January 6, 2009

အန်ကောဝပ်



အန်ကောဝပ်...

အဲ့ဒီနာမည်နဲ့ ရင်းနှီးနေတာကြာပြီ။ ဟိုးအရင် ငါးတန်းကျောင်းသား ဘ၀ကတည်းက။ သူ့အကြောင်းကို သေသေချာချာ သိခဲ့ရတာကတော့ Art History ကို Lesslle-Sia မှာ သင်ရရင်း ပိုရင်းနှီးခဲ့တာပါ။ သူ့အကြောင်းကို ပိုသိလေ သူ့ကိုမြင်ဖူးချင်လေပင်။ အခုတော့ သူ့အကြောင်းကို ပိုသိဖို့ အကြောင်းဖန်လာလေပြီ။

အန်ကောဝပ်ဟူသော ပျောက်ဆုံးနေသော နိဗ္ဗာာန်ဘုံကိုသွားဖို့ အနည်းဆုံးလေးနှစ်လောက် ကျွန်တော် အားခဲခဲ့ရသည်။ အခုတော့ သူ့ဆီသွားဖို့ အကြောင်းဆုံခဲ့လေပြီ။ ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း နှစ်ယောက်ရယ်၊ အန်ကောဝပ်ကို အတူသွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အန်ကောဝပ်ကို သွားမည်ဆိုလျှင် Siem Reapကို အရင်ဆုံးသွားရသည်။ အဲ့ဒီအချိန်တုန်းက Jetstar Budget Airline နှင့်သွားဖို့ လေးငါးလလောက် လက်မှတ်ကြိုဝယ်ဖြစ်သည်။ ကျွန်တော်တို့ဝယ်စဉ်က လေယာဉ်လက်မှတ်ခက အသွားအပြန်မှ S$145သာပေးရသည်။ အနီးကပ်မှဝယ်လျှင်တော့ အနည်းဆုံး S$300ကျော်ပေးရသည်။ လေယာဉ်လက်မှတ်ဝယ်ပြီး အကောင်းဆုံးနှင့် ဈေးအသက်သာဆုံး ဟိုတယ်ကို အင်တာနက်မှာ ရှာကြည့်သည်။ ရိုးရိုး Guest House ဆိုလျှင် တစ်ညကို US$20 , 15 လောက်ပေးရသည်။

Siem Reap လေဆိပ်

( ၃ ) ယောက်တည်းခိုနိုင်သော တည်းခိုခန်း

အဲ့ဒီလိုရှာရင်းဖွေရင်းနဲ့ မထင်မှတ်ပဲ Resortတစ်ခုကို သွားတွေ့သည်။ အဲ့ဒီ Resortက Package နဲ့တည်းမည်ဆိုလျှင် ပိုအဆင်ပြေသည်။ ၃ညအိပ် ၃ယောက်စာအတွက် US$290 သာပေးရသည်။ ဟိုတယ်စရိတ်သာမက Breakfast ပါ ပါသေးသည်။ နောက်ပြီး Sight Seeing အတွက် ၃ရက်စလုံး တစ်နေကုန် Driver နဲ့ကားတစ်စီးပါ ပေးသေးသည်။ တကယ်ကို ဈေးသက်သာသည့် အကောင်းဆုံးဟိုတယ်ကို ကျွန်တော်တို့ရခဲ့သည်။ ဟိုတယ်မှ လေယာဉ်ကွင်းအပို့အကြိုပါ လုပ်ပေးသည့်အတွက် အားလုံးကပြည့်စုံခဲ့သည်။ ကျွန်တော်တို့ကတော့ မသွားခင်ကတည်းက ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အန်ကောနှင့်ပတ်သက်သမျှ လက်လှမ်းမီသလောက် ကြိုပြီးဖတ်ခဲ့သည်။ Free & Easy သွားတာဆိုတော့ Guide မပါ။ ကိုယ့်ရဲ့ Guide ကခရီးသွားလမ်းညွှန်စာအုပ်သာ။ ကိုယ်ဘာသာကို လမ်းညွှန်စာအုပ်ဖတ်ပြီး ဘယ်ရက်မှာ ဘယ်ဘုရားကျောင်းကို သွားမယ်ဆိုတာကို စာရင်းလုပ်ထားရသည်။ အဲ့ဒီလိုနဲ့ အန်ကောဝပ်ကို သွားမယ့်ရက်ကို လက်ချိုးရေရင်း စောင့်ခဲ့ရတာ အမောပေါ့...။

