January 7, 2009

ကျွန်တော်နှင့် ပုဆိုးတစ်ထည်...


နီညိုရောင် အကွက်စိတ်ကလေးနဲ့ ပုဆိုးတစ်ထည်...။

အဲ့ဒီပုဆိုးတစ်ထည်သည် ကျွန်တော့ဘ၀မှာ ပျော်စရာ၊ ဟာသဖြစ်လောက်စရာ၊ ရင်ထိတ်စရာ များစွာဖြင့် ပါဝင်ခဲ့ဖူးပါသည်။ အဲ့ဒီပုဆိုးအကြောင်းကို စရေးရရင်ဖြင့် ဟိုးအရင်တစ်ချိန် GTC ( မှော်ဘီ ) မှာ ကျောင်းတက်စဉ် အခါကပေါ့။ အဲ့ဒီအချိန်တုန်းက ဆယ်တန်းဖြေပြီးကာစ ယောင်ခြောက်ဆယ်၊ သူငယ်ချင်းအချို့ စစ်အင်ဂျင်နီယာ၊ စစ်ဆေးထဲ ပါသွားကြသလို၊ အချို့ကလည်း နိုင်ငံခြားကို ပိုလီဆိုပြီး အလျှိုလျှိုထွက်သွားကြသည်။ နိုင်ငံခြားမသွား၊ စစ်တပ်ထဲမ၀င်နိုင်ကြတဲ့ သူတွေကတော့ အဲ့ဒီအချိန်က နာမည်ကြီးနေတဲ့ ကွန်ပျူတာ တက္ကသိုလ်ပေါ့။ ကျွန်တော်ကတော့ ကွန်ပျူတာကို ၀ါသနာမပါ။ အင်ဂျင်နီယာဖြစ်ဖို့ ယောင်လို့ပင် စိတ်မကူး။ ဖြစ်ချင်တာက Interior Designer။ နောက်ဆုံးတော့ ယောင်လည်လည်နဲ့ ကျွန်တော့ဘ၀ကို မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နဲ့ပဲ မှော်ဘီမှာ ဂိတ်ထိုးခဲ့မိသည်။ တကယ်ကြိုးစားမယ်ဟဲ့ဆိုပြီး အဆောင်တွေဘာတွေတောင် ငှားနေလိုက်သေးသည်။ ကျွန်တော်ထိုးခဲ့တဲ့ ဂိတ်မှာ ကျွန်တော့ မျှော်လင့်ချက်တွေက မရှိ။ အဲ့ဒီတော့ နောက်ထပ်ဂိတ်ပြောင်းခဲ့ဖို့ စခဲ့တဲ့ အချိန်ကစပြီး အဲ့ဒီ ပုဆိုးတစ်ထည် ဇာတ်လမ်းက စခဲ့တာပေါ့။

ကျွန်တော် မှော်ဘီမှာ ကျောင်းတက်တော့ ကျောင်းတက်ခါစ လေးလသာ ကျောင်းနှင့်ဖင် မြဲခဲ့သည်။ ကျောင်းမဖွင့်ခင်က တက်ခဲ့တဲ့ အပြင်သင်တန်းတွေက မပြီးသေး။ မှော်ဘီတစ်ဖက် အပြင်သင်တန်းတွေ တစ်ဖက်နဲ့ ရည်းစားနှစ်ယောက်ကြားမှာ ဗျာများသလို မျောက်သစ်ကိုင်းလွတ် ဖြစ်ခဲ့ရသည်။ အပြင်သင်တန်းကို အားစိုက်တော့ မှော်ဘီမှာ ကျောင်းပျက်ရက်တွေ များလာတာပေါ့။

