December 11, 2011

ရန်ကုန်ကိုချစ်လျှင်......

မြန်မာနိုင်ငံက တိုးတက်ဖို့လမ်းကို တဖြည်းဖြည်းတက်လှမ်းလာနေပါပြီလို့ ယူဆလို့ရနေပါပြီ။ အခုလို အချိန်အခါမျိုးမှာ နိုင်ငံရေး စီးပွားရေးတိုးတက်လာမှုတွေနှင့်အတူ လူနေမှုအဆင့်အတန်းကလည်း မလွှဲမသွေ တိုးတက်ပြောင်းလဲလာပေလိမ့်မည်။ ထိုအခါ မြို့ပြရုပ်လက္ခဏာများနှင့်အတူ ခေတ်မီလူနေတိုက်တာ အဆောက်အဦးများ၊ ရှော့ပင်းမောများ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု အဆောက်အဦးရုံးခန်းများ စသည်ဖြင့် အဆောက်အဦး အသစ်များ လှိုင်လှိုင်ပေါများလာ ဖို့သေချာပါသည်။ အချက်အချာကျသော ကိုလိုနီခေတ်၊ လွတ်လပ်ရေးဦးပိုင်းခေတ်များတွင် ဆောက်လုပ်ခဲ့သော ရန်ကုန်မြို့လည်ကောင်မှ လူနေတိုက်တာအဆောက်အဦးများခမျာ ထိုအဆောက်အဦး လိုအပ်ချက်များအတွက် မျက်ခုံးလှုပ်နေတာအမှန်ပင်။ ယခုလောလောဆယ်ပင် ဘေးအန္တရယ်ရှိသော အဆောက်အဦးများအဖြစ် သက်မှတ်ပြီး အဆောက်အဦးအဟောင်းများကို ဖြိုပြီး ဆူလွယ်နက်လွယ်၊ အမြန်ပြီးလျှင် ပြီးရော၊ အိမ်ထောင်စုများများ တင်နိုင်မည့် အချိုးအစားမကျသော ကန်ထရိုက်တိုက်များက အစားထိုးလာကြတာကို စိတ်မကောင်းဖွယ် တွေ့ရပါသည်။
ကိုလိုနီခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ် အဆောက်အဦးများသည် သူ့ခေတ်သူ့အခါက သူ့စံနှုန်းဖြင့် ကိုက်ညီသော ဒီဇိုင်းများဖြင့် ဆောက်လုပ်ခဲ့သည်။ အဆောက်အဦးအဖွင့်ကကျဉ်းပြီး အတွင်းပိုင်းက ရှည်လျားသည်။ လိုအပ်သည့် လေကောင်းလေသန့်နှင့် အလင်းရောင်ရရှိရန်အတွက် အတွင်းမျက်နှာကျက်အမြင့်ကို ခပ်မြင့်မြင့်ယူထားပြီး ပြတင်းပေါက်ကို အပြည့်ယူထားပေးသည်။ အဆောက်အဦးတခုချင်းစီအတွက် သုံးလွှာ လေးလွှာပင် ဖြစ်သော်ငြားလည်း ယခုခေတ်ကွန်ထရိုက်တိုက်များနှင့် ယှဉ်လျှင် ၆လွှာအမြင့်ခန့်ရှိသည်။ ကန်ထရိုက်များက ယခင်သုံးလွှာသာရှိသည့် အဆောက်အဦးကို ဖြိုပြီး ၅လွှာ ၆လွှာခန့်ရှိသည့် တိုက်ခန်းများကို ဆောက်လာကြသည်။ ပြဿနာက အသစ်ဆောက်လုပ်သည့် အဆောက်အဦး၏ မျက်နှာကျက် (ceiling hight) သည် အရပ်၆ပေကျော်သည့် လူများအတွက် အရမ်းနိမ့်နေသဖြင့် မသက်မသာနေရမည့် သဘောမျိုးကဲ့သို့ ဖြစ်နေသည်။ ထိုအခါ နေထိုင်သူ မိသားစုဝင်များအတွက် လုံလောက်သည့် အလင်းရောင်နှင့် လေကောင်းလေသန့်ကို မရနိုင်သောကြောင့် ရေရှည်မှာ ကျန်းမာရေးချို့တဲ့လာနိုင်သည်။