အန်ကောဟူသော ခမာတို့၏ တိုင်းပြည်လေးသည် တစ်ချိန်က လျှမ်းလျှမ်းတောက် တန်ခိုးထွားခဲ့ဖူးပါသည်။ ဗီယက်နမ်နိုင်ငံမှ ကျွန်တော်တို့ မြန်မာနိုင်ငံအထိ အာဏာစက်ပြန့်နှံ့ခဲ့သည်။ ယခုတိုင် ခမာတို့နေထိုင်ရာ အန်ကောမြို့ဟောင်းလေးသည် ကမ္ဘာလှည့်ခရီးသည်များကြားတွင် ရေပန်းစားနေဆဲပါ။ အန်ကောဝပ်အကြောင်းကို ကျွန်တော် ငါးတန်းတုန်းက သင်ခဲ့ရသည်။ ထိုအချိန်တုန်းက နေရာတစ်နေရာတည်းတွင် ရှေးဟောင်းအဆောက်အဦး အများဆုံးရှိသော နေရာမှာ ကျွန်တော်တို့ရဲ့ ပုဂံမြေတစ်ခုတည်းသာဟု မှတ်ယူခဲ့သည်။ ဒါပေမယ့် History of Architecture ကိုကျောင်းမှာသင်ရသောအခါ ခမာတိုရဲ့ အန်ကောမြို့ဟောင်းလည်း တစ်ခုအပါအ၀င်ဟု သိခဲ့ရသည်။ အန်ကောမြို့ဟောင်းနှင့် ပုဂံမြို့ဟောင်းသည် ရှေးဟောင်းအမွေအနှစ် များစွာဖြင့် လှပနေသော နေရာလေးတစ်ခုဖြစ်သည်။

ပုဂံမြို့ရှိ ရှေးဟောင်းအဆောက်အဦများသည် ကျယ်ပြန့်သည့် လွင်ပြင်ကျယ်ထဲတွင် ထိုးထိုးထောင်ထောင် နှင့် သူ့ထက်ငါ အပြိုင် လှခဲ့ကြသည်။ အန်ကောဝပ်ကတော့ စိမ်းလန်းသော တောအုပ်ကြားတွင် လျှို့လျှို့ဝှက်ဝှက် တည်တည်ငြိမ်ငြိမ်နှင့် လှသည်။ ကျွန်တော်တွေ့ခဲ့ရသော အန်ကောဝပ်သည် ကျောက်ဆစ်လက်ရာများဖြင့် အနီးကပ်လေ လှလေဆိုသော နေရာမျိုးပေ။

အန်ကောဝပ်၏ ကျောက်ဆစ်လက်ရာတို့သည် 3D ပုံစံရှိသည်ဟု သမိုင်းပညာရှင်တို့က လက်ခံကြသည်။ တကယ်ကိုရှားပါးလှသော အရှေ့တိုင်း အနုပညာလက်ရာများပင် ဖြစ်သည်။ မြန်မာနှင့် Cambodia သည် နိုင်ငံခြင်းဝေးကွာသော်လည်း ယဉ်ကျေးမှုခြင်း နီးစပ်ခဲ့သည်။ တကယ်တော့ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုသည် မွန်ခမာတို့ဆီက ရခဲ့သည်ဟုဆိုလျှင် မှားမယ်မထင်။