ကျွန်တော်က ကျောင်းတက်ရက်သာ မမှန်တယ်၊ သူငယ်ချင်းတွေနဲ့ လှော်ကားသွားဖို့တို့၊ သီဟိုဠ်တောထဲမှာ အတန်းလစ်ဖို့တို့ကျတော့ မချိန်းပဲ အချိန်မှန်ရောက်ဖြစ်သည်။ အဲ့ဒီလိုနဲ့ ကျွန်တော့ရဲ့ ကျောင်းခေါ်ချိန်က မြန်မာပြည်က မီးလိုပဲ လာတဲ့ရက်ထက် ပျက်တဲ့ရက်က ပိုများခဲ့တော့ ဆရာ၊ဆရာမတွေတောင် ကျွန်တော့နာမည်ကို မခေါ်တော့ဘူး။ ကျွန်တော်ကထပြီး ကျွန်တော်လာကြောင်း သက်သေပြရပေါင်းလည်း မနည်းတော့။ ကျွန်တော်နဲ့မှော်ဘီက တကျက်ကျက်ရန်ဖြစ်ရတဲ့ လင်မယားတွေလိုပဲ နပန်းလုံးခဲ့ရသည်။ မှော်ဘီမှာ စာမေးပွဲနီးလာတော့ သိပ်တော့မပူခဲ့။ တခြားသူတွေ စာကုန်းရုန်းကျက်နေတဲ့ အချိန်မှာတော့ ကျွန်တော်က Micro တွေနဲ့ နင်လားငါလား ဖြစ်ခဲ့သည်။ ဒီလိုနဲ့ပဲ ကျွန်တော့ရဲ့ ငတက်ပြားပေါက်စလေးဘ၀ အစပျိုးခဲ့သည်လေ။

ပထမနှစ်တ၀က် စာမေးပွဲတုန်းကတော့ သိပ်စိတ်မပူမိ။ ဘာသာရပ်တွေက နည်းတာကိုး။ အဲ... ဒုတိယနှစ်ဝက်ရောက်တော့ ဆပ်ပြာသည် လင်ပျောက်ဖြစ်ရော...။ ဘာသာရပ်တွေကလည်း များလာ၊ ကျောင်းကဘာသင်လို့ သင်ထားမှန်းမသိ၊ ရေမကူးတတ်တဲ့သူကို ရေကန်ထဲ အတင်းတွန်းချသလို ယက်ကန်ယက်ကန်နဲ့လေ။ အဲ့ဒီအချိန်မှာ မဏိမေခလာက မခေါ်ပဲ အလိုလိုရောက်လာ ခဲ့သည်။ သူကတော့ တခြားသူမဟုတ်။ ကျွန်တော့ကို ဘလော့ခ်လုပ်ပေးတဲ့ GreenGirlပဲပေါ့။

ကျွန်တော်က အတတ်နိုင်ဆုံး စိတ်ပေါ့ပေါ့လေးထားချင်တော့ စာမေးပွဲအချိန်ဇယားကိုယောင်လို့ပင်မကြည့်။ ဘယ်နေ့ဘာဖြေရမယ်မှန်းသိလို့ ကိုယ်လုံးဝမရတဲ့ ဘာသာရပ် ပါလာရင် သက်သက်စိတ်ပင်ပန်းမှာ စိုးလို့။ နောက်နေ့ ဘာဖြေရမလဲဆိုတာ GreenGirlကို တစ်ဘာသာပြီးတစ်ဘာသာ မေးရတာအမော။ အိမ်ပြန်ရောက်တော့ နောက်တစ်နေ့စာအတွက် Photo Copy ဆိုင်မှာ အရေးကြီးတာတွေ ကူးဖို့ တန်းစီရပြန်ရော။ အဲ့ဒီလို တန်းစီနေရင်းနဲ့ပဲ ဘယ်စာကို ဘယ်လိုဖြေ၊ ဘယ်ပုစ္ဆာကို ဘယ်လိုတွက် သူများတွေ အဖြေအလွတ်ကျက်နေတဲ့ အချိန်မှာ ကျွန်တော်က မေးခွန်းတွေ အလွတ်မှတ်ခဲ့တယ်လေ။ မေးခွန်းအလွတ်ရမှ စာမေးပွဲမှာ မေးခွန်းလှည့်ရင် ကျွန်တော်သိမှာပေါ့။ မေးခွန်းထုတ်တဲ့သူကပဲ ညှာတာတာလား၊ ကျွန်တော့ရဲ့ တခဏတာ ဖြတ်ထိုးဥာဏ်ကပဲ ကောင်းလွန်းတာလားမသိ။ များသောအားဖြင့် မေးခွန်းလှည့်ရင်လည်း ဂဏာန်းလေး၊ စာသားလေးသာ ပြောင်းသွားတတ်သည်။ အဲ့ဒီတော ပုစ္ဆာတွက်ဆိုရင် ကျွန်တော်က မိတ္တူသေးသေးလေးတွေထဲက ပါလာတဲ့ အဖြတွေကူးရေး၊ ဂဏာန်းလေးပြောင်းပြီး တွက်လိုက်ရုံသာ။