ဗိသုကာ ရှုထောင့်မှ ကြည့်လျှင်လည်း City Line လို့ခေါ်ရမည့် တိုက်တာအဆောက်အဦးများ၏ အမြင့်အနေအထားသည်လည်း ပုံမှန်မရှိသောကြောင့် မြို့အင်္ဂါအလှအပကို ထိခိုက်နိုင်ပေသည်။ နောက်ထပ် ဆုံးရှုံးမှုကတော့ တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံတော်၏ ဆုံးရှုံးမှုပင်ဖြစ်သည်။ ဥပမာ လှပသောကျေးတောသူလုံမပျိုလေးကို မြို့ကြီးသူဆန်ဆန်ဖြစ်အောင် ပြုပြင်မွမ်းမံပေးသကဲ့သို့ပင်။ ထိုလုံမပျိုလေးသည် ကျေးတောသူလေးအဖြစ်လည်း လှပသည်။ မြို့ကြီးသူအဖြစ်လည်း လှပသည်။  မြို့ကြီးသူအဖြစ်ပို၍ လှချင်လှနေပေဦးမည်။ ဒါပေမယ့် မြို့ကြီးသူအဖြစ်လှနေသော  သူမသည် ကျေးတောသူလေးအဖြစ် လှပစဉ်က ရှိခဲ့သော မူလမျိုးရိုး ဇာတိဂုဏ်များက ရှိနိုင်တော့မည် မဟုတ်ပါ။ ထိုကဲ့သို့ မော်ဒန်ကျပြီး ခေတ်မီသော မြို့ကြီးများဖြစ်သည့် ဟောင်ကောင်လိုမြို့တော်ပင် “မျက်နှာမရှိသောမြို့တော်”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြလေသည်။ နေထိုင်စရာအကောင်းဆုံး ကမ္ဘာ့မြို့တော်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Top 10 ထဲဝင်ခဲ့သည်။ ဘန်ကောက်မြို့တော်တွင် ခေတ်မီတိုက်တာ အဆောက်အဦးများသာမက ယဉ်ကျေးမှုလက်ရာရနံ့သင်းသော အဆောက်အဦးများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဟိုတယ်များ၊ Interior Design များ လေ့လာကြည့်မည်ဆိုပါက ထိုင်းလက်ရာ ယဉ်ကျေးမှုများ လှပစွာ စီးဝင်နေသည်ကို အံ့မခန်း တွေ့ရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ထင်ရှားသော မြို့ကြီးတိုင်းသည် နှစ်ပေါင်းရာချီကြာနေပြီဖြစ်သော ရှေးဟောင်းလူနေတိုက်တာ အဆောက်အဦးများကို မက်မက်မောမော ခင်တွယ်နေထိုင်နေတုန်းပင်။ လန်ဒန်၊ နယူးယော့ခ်၊ပဲရစ်စသော မြို့ကြီးများတွင် နှစ်ပေါင်းသုံးလေးရာလောက်က ဆောက်လုပ်ခဲ့သော အဆောက်အဦးများတွင် အသုံးပြုနေထိုင်ကြဆဲပင်။ ထိုမြို့များတွင် မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင်ဆောက်လုပ်နေကြဆဲ ဖြစ်သော်ငြားလည်း နဂိုမူရင်း ရှေးဟောင်းအဆောက်အဦး ခပ်နိမ့်နိမ့်များ၏ အလှအပကိုလည်း မပျက်အောင် ထည့်သွင်း စဉ်းစားပြီး ဆောက်လုပ်ခဲ့ကြသည်။

မြန်မာနှင့်အနီးဆုံးဖြစ်သည့် စကာင်္ပူနိုင်ငံကိုကြည့်ပါ။ သူ၏သမိုင်းသည် တိုသည်။ နှစ်ပေါင်းရာချီကြာသည့် ရှေးဟောင်းအဆောက်အဦးမျိုး စကာင်္ပူနိုင်ငံတွင်မရှိခဲ့။ သို့ရာတွင် သူတို့နိုင်ငံတိုးတက်မှုသမိုင်းအတွက် အရေးပါသော စစ်ကြိုခေတ်၊ စစ်ပြီးခေတ် လူနေဆိုင်ခန်းများက စကာင်္ပူ၏အချက်အချာကျသော နေရာများတွင် အများအပြား ကျန်ခဲ့သည်။ ထိုအဆောက်အဦးများကို (Shophouse) လို့ခေါ်ကျသည်။ တနည်းအားဖြင့် ရန်ကုန်နှင့် ယှဉ်လျှင် ဆူးလေတ၀ိုက်၊ လသာလမ်းတ၀ိုက်လို နေရာမျိုးများပင် ဖြစ်သည်။ ရန်ကုန်ကအဆောက်အဦးများသည် ပို၍ကြီးမားခမ်းနားသည်ဟု ဆိုလျှင်ရနိုင်သည်။ စကာင်္ပူမှ လူနေဆိုင်ခန်းများက နှစ်ထပ်သုံးထပ်ပင်ရှိသည်။ ဆောက်လုပ်ထားသည့်နေရာများကလည်း Tanjong Pager လို့ခေါ်သည့် စီးပွားရေးအချက်အချာကျသောနေရာများ၊ China Town လို့ခေါ်သည့် တရုတ်တန်းနေရာမျိုး၊ Little India လို့ခေါ်သည့် အိန္ဒိယများနေထိုင်သည့် နေရာမျိုး၊ မြန်မာပြည်၏၀င်ဒါမီယာလို ပိုက်ဆံရှိလူတန်းစားများနေထိုင်သည့် Katong/East Coast လိုနေရာမျိုးများစသည်ဖြင့် အဓိကအချက်အချာကျသည့်နေရာမျိုးများသည်။ စကာင်္ပူလိုမြေရှားသည့် နိုင်ငံအတွက် ထိုShophouse များကို ဖြိုပြီး မိုးမျှော်တိုက်ကြီးအစားထိုး တည်ဆောက်လိုက်လျှင် စကာင်္ပူရဲ့ မြေရှားသည့်ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်မည့်အပြင် အကျိုးအမြတ်အများကြီး ရရှိသွားနိုင်ပေမည်။ သို့ရာတွင် စကာင်္ပူအစိုးရသည် ထိုကဲ့သို့ အလွယ်လမ်းကို မလိုက်ဘဲ ရှေ့ရေးမျှော်တွေးပြီး ထိုလူနေဆိုင်ခန်းအဆောက်အဦးများကို ပြုပြင်ထိန်းသိန်းခဲ့သည်။ အချို့အဆောက်အဦးများကို လူနေတိုက်ခန်းများအဖြစ်ထားရှိပြီး တချို့အဆောက်အဦးများကို စီးပွားရေးဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ အဆောက်အဦးများအဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ ယခုအခါတွင် ထိုအဆောက်အဦး ဒေါ်လာသန်းပေါင်းများစွာ တန်နေပြီဖြစ်သည်။ ထိုအဆောက်အဦးများတွင် ငှားရမ်းနေထိုင်မည်ဆိုပါက တစ်လကို စကာင်္ပူဒေါ်လာ တစ်သောင်းနီးပါးခန့် ပေးနေရပြီဖြစ်သည်။