ကျွန်တော် Lassle-sia မှာ ကျောင်းတက်စဉ်က ကျွန်တော့ရဲ့ သမိုင်းဆရာက မြန်မာတို့ယဉ်ကျေးမှုသည် ထိုင်းနိုင်ငံမှ ရခဲ့သည်ဟု ပြောခဲ့ဖူးသည်။ ထိုစဉ်က ဆရာပြောသောအချက်ကို လက်မခံနိုင်ခဲ့ပါ။ ဒါကြောင့်ဆရာ့ကို ပြန်ချေပနိုင်ရန်အတွက် ကျွန်တော် မြန်မာ့သမိုင်းကို ပြန်လေ့လာခဲ့သည်။ ဆရာဒေါက်တာသန်းထွန်းရေးခဲ့သော မြန်မာ့သမိုင်းကြောင်းနဲ့ ပတ်သက်သော စာအုပ်များကို ပြန်လေ့လာခဲ့သည်။ ထိုအခါကျွန်တော် မသင်ခဲ့ရသော မသိခဲ့ရသော အချက်တို့ကို ဆရာ့စာအုပ်များမှ ရခဲ့သည်။ Lassle-siaမှ ဆရာပြောခဲ့သောအချက်သည် အပြည့်အ၀ကြီး မဟုတ်လျှင်တောင် မှန်ကန်ကြောင်းကျွန်တော် လက်ခံခဲ့သည်။

အနော်ရထာမင်းမတိုင်ခင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းသည် သိပ်ပြီးမမြင့်မားသေးပါ။ အနော်ရထာမင်းစောက မွန်တို့၏တိုင်းပြည် သထုံကိုသိမ်းပိုက်ပြီးနောက် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်။ ထိုစဉ်အချိန်က မွန်လူမျိုးတို့၏ တိုင်းပြည်သည် ထိုင်းနိုင်ငံအတွင်း ရှိသည်ဟု ယူဆကြသည်။ မွန်လူမျိုးတို့၏ ယဉ်ကျေးမှုသည် ခမာလူမျိုးတို့၏ ယဉ်ကျေးမှုပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာနှင့် Cambodia သည်တစ်နည်းနည်းနှင့် ဆက်သွယ်နေတာအမှန်ပင်။

ထိုဆက်သွယ်မှုကို သက်သေခံနိုင်သော ဘုရားကျောင်းတစ်ခု ပုဂံမြေတွင် အခုထိရှိနေသေးသည်။ ထိုဘုရားကို တည်ဆောက်ခဲ့သော ဘုရင်သည် သထုံမှနန်းကျဘုရင် မနူဟာမင်းဖြစ်သည်။ ဘုရားကျောင်း အမည်မှာ နန်းဘုရားကျောင်းဖြစ်သည်။ ဘုရားကျောင်းကို အုတ်၊ကျောက်တို့ဖြင့် တည်ဆောက်ခဲ့ပြီး ကျောက်ဆစ်လက်ရာမှာ အန်ကောဝပ်မှ လက်ရာများနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ Cambodia နှင့် မြန်မာဆက်သွယ်မှု တစ်ခုရှိသေးသည်။ ထိုအရာမှာ ဗျည်းအက္ခရာများပင်ဖြစ်သည်။ မြန်မာတို့သည် က မှစပြီး အ တွင်ဆုံးသည်။ Cambodia တို့၏ ဗျည်းအက္ခရာသည် အ မှစပြီး က တွင် ဆုံးသည်။ အံ့သြစရာပင်။

Cambodia တို့၏ ယဉ်ကျေးမှုမှာ အမှန်ပင် အဆင့်အတန်းမြင့်မားသည်။ Angkon Wat နှင့် Angkon Tomb တို့သည် ထိုအချက်ကို သက်သေခံလျက်ရှိသည်။

အန်ကောဝပ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်သည်။ သူ့ရဲ့ အမြင့်မှာ မြေပြင်မှ ၆၅မီတာ မြင့်မားလှသည်။ ပုဂံမှ အမြင့်ဆုံး သဗ္ဗညု ( ၆၁မီတာ ) နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်မားလှပေသည်။ အန်ကောမြို့ဟောင်း၏ ဘုရားတိုင်းတွင် ကျုံးရှိသည်။ အန်ကောဝပ်၏ ကျုံးကား ကြီးမားကျယ်ပြန့်လှသည်။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ မန္တလေးကျုံးထက် စာလျှင်တော့ သေးငယ်သည်။ ဘယ်လောက်ကွာသလဲဆိုတာ ကျွန်တော်မခန့်မှန်းနိုင်ပါ။

