ်ချင်းရေ.... ဒုတိယပိုင်းကို စောင့်နေတယ်နော်။ :P
ဒုတိယပိုင်း လာဖတ်မယ်နော်
အဲဗျာ ပင်ပန်းလိုက်တာနော်..ကျတော်ဆို လုပ်နိုင်ပါမလားမသိ...အသက် လက်ရာလေးတွကို လေးစားစွာ အာကျငေးမောသွားတယ်ဗျာ
ကျနော် ကိုသက်ပိုင်ကို လေးစားပါတယ်ဗျာ
တော်လို့ ပါ မလွယ်ဘူး ဖတ်ရတာနဲ့ တင် ကျွန်တော် တော့ မောတယ်
ဒုတိယပိုင်းဆက်ဖတ်လိုက်ဦးမယ်
ဒီနေ့ တော့ ခင်ဗျားဘလော့က မခွာနိုင်တော့ ဘူး ကော်ဖီလေးဘာလေးတိုက်ဗျာ
ခင်တဲ့ 
ရန်ကုန်သား
အေးမြသာယာပါစေ :D
သူသူ
ဗီဒီယို ဖိုင်ရှိလားဟင်
Post a Comment