စကာင်္ပူအစိုးရသည် Raffle Library ကို နိုင်ငံတော်အမျိုးသားပြတိုက်ကဲ့သို့လည်းကောင်း၊ တရားရုံးချုပ်ရုံးကို မော်ဒန်အနုပညာပြတိုက်အဖြစ်လည်းကောင်း ပြောင်းလဲခဲ့သည်။ St Jame လို့ခေါ်သည် မီးသတ်ရုံးအဆောက်အဦးကြီးကိုလည်း လူငယ်များ ကခုန်အပန်းဖြေစရာ Night Club အဖြစ်ပြောင်းလဲခဲ့သည်။ ထိုမျှသာမက စကာင်္ပူမြစ်တလျှောက်ရှိ ကုန်တင်ကုန်ချရာ ဂိုထောင်တ၀က် Shophouse တ၀က်များကိုလည်း ဘားများ၊ စားသောက်ဆိုင်များအဖြစ် အသွင်ပြောင်းခဲ့သည်။ Bugis မှာရှိသည့် Shophouseများကိုလည်း တစုတစည်းတည်း ရှော့ပင်းစင်တာအဖြစ် ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ တန်ဖိုးကြီးမားသည့် ဗိသုကာလက်ရာများ အများအပြားရှိနေဆဲပင်ဖြစ်သည်။ သို့ရာတွင် ထိုဗိသုကာလက်ရာများကို နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချသင့်သလဲဆိုတာတော့ မှန်မှန်ကန်ကန် သိမြင်ဖို့ လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သလောက် တတ်ကျွမ်းနားလည်သည့် ပညာရှင်များဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်ကာ ရေရှည်စီမံကိန်းဖြင့် ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။

လူနေတိုက်ခန်း (Shophouse) 

Tanjong Pager, Blair Road နားက လူနေဆိုင်ခန်းတွေပါ။ ယခင်က Pernankan ကုန်သည်လူမျိုးများ နေထိုင်ခဲ့သည့် လမ်းကလေးဖြစ်သည်။ ပြည်မကြီးမှ တရုတ်လူမျိုးများလာရောက် အခြေချသည့်အခါ East Coast/ Katong ဘက်သို့ ပြောင်းရွှေ့သွားခဲ့သည်။


Blair Road မှ Shophouse အတွင်းပိုင်းတွေပါ။ အပြင်မျက်နှာစာကို မူယင်းအတိုင်း ထိန်းသိမ်းပြီး အတွင်းပိုင်းတွေကို ဒီဇိုင်နာနှင့် အိမ်ရှင် စိတ်တိုင်းကျ ပြုပြင်ထားတဲ့ပုံပါ။ အခုလိုပြုပြင်ဖို့အတွက်ကတော့ ကုန်ကျငွေက အတော်ကြီးမားပါတယ်။


Blair Road ရဲ့ နောက်ဖေးလမ်းပါ။ နောက်ဖေးဘက်ကိုတော့ ခေတ်မီတဲ့ အသွင်အပြင်ယူထားပါတယ်။ အရှေ့မျက်နှာစာလို မူရင်းလက်ရာကို ထိန်းသိမ်းထားခြင်းမရှိပါဘူး။
ဒီShophouse တွေမှာ လူနေတိုက်ခန်းတွေအပြင် ကုမ္ပဏီရုံ့းခန်းတွေအဖြစ် ပြောင်းလဲ ဖွင့်ထားတာ တွေ့ရပါတယ်။
အထက်ပါပုံက လူသွားစင်္ကြန်လေးပါ။ Office နေရာတွေ ဖြစ်ပေမယ့် လူနေရပ်ကွက်လေးလို ချစ်စရာလေး ဖြစ်နေတာ တွေ့ရမှာပါ။

ဒီအဆောက်အဦးကိုတော့ ဒီဇိုင်းကျောင်းသေးသေးလေး အဖြစ် ပုံစံပြောင်းထားတာ တွေ့ရမှာပါ။ စကာင်္ပူမှာ Shophouse တော်တော်များများကို အခုလို ပုဂ္ဂလိက ကျောင်းလေးတွေအဖြစ် အသွင်ပြောင်းထားတာ အများကြီးပါ။

 ဒီအဆောက်အဦးကတော့ Peranakan ရိုးရာစားသောက်ဖွယ်ရာတွေ ရောင်းတဲ့ စားသောက်ဆိုင်ပါ။

 


ဒီလမ်းလေးမှာတော့ ပြတိုက်တွေ ဒီဇိုင်းနှင့် ပါတ်သက်တဲ့ ရုံးခန်း ပြခန်းတွေ။ ကမ္ဘာပေါ်မှာ ဈေးကြီးပေ့ဆိုတဲ့ ပရိဘောဂတွေ ပြသထားတဲ့ ဆိုင်ခန်းတွေ ရှိပါတယ်။







Tanjong Pager လမ်းပေါ်က Shophouse လေးတွေပါ။ ဒီလမ်းလေးမှာတော့ မင်္ဂလာဆောင် သတို့သမီးဝတ်စုံငှားတဲ့နေရာတွေ၊ မင်္ဂလာဆောင်အကျိုးတော်ဆောင်တွေ၊ ဓါတ်ပုံတိုက်တွေ အများကြီး ရှိပါတယ်။ မင်္ဂလာဆောင်စုံတွဲတွေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။








အထက်က ပုံလေးတွေကတော့ Shophouse လေးတွေကို မတူညီတဲ့ အသုံးချပုံလေးတွေပါ။ စားသောက်သေးသေးလေးတွေ၊ ဘားကလပ်တွေ၊ ဖက်ရှင်ဆိုင်သေးသေးလေးတွေ တွေ့ရမှာပါ။

Haji Lane-Designer Street



 စကာင်္ပူရဲ့ နာမည်ကျော် Haji Lane ပါ။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ သူတွေကတော့ ကောင်းကောင်း သိမှာပါ။
ဒီလမ်းကလေးမှာ ပြည်တွင်းဖြစ် ဒီဇိုင်းနာတွေရဲ့ ဖက်ရှင် အသစ်အဆန်းလေးများကို ဆိုင်ဖွင့်ပြီး ရောင်းချထားတာ တွေ့ပါတယ်။ ရန်ကုန်မှာဆို ၂၈လမ်း လမ်း၃၀လိုပေါ့။ မြန်မာပြည်မှာ ဖက်ရှင်ဒီဇိုင်းနာတွေအတွက် သီးသန့်နေရာ မရှိသေးပါဘူး။