Angkor မြို့ဟောင်းရဲ့ မြို့ဝင်ပေါက်တစ်ခု

အန်ကောဝပ် ဘုရားကျောင်း ရဟန်းတစ်ပါးကြွလာစဉ်

အန်ကောဝပ် ဘုရားကျောင်း၏ ၀င်ပေါက်ရှိ ဟိန္ဒူနတ်ရုပ်တစ်ခု

အန်ကောဘုရားကျောင်းရှိ နာမည်ကြီးသော စင်္ကြန်တစ်ခု

အန်ကောဘုရားကျောင်းရှိ အလှပဆုံး နတ်သမီးရုပ်ထု

လှပသော အန်ကောသူလေး

အန်ကောဝပ်ဘုရားကျောင်းသည် မြင့်မိုရ်တောင်ကို အဓိပ္ပါယ်ဆောင်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ မြင့်မိုရ်တောင်ကို ဖော်ကျူးထားသော လက်ရာများအနက် အန်ကောဝပ်သည် အကောင်းဆုံး လက်ရာတစ်ခုဖြစ်သည်။ မြင့်မိုရ်တောင်ကို ၀ိုင်းရံထားသော ပင်လယ်ခုနစ်စင်းနှင့် သမုဒ္ဒရာခုနစ်ခုကို အန်ကောဝပ်၏ ဗိသုကာလက်ရာထဲတွင် အကောင်းဆုံးဖော်ကျူးနိုင်ခဲ့သည်။

Bayon ရှိနာမည်ကြီး ဗုဒ္ဓမျက်နှာများ

Bayon ဘုရားကျောင်း

Angkor မြို့ဟောင်းကြီး၏ အခြားထင်ရှားသောနေရာမှာ Bayon ဖြစ်သည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ များပြားလှသော မျက်နှာများဖြစ်သည်။ အရင်တုန်းက ဗုဒ္ဓ၏မျက်နှာများဟု နာမည်ကြီးခဲ့ပြီး တစ်ချို့က ခမာဘုရင်တို့၏ မျက်နှာများဟု ယူဆကြသည်။ ထိုကဲ့သို့သော ဘုရားကျောင်းမျိုးကို ကျွန်တော်တစ်သက်တွင် မတွေ့ခဲ့ဖူးပါ။

Ta Prohm, Silk Tree အပင်ကြီးများက ဘုရားကျောင်းတစ်ခုလုံးကို ၀ါးမြိုနေပုံ

အဆောက်အဦးတစ်ခုလုံးကို သစ်ပင်၏အမြစ်များက မြွေလိမ်မြွေကောက်သဖွယ် ရစ်တွယ်နေပုံ

Ta Prohm ရှိ ညနေ နေ၀င်ခါနီးအချိန်

နောက်ထပ်နာမည်ကြီးသော နေရာမှာ Ta Prohm ဆိုသောနေရာပင်ဖြစ်မည်။ Tomb Rider ကိုကြည့်ဖူးသူတိုင်းအတွက် ထိုနေရာနှင့်စိမ်းမည် မဟုတ်ပါ။ အန်ကောမြို့ဟောင်းသည် တစ်ချိန်က တောအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လူတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ပြင်သစ်လူမျိုးက ပြန်လည်တူးဖော်ပြီးသောအခါ အန်ကောမြို့ဟောင်း၏ အလှသည် ပြန်ပြီးအသက်ဝင်လာသည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ သမိုင်းပညာရှင်တို့၏ မတူးဖော်ခင်အတိုင်း အရှိကိုအရှိအတိုင်း ထားခြင်းဖြစ်သည်။ Silk Tree၏ ကြီးမားလှသော အမြစ်များကြားထဲတွင် ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်စဲရှိသည်။ ပန်းရောင်းဖျော့ဖျော့ အမြစ်ကြီးများသည် မြွေလိမ်မြွေကောက်ပမာ ဘုရားကျောင်းကို ရစ်ပတ်ထားပြီး အစိမ်းရောင်ရေညှိပင်များက လွှမ်းခြုံထားသည်။ မြေ၏သဘာဝနှင့် လူသားတို့ဖန်တီးမှု နှစ်ခုသည် လှပစွာပေါင်းစည်းနေသော နေရာလေးဖြစ်သည်။