ဒါပေမယ့် သိတဲ့အတိုင်း ကျွန်တော်တို့ ကျောင်းအုပ်က ဒေါ်တိုးတိုးသန်းလေ။ စာမေးပွဲရောက်တော့ ခိုးချသူတိုင်းကို မုန်တိုင်းစစ်ဆင်ရေးဆိုပြီး ပုံစံအမျိုးမျိုးနဲ့ စာဖြေခန်းအတွင်းရော အပြင်ပါလှည့်ပြီး အပြတ်နှိမ်နှင်းခဲ့သည်။ ကျောင်းသားတိုင်း ပါလာတဲ့ မိတ္တူလေးတွေကို ဆရာ၊ဆရာမတွေ လက်ထဲ မပေးချင်ပေးချင်နဲ့ စာဖြေခန်းအပေါက်ဝမှာပဲ ပေးလိုက်ရတော့သည်။ တစ်ချို့တွေကျတော့ မိတ္တူလေးတွေကို ဆံပင်ကြားထဲ ဖွက်လိုဖွက်၊ ပေါင်ကြားထဲကပ်လိုကပ်ပေါ့။ စာမေးပွဲဖြေတဲ့ အချိန်ဆိုရင် ဆံပင်ဖားလျား မချတတ်တဲ့သူတွေတောင် ဆံပင်ဖားလျားချတတ်လာရော။ ဒါပေမယ့် အဲ့ဒါလေးတွေ အကုန်လုံး ရေဒါလိုတိကျမြန်ဆန်တဲ့ ဆရာဆရာမတွေရဲ့ လက်ထဲမှာ အရွက်လိုက်၊အထုပ်လိုက် ပါသွားပြန်ရော။ ကျွန်တော်လည်း ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိ။ မိတ္တူလေးတွေမှ မကယ်နိုင်ရင် ဟိုမဏိမေခလာလည်း မကယ်နိုင်။ အသက်ကို ဥာဏ်စောင့်၏တဲ့။ ကျွန်တော့ရဲ့ Microလေးတွေကို အသက်နှင့်လဲပြီး ကာကွယ်ရတော့မည်။ ဆရာဆရာမတွေရဲ့ ရေဒါကလွတ်မယ့်လမ်း အမြန်စဉ်းစားစမ်း။ နောက်ဆုံးတော့ အကြံဥာဏ် ရခဲ့သည်။ ကျွန်တော့ကို ကယ်ဖို့ အဲ့ဒီပုဆိုးလေးက စခဲ့သည်ပေါ့။

ကျွန်တော် အိမ်ပြန်ရောက်တော့ အရောင်ခပ်ရင့်ရင့် ခပ်မှိုင်းမှိုင်း ပုဆိုးတစ်ထည်ကို ဗီရိုထဲကထုတ်၊ ပုဆိုးချုပ်ရိုးလေးကို ခဲတံချွန်တဲ့ ဓားနဲ့ ဖြည်းဖြည်းချင်း ဖြည်ပစ်သည်။ ဖြည်တဲ့နေရာကိုလည်းမှန်အောင် ပုဆိုးကိုဝတ် မတ်တပ်ရပ်ပြီး နေရာမှန်အောင် ရွေးလိုက်ရသေး။ အဲ့ဒီနေရာက ဆရာမတွေရဲ့ စက်ကွင်းကလွတ်မယ့်နေရာ၊ ဘယ်နေရာလဲဆိုတာ လူကြီးမင်းတို့သာ စဉ်းစားကြပေတော့။ နောက်တော့ Copyဆိုင်ကို အပြေးသွား။ အရေးကြီးတာတွေအားလုံး Copy နှစ်စုံကူး၊ တစ်စုံပါသွားရင် နောက်တစ်စုံ အပိုပေါ့။