Bugis





စကာင်္ပူရောက်တဲ့ မြန်မာတိုင်း သွားလည်ဖြစ်တဲ့ Bugis ပါ။ အရင်တုန်းက Shophouse လေးတွေကို တွဲလျှက်၊ အပေါ်ကနေ ခတ်သစ်မှန်ခုံးနဲ့ တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ထားပြီး ဖက်ရှင်ဆိုင်တွေ စားသောက်ဆိုင်တွေ ဖွင့်ထားပါတယ်။ ရှေးလက်ရာလည်း မပျက်သလို ခေတ်သစ် Shopping Mall တစ်ခုဖြစ်အောင်လည်း အသွင်ပြောင်းထားနိုင်ပါတယ်။

Fullerton Hotel



Fullerton Hotel ပါ။ ယခင်က စာတိုက်ကြီးပါ။ နောက်တော့ ဟိုတယ်အဖြစ် ပြောင်းလဲထားတာပါ။ ရန်ကုန်မြစ်ကမ်းဘေးမှာ အစိုးရရုံးဟောင်းတွေ ရှိပါတယ်။ ခန့်ညားလှပပါတယ်။ အဲဒီရုံးဟောင်းတွေကို ဟိုတယ်အဖြစ် ပြောင်းနိုင်ရင်တော့ ကောင်းပါတယ်။ (အတွင်းဝန်ရုံးကို ဟိုတယ်အဖြစ် ပြောင်းမယ့်အစားပေါ့)

Scarlet Botique Hotel



  

အထက်ပါပုံကတော့  Scarlet Botique Hotel ပါ။ ပုံစံတူ Shophouse အတွဲလိုက်တွေကို ယူပြီး ဟိုတယ်အဖြစ် ပြောင်းလဲထားပါတယ်။ Standard Room တောင်မှ စလုံးငွေ ၃၅၀ လောက် ပေးရပါတယ်။ ဆူးလေတ၀ိုက်မှာ အဲဒီလို အဆောက်အဦးအဟောင်းတွေ ကျန်ကောင်း ကျန်ပါလိမ့်မယ်။ အထူးသဖြင့် ရုပ်ရှင်ရုံတွေနားပေါ့။ ဟိုတယ်အဖြစ် ပြောင်းလဲနိုင်လျှင် Traders ထက်တောင် ဈေးကောင်းကောင်းရနိုင်ပါတယ်။


 

အထက်ပါ ပုံများကလည်း ဈေးကြီးကြီးပေးရတဲ့ ဟိုတယ်တွေပါတယ်။ ဟိုတယ်တွေရဲ့ သက်တမ်းက ဒုတိယကမ္ဘာစစ်နောက်ပိုင်းလို့ ထင်ပါတယ်။

St Jame Power Station


St James Power Station လို့ခေါ်တဲ့ Night Clubပါ။ အရင်တုန်းကတော့ မီးသတ်ရုံးပါ။ အထဲမှာ စုစုပေါင်းကလပ် ၄ခုရှိပါတယ်။ ကလပ်တစ်ခုချင်းစီမှာ မတူညီတဲ့ သီချင်းတွေ တီးလုံးတွေဖြင့် မြူးမြူးကြွကြွ ဖွင့်ထားပါတယ်။

Clarke Quay

























 စကာင်္ပူရဲ့ နာမည်ကြီး Clarke Quayပါ။ စကာင်္ပူမြစ်နံဘေးမှာ ရှိပြီး အရင်တုန်းက ကုန်သိုလှောင်ရာ ဂိုဒေါင်တွေပေါ့။ အခုတော့ ဘားတွေ ကလပ်တွေနဲ့ အတော့်ကို စည်ကားနေပါပြီ။ အဆောက်အဦးတစ်ခုနှင့်တစ်ခုကြားမှ ခေတ်ပေါ်မှန်အမိုးတွေနှင့် မိုးထားလိုက်တော့ နေပူမိုးရွာ၊ လုံလုံခြုံခြုံ ကခုန်နိုင်ကြတာပေါ့။

Singapore Mueums










 

Singapore National Museum ပါ။ အရင်တုန်းက Raffle Library ပေါ့။ Main Building က ကိုလိုနီခေတ် အဆောက်အဦးဖြစ်ပြီး တိုးချဲ့အဆောက်အဦးက ခေတ်သစ်လက်ရာပါ။ ခေတ်ဟောင်းနဲ့ ခေတ်သစ်လက်ရာကို တစ်ခုနှင့်တစ်ခု ထူးကဲမှုမရှိအောင် အဆင်ပြေပြေ အချိုးကျကျနှင့် တွဲထားခြင်း ဖြစ်ပါတယ်။


 
 ၁၉၂၀ မှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးပါ။ အခုတော့ Design Museum အဖြစ်ပြောင်းလဲထားပါတယ်။ အဲဒီမှာ ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းလက်ရာလေးတွေ ခင်းကျင်းပြသ ရောင်းချထားပါတယ်။ နောက်ပြီး Architecture, Interior Design နဲ့ ကုမ္ပဏီလေးတွေလည်း ဖွင့်ထားပါတယ်။