အန်ကောဝပ်မြို့ဟောင်းရှိ စာကြည့်တိုက်တစ်ခု

ဘုရားကျောင်းပျက်တစ်ခုအတွင်းရှိ ဟိန္ဒူလူမျိုးတို့ ကိုးကွယ်ရာ လိင်အင်္ဂါ

Siem Reap မြို့

အနီရောင်ဘုရားကျောင်းဟု နာမည်ကြီးသော ဂ၀ံကျောက်များဖြင့် တည်ဆောက်ထားသော ဟိန္ဒူဘုရားကျောင်းတစ်ခု

တကယ်တော့ အန်ကောမြို့ဟောင်းကြီးသည် ပုဂံလိုဘုရားကျောင်းများစွာ တည်ရှိသောနေရာဖြစ်သည်။ ထူထပ်အုပ်ဆိုင်းနေသော သစ်ပင်ကြီးများကြောင့် ဘုရားကျောင်း တစ်ခုနှင့်တစ်ခု မမြင်ရပေမယ့် တကယ်တော့ တစ်ခုနှင့်တစ်ခုက နီးနီးလေးပါ။ အန်ကောမြို့ဟောင်းသည် ဘုရားကျောင်းများနှင့် လှပနေရုံမျှမက မြို့လေးကလည်း နွေးထွေးပျူငှာသော Cambodian လူမျိုးများကြောင့် လှပသောမြို့ကလေး ဖြစ်သည်။ စားစရိတ်နှင့် ဟိုတယ်စရိတ်မှာလည်း သိပ်ပြီးဈေးမကြီးလှ။ Old Market မှာပိုးပုဝါနှင့် ငွေထည်များဈေးသက်သာစွာ ၀ယ်ယူနိုင်သည်။ ပိုးပုဝါတစ်ထည်ကို US$ 2 သို့မဟုတ် 3 လောက်သာ ပေးရသည်။ ငွေထည်ကတော့ ဈေးသက်သာပေမယ့် အရည်အသွေး သိပ်မကောင်းပေ။

Cambodia အစားအစာမှာ ဗီရက်နမ် အစားအစာနှင့်လည်း အနည်းငယ်ဆင်တူသည်။ ဒါပေမယ့် သူတို့ရဲ့ ဟင်းခွက်တိုင်းတွင် ပူဆီနံအရွက်နှင့် စပါးလင်ကိုအများဆုံးသုံးသည်။ စပါးလင်နံ့ သင်းသင်းလေးနဲ့ တော်တော်စားလို့ကောင်းသည်။ Cambodia အစားအစာသာမက မြန်မာအစားအစာလည်း ရရှိနိုင်သည်။ မြို့ထဲတွင် ပုဂံဘုရားဓါတ်ပုံများနှင့် ထမင်းဆိုင်တစ်ခုကို အံ့သြဖွယ်တွေ့ခဲ့ရသည်။ အခုဆိုလျှင် ကျွန်တော်တို့ မြန်မာလူမျိုးများသည် နေရာတိုင်းတွင် ရှိနေပြီဖြစ်သည်။ ဘယ်နိုင်ငံ၊ ဘယ်နေရာသွားသွား ရွှေမြန်မာတို့၏ စကားသံများကိုတော့ ကြားနေရမည်ဖြစ်သည်။

အန်ကောဝပ်ဘုရားကျောင်းကို နံနက်ခင်း အာရုံတက်ချိန်မှာလည်း ရောက်ဖူးသည်။ ညနေ နေ၀င်ချိန်မှာလည်း ရောက်ဖူးသည်။ လွမ်းစရာကောင်းသော၊ ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာများနှင့် ပြည့်စုံသော ထိုနေရာလေးကို အခါအခွင့်သင့်လျှင်ဖြင့် ထပ်မံရောက်ဖူးချင်လှတော့သည်။