နောက်နေ့စာမေးပွဲ ဖြေမယ့်အချိန်ရောက်တော့ Copyတစ်စုံစီကို အပ်ချည်တွေနဲ့ ခပ်ကျစ်ကျစ်ကလေး ချည်လိုက်သည်။ ကျစ်ပြီးသားတွေကို ရှပ်အင်္ကျီရဲ့ အရှေ့ဘက် အောက်ခြေအစွန်းတွေမှာ ဘယ်နဲ့ညာတစ်စုံစီ စုချည်လိုက်သည်။ ချည်ပြီးသားရှပ်အင်္ကျီကို ၀တ်လိုက်တော့ အင်္ကျီစက စက်ကွင်းလွတ်မယ့် နေရာမှာ တွဲလောင်းကလေး ကွက်တိ။ သူများတွေက စာသင်ခန်းထဲ ၀င်ကာနီးမှ Copy လေးတွေကို ဟိုနားထည့် ဒီနားထည့် လုပ်နေတဲ့ အချိန်မှာ ကျွန်တော်က အေးဆေးပဲ။ အိမ်မှာကတည်းက အဆင်သင့် လုပ်ခဲ့ပြီသား။

စာဖြေနေတဲ့ အချိန်အတွင်းမှာ ဆရာ၊ဆရာမတွေက အလွတ်မပေးတိုင်း ဖမ်းတယ်လေ။ ဒီအချိန်မှာ ထုတ်လိုက်တဲ့သူ မှန်သမျှ ပါကုန်ရော။ ဒီအချိန်ထိ ကျွန်တော်က ခပ်မှိန်မှိန်ပဲ။ ဘာမှမလှုပ်ရှားသေးဖူး။ တစ်နာရီလောက် ဆရာ၊ဆရာမတွေဘက်က တိုက်စစ်ဆင်ပြီးနောက် သူတိ့မောသွားလောက်ပြီ ထင်မှ ကျွန်တော့ရဲ့ Micro လေးတွေကို ချုပ်ရိုးဖြေထားတဲ့ အပေါက်လေးထဲက လက်ညှိုးလေးထုတ်ပြီး အဖြေကိုတစ်ရွက်ချင်းစီ ရှာတာပေါ့။ ဆရာမတွေလာရင် လက်ညှိုးကိုထုတ်ပြီး အင်္ကျီစကို ပေါင်ကြားထဲ ညှပ်လိုက်ရော။ ကဲ..ဘာတတ်နိုင်သေးလဲပေါ့။

ဒီလိုနဲ့ပဲ ကျွန်တော် အဖြေတွေကူးချပြီးသားကို ဒီအတိုင်းလည်း လွှတ်မပစ်ရက်။ စာဖြေခန်းထဲက ဇူစကာ ပုဏ္ဏားတွေကို ကိုယ်နဲ့သိသိ မသိသိ ဝေသန္တာရာလုပ်ပြီး အလှူပေးလိုက်ပြန်ရော။ အဲ့ဒီလိုနဲ့ စာဖြေခန်းထဲမှာ ကျွန်တော်တစ်ယောက် ဟီးရိုးလေး ဖြစ်ခဲ့ရတာပေါ့။ အဲ့ဒီပုဆိုးတစ်ထည်နဲ့ စာမေးပွဲဖြေတဲ့တစ်ပတ်လုံး နှစ်ပါးသွားခဲ့တယ်လေ။ စာမေးပွဲတွေ ပြီးတော့မှ ပုဆိုးကိုရေလျှော်၊ မီးပူတိုက်။ ထိုင်ရှိမခိုးရုံတမယ်။ နောက်စာမေးပွဲအတွက် သိမ်းရပြန်ရော။ နောက် တတိယနှစ်ဝက် စာမေးပွဲအထိ ဒီပုဆိုးတစ်ထည်နဲ့ပဲ စခန်းသွားခဲ့တယ်လေ။ သူငယ်ချင်းတွေကတောင် သတိထားပြီး ကျွန်တော့ကို ၀ိုင်းလှောင်ကြတာပေါ့။ ကျွန်တော်ကတော့ အလှောင်တောင် ခံလိုက်သေးတယ်။ တော်သေးတာပေါ့ သူတို့က လှောင်ရုံပဲလှောင်ပြီး နည်းမမေးလို့။ သူတို့သာ နည်းမေးလို့ပြောပြလိုက်ရင် အကုန်လုံး စာမေးပွဲရက်တွေမှာ ပုဆိုးတစ်ထည်၊ လုံချည်တစ်ထည်စီနဲ့ ဖြစ်ကုန်ကြမှာ။ အခုတော့ အားလုံးကို ဒီဘလော့ခ်ကပဲ ဖောက်သည် ချလိုက်ရတော့သည်။