အောက်ဖော်ပြထားတဲ့ ရန်ကုန်မြို့လယ်က ပုံလေးတွေပါ။ အပေါ်က စကာင်္ပူက ပုံလေးတွေနှိုင်းယှဉ်ပြီး ရန်ကုန်ကလည်း စကာင်္ပူနီးပါးလှနိုင်ပါတယ်။ အစိုးရအနေနှင့် ရန်ကုန်မြို့လယ်က တိုက်အို တိုက်ဟောင်းတွေ ဖျက်တာကိုရပ်တန့်ပေးသင့်ပါတယ်။ အဆောက်အဦးဟောင်းတွေမှာ မနေသင့်လို့ ပြောင်းရမည် ဆိုပါကလည်း တန်ဖိုးညီမျှသင့်တော်သည့် နေရာတစ်ခုကို စီစဉ်ပေးသင့်ပါတယ်။ နောက်ပြီး အဆောက်အဦးများကို ဖျက်နေမည့်အစား စကာင်္ပူကဲ့သို့ ဟိုတယ်အဖြစ်၊ စားသောက်ဆိုင်အဖြစ်၊ ပြတိုက်တွေ အဖြစ် ပြောင်းလဲပေးသင့်ပါတယ်။











September 8, 2011

စုနှင့်သူမ၏မနက်ဖြန်

 
ပြတင်းတံခါးကို တွန်းဖွင့်လိုက်၏။ လတ်ဆတ်သော မနက်ခင်းလေပြေအေးသည် ဒရောသောပါးဖြင့် အခန်းထဲသို့ တိုးဝင်လာသည်။ ယနေ့နံနက်ခင်းသည် ယမန်နေ့က မနက်ခင်းများကဲ့သို့ပင် မည်သို့မျှ မထူးခြား။ ပူတလှည့် အေးတလှည့် မှောင်တလှည့် လင်းတလှည့်ဖြင့် ၊မကျော်ဖြတ်ချင် ကျော်ဖြတ်ချင် လေးတွဲ့တွဲ့နိုင်လှသော မနက်ခင်းများ ဖြစ်ကြသည်။ မနက်ဖြန်မှာ မည်သို့နံနက်ခင်းမျိုး  ဖြစ်လေမည်လဲဟု စောင့်စားနေမိသော်ငြားလည်း ထိုမနက်ဖြန်တို့သည် ထပ်ခါတလဲလဲ တူညီသော မနက်ခင်းမျိုးဖြင့်သာ စတတ်ကြသည်။

ဆေးရောင်ပြယ်စ ပြတင်းဘောင်ကို လက်တင်ပြီး အပြင်သို့ ငေးကြည့်မိသည်။ မိမိအိမ်ရှေ့က ပြုပြင်ဖာထေးခြင်းမရှိသည့် ကားလမ်းက အချိန်နှင့်အတူ စီးမျောရင်း အိုသည်ထက်အိုလာသည်။ ဘေးတဖက်တချက်တွင် ကပ်ပေါက်နေသော မြတ်ပင်ငယ်များကြောင့်သာ လမ်းအနားသတ် ရှိနေသေးပါလားဟု ထင်ရ၏။ ကားမျိုးစုံဖြတ်သန်းသွားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် လမ်းမအိုကြီးသည် ရုပ်ဆိုးဆိုးဖြင့် ရင့်ထော်နေသည့် စုန်းမကြီးနှင့်တူလှသည်။ ကိုယ့်အတွေးဖြင့် ကိုယ်တွေးရင်း ပြုံးမိလာပြန်သည်။ ဒီလမ်းမကြီးက ဖွာလန်ကြဲသည့် စုန်းမကြီးနဲ့ တူသည်ဟု ပြောလျှင်အပြုံးအရယ်နည်းသည့် စုပင်ကျွန်တော်နှင့်အတူ ပြုံးရယ်မိမှာ သေချာပါသည်။

ကျွန်တော်နေထိုင်သော ဖားရွှေကျော်လမ်းမသည် ဒဂုံမြို့သစ်မြောက်ပိုင်းထဲတွင် ရှိသည်။ ထိုလမ်းမက ခြောက်ရပ်ကွက်နှင့် ငါးရပ်ကွက်ကို မျဉ်းခြားသတ်မှတ်ထားသော လမ်းမတစ်ခုဖြစ်သည်။ ပြောင်းလာကာစက ငါးရပ်ကွက်တွင် အိမ်ခြေများသော်လည်း ခြောက်ရပ်ကွက်ဘက်ခြမ်းတွင်ကား အိမ်သုံးအိမ်သာ စုတန်းလျှက်ရှိခဲ့သည်။ ဘေးပတ်လည် မြေကွက်များသည်ကား မြေကွက်ချည်းသက်သက်သာ ဖြစ်နေခဲ့ဖူးသည်။ ထိုအိမ်သုံးအိမ်တွင် ကျွန်တော်နေထိုင်ရာ အိမ်လေးက အလယ်တွင် ဖြစ်သည်။ သူငယ်ချင်းများက ကျွန်တော်တို့အိမ်တန်းလေးကို သုံးအိမ်စုရွာလို့ နောက်ပြောင်ခေါ်ခဲ့သည်။ နှစ်ပေါင်း၂၀ကျော်ကြာသည့်တိုင် ထိုသုံးအိမ်စုရွာလေးကား မပြောင်းလဲခဲ့။ ထိုအိမ်များ၏နောက်ဘက်တွင် တဲအိမ်လေးများသာ တိုးလာခဲ့သော်လည်း သုံးအိမ်စုရွာက သုံးအိမ်စုမျှသာ ဖြစ်ခဲ့သည်။ ထိုသုံးအိမ်စုလေးသည်ပင် ကျွန်တော်နှင့်အတူ မနက်ဖြန်တိုင်းကို တူညီသော နံနက်ခင်းများဖြင့်သာ အတူတူ ဖြတ်သန်းခဲ့ရ၏။

တချိန်က ထိုသုံးအိမ်စုရွာလေးသို့ စုခဏခဏရောက်ခဲ့ဖူးသည်။ စုနှင့် သုံးအိမ်စုရွာလေးသည် ရင်းရင်းနှီးနှီးရှိခဲ့ဖူးသည်။ သုံးအိမ်စုရွာလေးသည် ခြောက်ကပ်ကပ်နိုင်လှပေမယ့် စုရှိနေသည့်အချိန်များတွင် သက်ဝင်လှုပ်ရှားမှုစွာဖြင့် ပျော်စရာကောင်းခဲ့သည်။