စားချင်စရာ Cambodia ရိုးရာအစားအစာ


အန်ကောမြို့ဟောင်းကိုဝင်ရာ တံခါးပေါက်

အန်ကောဝပ်ဘုရားကျောင်း အ၀င်လမ်းနှင့် ကျုံးကိုတွေ့ရစဉ်


ဈေးသက်သာပြီး လှပသော ပိုးပုဝါများ

နှီးဖြင့်ရက်ထားသော ရောင်စုံနှီးဖာလေးများ

အန်ကောဝပ်ဘုရားကျောင်းပေါ်ရှိ ရေကန်တစ်ခု။ အခုတော့ ရေမရှိတော့ပါ။

ဗေဒင်ဟောကြားသူများနှင့် ဗေဒင်မေးသူများ

ခမာလူမျိုးတို့၏ ကျော်ကြားသော ကျောက်ဆစ်လက်ရာများ

အန်ကောဝပ်ဘုရားကျောင်းပေါ်ရှိ ကချေသည်ရုပ်ကြွများ လူတို့၏ ပွတ်သပ်မှုကြောင့် နဖူးနှင့်ရင်သားများ ပြောင်ချောနေပုံ

9 ယောက်ကဒီလိုမြင်တယ်တဲ့...:

အိပ်မက်ရှင် said...

အန်ကောဝပ်ကို ကိုယ်တိုင်ရောက်သွားသလို ခံစားလိုက်ရတယ်၊ အဲလို ယဉ်ကျေးမှုသမိုင်းတွေကို နောက်ကြောင်းပြန်လှည့်လေ့လာဖို့ အထောက်အကူအပြုဆုံး ၀တ်ဘုရားကျောင်းကြီးရဲ့ အံမခန်းပိသုကာအစွမ်းတွေကို အနီးကပ်လေ့လာခွင့်ရအောင် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

PHYO said...

ကျနော်တော့မသိ သေး မရောက်ဖူးသေးတာတွေအသေးစိတ် သိရလို့
ကျေးဇူးတင်ပါတယ် အကိုခင်ဗျာ

sumyat said...

အလည်သွားချင်နေတာ အခုမှဘဲ အန်ကောဝပ်နဲ့ဆိုင်တဲ့ပို့စ် ဖတ်ဘူးတော့တယ်။ ဒါနဲ့ ရောင်စုံနှီးဖာလေးတွေ မ၀ယ်လားဘူးလား။ ၀ယ်လာရင်ကော ကျန်တေးရားဟင်
LOL

သက်ပိုင်သူ said...

ဝယ်လာတယ်ဗျ.. ဒါပေမယ့် သူငယ်ချင်းတွေ လက်ဆောင်ပေးလိုက်တာ ကုန်သွားပီ.. နောက်တစ်ခေါက် သွားရင် ၀ယ်ခဲ့ပေးမယ်နော့.....

lonetone said...

သူငယ်ချင်း

မင်းတင်ထားတာ ဖတ်ရတာ အတော်ကောင်းပါတယ်။ အန်ကောဝပ်ကျောင်းတော်ကြီးရဲ့ တိုင်တစ်ခုမှာ မြန်မာလက်ရေးနဲ့ စာရေးထားတာခဲ့တာ တွေ့ခဲ့လား။ မတွေ့ခဲ့ရင် သူငယ်ချင်း လိုချင်ရင် ပို့ပေးလိုက်မယ်။


lonetone
lonetone08@gmail.com

lonetone said...

အန်ကောဝပ်က တိုင်တစ်တိုင်မှာ မြန်မာလို စာရေးထွင်းထားတာ သူငယ်ချင်းတွေ့ခဲ့သေးလား။ မတွေ့မိရင် ဒီဘလော့မှာ ဓါတ်ပုံတင်ချင်ရင် တင်ဖို့ ကျွန်တော်ပို့ပေးလိုက်မယ်။

thetpaingthu said...

မတွေ့ခဲ့ရဘူးဗျ...ဓါတ်ပုံပို့လိုက်ရေလေ. .. emailပို့လိုက်မယ်

mandalayinn said...

Ko Thet Paing Thu,

Such a nice post. Thanks for that. The Myanmar shop that you saw is call Asian house and it is closed now. You should drop by. I was sat there during your pass by.. :)
Just suggestion for name for Angkon Wat နှင့် Angkon Tomb .
The actual name is Angkor Wat & Angkor Thom
The Angkor wat; local people call it Angkor Thwet (small) and Angkor Thom
Regards,
MM

နွေးနေခြည် said...

အန်ကောဝပ်ကို တော်တော်သွားချင်သွားပြီ။
ဗျည်းအက္ခရာအကြောင်းသိရတော့ အံသြလိုက်တာ...
တခါတော့ အရောက်သွားဦးမယ်