ဒီလိုနဲ့ပဲ ကျွန်တော်ရဲ့ မှော်ဘီဇာတ်လမ်းက နောက်ဆုံးနှစ်ဝက် စာမေးပွဲကို ရောက်လာတော့တယ်။ နောက်ဆုံးစာမေးပွဲကို အဲ့ဒီပုဆိုးလေးနဲ့ပဲ အောင်ပွဲခံဖို့ ကြိုးစားနေစဉ် စင်္ကာပူမှာ Interior Designer တက်ဖို့ ကျောင်းဝင်ခွင့်ရခဲ့တယ်။ နောက်ဆုံး စာမေးပွဲကို မဖြေခဲ့ရတော့ပဲ အောင်မြင်စွာပဲ မှော်ဘီကနေ တပ်ဆုတ်ခဲ့ရတော့တယ်။ နောက်တော့လည်း မှော်ဘီကျောင်းကြီးရယ်၊ ကျွန်တော့်ကိုချစ်တဲ့ သူငယ်ချင်းတွေရယ်၊ ကျွန်တော်စာမေးပွဲရောက်တိုင်း အမြဲကယ်ခဲ့တဲ့ မဏိမေခလာရယ်ကို ၀မ်းနည်းစွာနဲ့ပဲ နှုတ်ဆက်ခဲ့ရတော့တယ်။

စင်္ကာပူမှာ ကျောင်းတက်နေတဲ့ ကာလတလျှောက် မှော်ဘီက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ခဲ့ဖူး။ သူစာရေးလိုက်၊ ကိုယ်စာပြန်လိုက်၊ ကိုယ်စာရေးလိုက် သူစာပြန်လိုက်နဲ့ပေါ့။ တစ်ချို့သူငယ်ချင်းတွေက B-Tech ပါသလို GTI နဲ့ပဲ ပြီးတဲ့သူကလည်း ပြီးပေါ့။ ကျွန်တော့ရဲ့ မဏိမေခလာလည်း စာမေးပွဲရက်တိုင်းမှာ ညတိုင်း ဖုန်းဆက်ပြီး ဒီနေရာက ဘာရေးထားတာလဲ၊ ဒီပုစ္ဆာက ဘယ်လိုတွက်ရမှာလဲလို့ မအိပ်မချင်းမေးတတ်တဲ့ ကျွန်တော့လို ပုဆိုးတစ်ထည်ပိုင်ရှင်ကို လွမ်းလို့နဲ့တူတယ်။ သူလည်း GTI နဲ့ပဲ ရပ်ခဲ့တယ်။

ကျွန်တော်သာ စောစောက သိခဲ့ရင် အဲ့ဒီပုဆိုး သူ့ကိုပေးခဲ့ပါတယ်ဗျာ...။


PS: ကျောင်းနှစ်ခု ခွတက်ခဲ့သော ကျွန်တော့ရဲ့ ဗရုတ်သုတ်ခများကို အမှတ်တရတစ်ခု အနေဖြင့် ရေးသားခြင်းဖြစ်ပါသည်။ အမှန်တကယ် ကြိုးစားလေ့လာခဲ့သော သူငယ်ချင်းများကို မထိခိုက်စေလိုပါ။

6 ယောက်ကဒီလိုမြင်တယ်တဲ့...:

khaingzm said...

်သရုပ်ဖော်ပုံလေးတွေ ကိုယ်တိုင်ဆွဲထားတာလား .. မိုက်တယ်..

သက်ပိုင်သူ said...

thanks you for your comment.... yes, i did it myself...
(i'm sorry if i reply all the comment by English at this moment because i'm still practicing Myanmar Typing... Thanks to green girl who type all the posts for me :p)

မီးငယ် said...

အိ မမလဲ့ကိုမအားအောင်လုပ်တဲ့လူကိုတွေ့ပီ.....

Aye Myat Myat Ko said...

အမှန်အတိုင်းရေးတာကိုတော့ ချီးကျူးပါတယ်
ဒါပေမယ့် ဘာလုပ်မှာလဲ နည်းယူပြီးလိုက်လုပ်ကုန်ရင် အကျိုးမှ မရှိတာ

ဖိုးဂျယ် said...

ဟီး ကျွန်တော်ကို ဆယ်တန်းတုန်းက
အဖေချုပ်ပေးတယ် တက္ကသိုလ်ရောက်တော့
မလိုဘူးလေ supply ရှိနေတာပဲ ဟီး

မိုးသောက်ယံ said...

စုံတယ်ဗျာ .. :P