ကျွန်တော်တို့ သုံးအိမ်စုလေးမှာ ကျွန်တော်တို့အိမ်က အလယ်မှာ ရှိပြီး ခေါင်းရင်းဘက်မှာတော့ တက္ကသိုလ်ဆရာမနှင့်သူမ၏ကလေး သုံးယောက်နေထိုင်ကြသည်။ ဆရာမက ဒဂုံတက္ကသိုလ်တွင် ကထိကတစ်ဦးဖြစ်ပြီး ကလေးများကတော့ သုံးနှစ်၊ငါးနှစ်၊ခုနစ်နှစ်အရွယ်များဖြစ်ခဲ့သည်။ ဆရာမအမျိုးသားကတော့ နိုင်ငံခြားသဘောင်္လိုက်နေသော သဘောင်္သားတစ်ဦးဖြစ်သည်။ ထို့ကြောင့်ထိုအိမ်တွင် ဆရာမရယ်၊ကလေးသုံးယောက်ရယ်၊ ဆရာမအမေရယ်၊ ထိုငါးယောက်သာ အမြဲရှိတတ်သည်။

ကျွန်တော်၏ခြေရင်းအိမ်ကတော့ ပေလေးဆယ်ပေခြောက်ဆယ်မြေကွက်နှစ်ကွက်ကို တွဲလျက်ဝယ်ပြီး ဆောက်ထားသည့် တစ်ထပ်တိုက်အိမ်လေးရှိသည်။ အိမ်မှာတော့ အိမ်သားလေးယောက်သာ ရှိ၏။ ငွေကြေးတတ်နိုင်သော အသိုင်းအ၀ိုင်းမှ ဖြစ်ပြီး အနီးပတ်ဝန်းကျင်ဖြင့် ခပ်ကင်းကင်းနေတတ်ကြသည်။

စုနှင့်သုံးအိမ်စုရွာလေး တွေ့ဆုံမှုသည်လည်း ရိုးရိုးရှင်းရှင်းလေးလေးသာဖြစ်ခဲ့သည်။ တစ်ခုသော ဆောင်းရာသီနံနက်ခင်းတစ်ခုမှာ ဖြစ်၏။ စုနှင့်ကျွန်တော် အတန်းမတက်ချင်ခဲ့။ စုက ကျွန်တော်နင်းသော စက်ဘီးပေါ်မှာ သီချင်းလေးတအေးအေးဖြင့် လိုက်စီးချင်သည်တဲ့။ ကျွန်တော်က ကျောင်းကို အမြဲတမ်း စက်ဘီးလေးစီးပြီး ကျောင်းတက်သည်။ ကျွန်တော့်ဂျပန်ဘီးလေး၏ ကယ်ရီယာခုံနောက်မှာ စုကိုတင်ပြီး ကျောင်းကို တပတ်ပီး တစ်ပတ်နင်းသည်။

“ကျော်ကျော်က.. ကျောင်းလာရင် အခုလိုတပတ်ပတ်ပြီးမှ ကျောင်းထဲဝင်တာပေါ့ဟုတ်လား”

စုက ကျွန်တော့်နောက်နားမှာ ထိုင်လျှက် ခနဲ့တဲ့တဲ့ စခဲ့ဖူးသည်။ ထိုအခါကျွန်တော်က…

“စုသာ.. ကျွန်တော့် ကယ်ရီယာခုံနောက်မှာ အကြာကြီးလိုက်စီးနိုင်ရင် ကျွန်တော်ကျောင်းကိုလာတဲ့ လမ်းတလျောက်…. စုကို ခေါ်သွားမှာပေါ့” ပြောလိုက်မိ၏။
စုက ကျွန်တော်တင်နင်းမည့် စက်ဘီးနောက်ကို လိုက်စီးမည်ဟုလည်း မပြော၊ မစီးနိုင်ဘူးဟုလို့လည်း မငြင်း၊ ကျွန်တော်တို့သတိထားသည့်အချိန်ရောက်သည့်အခါမှာတော့ စက်ဘီးလေးက ဒဂုံတောင်မြောက်လမ်းဆုံဘက်သို့ ဦးတည်နေ၏။ ဤသို့ဖြင့် စုနှင့် သုံးအိမ်စုရွာလေးသည် နံနက်ခင်းတစ်ခု၌ ကဗျာမဆန်စွာ တွေ့ဆုံခဲ့ကြသည်။

တွေ့ခါစအချိန်တို့တွင် စုနှင့် ထိုသုံးအိမ်စုရွာလေးသည် ရင်းရင်းနှီးနှီးမရှိလှ။ လာပါများတော့လည်း တဖြေးဖြေးရင်းနှီးလာခဲ့သည်။ အထူးသဖြင့် ခေါင်းရင်းအိမ်မှ ကလေးသုံးယောက်နှင့်ပေါ့။

စုလာလည်သည့်အခါတိုင်းတွင် မေမေက စုကြိုက်တတ်သည့် မုန့်ဟင်းခါးကို ရံဖန်ရံခါ ချက်ကျွေးတတ်ပြန်သည်။ မေမေက မြစ်ဝကျွန်းပေါ်သူပီပီ၊ ငါးနိုင်နိုင်ဖြင့် ချက်သည်။ ထို့ကြောင့် မေမေချက်သည့် မုန့်ဟင်းခါးသည် ငါးနှစ်ရည်ပြစ်ပြစ်ဖြင့် အရသာ အရမ်းရှိသည်ဟု စုက ဆိုသည်။ မေမေမုန့်ဟင်းခါးချက်သည့်နေ့တိုင်း ခေါင်းရင်းအိမ်မှ ကလေးသုံးယောက်က မီးဖိုချောင်တွင် တ၀ဲလည်လည် လုပ်နေတတ်သည်။ ထိုအခါမျိုးတွင် စုက သူမမှာပါလာသည့် ပန်းချီဆေးရောင်စုံမျိုးစုံကို ဈေးဗန်းချရောင်းသလို တန်းစီချထားပြီး ကလေးလေးတွေကို ပန်းချီဆွဲသင်ပေးတော့သည်။

ထိုကလေးသုံးယောက်တွင် အသက်ခုနှစ်နှစ်အရွယ် အသက်အကြီးဆုံးမိန်းကလေးက အေးဆေးသလောက်၊ အသက်သုံးနှစ်အရွယ် အငယ်ဆုံးမလေးကတော့ ဖျတ်လတ်သည်။ သွက်သည်။ သူမက စုရဲ့ ရောင်စုံဆော့ပင်လေးတွေကို ယူပြီး သူမ၏အကျီင်္အဖြူလေးမှာ အရုပ်များ ရေး၏။ မေမေက တွေ့လျင် ဟန့်ပေမယ့် စုကတော့ မသိမသာ လွှတ်ပေးတတ်သည်။ ညရောက်လျှင်တော့ ကလေးတို့၏အမေ၊ ဆရာမက စိတ်ဆိုးမာန်ဆိုးဖြင့် အရောင်များစွန်းပေနေသည့် အင်္ကျီအဖြူလေးကို ကိုင်ကာ ညရောက်လျှင် ရောက်လာပါတော့သည်။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် စွန်းပေဖန်များလာတော့ စုကို ကလေးတွေ အကျီစပေါ်မှာ အရုပ်ရေးလျှင် တားပေးဖို့ ကျွန်တော်ကပင် တောင်းပန်ယူရသည်။ ဒါပေမယ့် ကျွန်တော့်တားဆီးမှုကို စုက ထုံးစံအတိုင်း ထုံပေပေဖြင့် အကြောင်း အမျိုးမျိုးပြကာ ငြင်းဆန်တတ်ပြန်၏။

“ကျော်ကျော်ရယ်။ ဒီအရွယ်လေးတွေက အသစ်အဆန်းရှာဖွေတတ်တဲ့အရွယ်။ ပန်းချီအနုပညာဆိုတာ စာရွက်ပေါ် ပိတ်ကားပေါ်ဆွဲမှ ပန်းချီလို့ခေါ်ရမှာလား။ အခုလို အကျီင်္စပေါ်မှာ ဆွဲတတ်တော့ ပန်းချီဆိုတာ စာရွက်တွေ ကန်းဗတ်စတွေနဲ့ Limit မရှိဘူးဆိုတာ ကလေးတွေ နားလည်လာမှာပေါ့။ အခုအချိန်မှာ ကလေးတွေ သွားတားရင် သူတို့ စူးစမ်းရှာဖွေချင်စိတ်ကလေးတွေကို သွားတားဆီးတာ မရောက်ဖူးလား”

နောက်တကြိမ် သုံးအိမ်စုရွာလေးသို့ စုလာလည်သည့်အခါတွင်တော့ စုအိတ်ထဲတွင် ပုံဆွဲစက္ကူများအပြင် ပိတ်စဖြူဖြူလေးများလည်း ပါလာခဲ့၏။

…………………………………………………..။………………………………………………………….

တခါတလေ စုသည် အတွေးများဖြင့် ငြိမ်သက်နေသော်ငြားလည်း ကလေးများနှင့် တွေ့သည့်အခါတွင်တော့ သူမ၏ လွတ်လပ်ပေါ့ပါးသည့် အပြုံးအရယ်များက အသက်ဝင်လာခဲ့သည်။
ကလေးသုံးယောက်တွင် အလတ်ကလေးက ယောက်ျားလေးဖြစ်ပြီး ပန်းချီပညာကို ပိုပြီး စိတ်ဝင်တစား ရှိလှသည်။ တပတ်တခါ ရောက်လာတိုင်း ထိုကလေးလေးဆီမှာ ပြစရာ ပန်းချီအသစ်အဆန်းလေးများ ရှိနေတတ်သည်။ ငါးနှစ်မပြည့်တပြည့် အရွယ်လေးဖြစ်ပြီး စကားကို လေလုံးပေါက်အောင် မပြောတတ်သေးပေမယ့် ချစ်စရာကောင်းသည့် ကာလာအဆန်းအပြားလေးများက ထိုကလေးလေးထံတွင် ရှိနေတတ်သည်။ တခါတလေ စုက သူ့ကို Little Vengoh လို့ခေါ်တတ်ပြန်သည်။

စုသည် ထိုကလေးလေးနှင့်ဆုံတိုင်း စိတ်ရှည်လက်ရှည် ပုံဆွဲသင်ပေးတတ်၏။ ဟိုခြစ်သည်ခြစ် လုပ်ထားသော ထိုကလေး၏ ပုံများသည် ရှုပ်ပွေလိမ်နေတတ်ပေမယ့် စုကတော့ ထိုကလေး၏ ပန်းချီကားလေးများကို တယုတယကြည့်ရှုလေ့ ရှိ၏။ ရှိသမျှပုံဆွဲစက္ကူလေးများကိုလည်း ထိုကလေးလေးအား ထုတ်ပေးတတ်၏။ သူမ၏ပုံဆွဲစက္ကူများ ကုန်သွားသည့်အခါတိုင်း ကျွန်တော့်အိတ်ထဲမှ ပုံဆွဲစက္ကူတွေဆီ မျက်လုံးက ရောက်လာတတ်သည်။ ထိုအခါမျိုးတွင် စက္ကူတွေကို ကျွန်တော်ကပဲ ကလေးဆန်စွာ ၀ှက်ထားတတ်ခဲ့ပြန်သည်။

“စုကလည်းကွာ၊ ပုံဆွဲစက္ကူတွေက ဈေးကြီးက  ကြီးသနဲ့။ကလေးတွေကို ဗလာစာအုပ်တအုပ်ထုတ်ပေးလိုက်ပေါ့” ဟု ခဏခဏ ညူစူမိပြန်ပါသေးသည်။

“ကျော်ကျော်ကလည်း၊ သူ့ကြည့်ရတာ၊ ပုံဆွဲစက္ကူနဲ့ ဆွဲရတာ အရသာပိုတွေ့သလိုပဲ။ စုငယ်ငယ်တုန်းကဆို ဖေဖေက ပုံဆွဲစက္ကူပဲ ၀ယ်ပေးတာ၊ ဗလာစာရွက်နဲ့ ဆွဲရင် ဆူရောပဲ။ ဆွဲပါစေ ကျော်ကျော်ရယ်… ကျောင်းရောက်ရင် စုပြန်ပေးပါ့မယ်”

နောက်ဆုံးကျတော့ ကျွန်တော်ပဲ အလျှော့ပေးကာ ဗန်ဂိုးအသေးစားလေးအတွက် ပုံဆွဲစက္ကူများကို ထုတ်ပေးခဲ့ရသည်။

စုက သူမငယ်ငယ်တုန်းကအကြောင်းကို မပြောတတ်။ အခုလို စိတ်ပါလက်ပါ ရှိသည့်အချိန်တွင်မတော့ တခွန်းစနှစ်ခွန်းစ ပြောပြတတ်၏။ စုဖေဖေကို မည်သူလည်းဆိုတာ ကျွန်တော်သေချာမသိ။ ဒါပေမယ့် စုက သူမ၏ဖခင်အကြောင်းပြောသည့်အခါတိုင်းတွင်တော့ လှိုက်လှိုက်လှဲလှဲရှိလှသည်။ စုဖေဖေသည် စုကိုအတော်ချစ်မည် ထင်ပါသည်။ စုချစ်သည့် အနုပညာက စုဖေဖေဆီကများ ရခဲ့တာလားဟု ကျွန်တော်က မေးမိသည့်အခါတိုင်းတွင်တော့ စုသည် ဘာကိုမျှမဖြေ အဝေးသို့သာ ငေးကြည့်နေတတ်ခဲ့သည်။ မေးခွန်းတော်တော်များများကို အခုလိုဖြေနေကျမို့ ကျွန်တော်အတွက်တော့ အထူးအဆန်းတစ်ခုတော့ မဟုတ်ခဲ့ပါ။

ကလေးသုံးယောက် ပုံဆွဲပြီးသည့်အချိန်တိုင်းမှာ စုက စိတ်ရှည်လက်ရှည် စာရွက်အနားလေးများကို ချိုးပြီး စက္ကူဘောင်ကလေးများ လုပ်တတ်သေး၏။  ထိုစက္ကူဘောင်ကလေးတွင် ကလေး သုံးယောက်၏ ပန်းချီသေးသေးလေးများကိုထည့်ပြီး ဧည့်ခန်းထဲက နံရံပေါ်မှာ တိပ်ဖြင့် စီစီရီရီလေး ကပ်ထားတတ်၏။ ဧည့်ခန်းလေးသည် စုရောက်လာသည့်အခါတိုင်းတွင် ပန်းချီပြခန်းလေး ဖြစ်သွားတတ်သည်။ (ယခုအချိန်မှာတော့ ထိုပန်းချီပြခန်းလေးသည် ကျွန်တော့်ရဲ့ ပန်းချီစတူဒီယိုလေး ဖြစ်လာခဲ့သည်) စုက ထိုပန်းချီပြခန်းလေးနာမည်ကို သုံးအိမ်စုရွာဟု ကပ်ကပ်သပ်သပ် နာမည်ပေးတတ်ပြန်သေးသည်။ ကျွန်တော်ကတော့ ထိုနာမည်လေးကို သဘောကျမိသော်လည်း မေမေကတော့ သုံးအိမ်စုရွာလို့ ပြောလျင် မကြိုက်။ နောက်တစ်နှစ်၊ နှစ်နှစ် စောင့်ကြည့်လိုက်စမ်းပါအေ။ ဒီနားမှာ ဒဂုံတက္ကသိုလ်အရှိန်နဲ့ အိမ်တွေ အများကြီးဖြစ်လာမှာပါအေ့လို့ ဒေါသအေးအေးလေးဖြင့် စု၏ပန်းချီပြခန်းလေးကို ရန်တွေ့တတ်ပါသေးသည်။ ထိုပြခန်းလေး၏ အမြဲတမ်း ဧည့်သည်မှာလည်း ကျွန်တော်နှင့် မေမေသာ ဖြစ်ခဲ့သည်။ စုပြန်သွားသည့်အခါတွင်တော့ ဧည့်ခန်းတစ်ခုလုံး စက္ကူစများ၊ ဆေးစက်များဖြင့် ပေပွကျန်တတ်ခဲ့သည်။ ဒိုင်ခံရှင်းရသည့် သူမှာလည်း ကျွန်တော်နှင့်မေမေသာဖြစ်ခဲ့သည်။

တစ်ရက်တော့ စုက ကလေးသုံးယောက်ကို ကြီးလာလျှင် ဘာဖြစ်ချင်သလဲဟု မေးခဲ့သည်။ အငယ်မလေးက သူမ၏၀ါညစ်နေသော ဂါဝန်ဖြူလေးကို လက်နဲ့ ဆုပ်ခါရင်း..

“မီးမီးက ကြီးလာရင် အိမ်ရှေ့အိမ်က အန်တီကြီးလို ကားကြီးစီးပြီး အိမ်ပွဲစားမကြီးလုပ်မှာ”

“မီးမီးက ဘာလို့ အိမ်ပွဲစားမကြီး ဖြစ်ချင်တာလဲ၊ မီးမီးမေမေလို ဆရာမကြီး မဖြစ်ချင်ဘူးလား”

“မဖြစ်ချင်ပါဘူးဦးဦးရ.. အဲဒီအန်ကြီးဆီမှာ ပိုက်ဆံတွေအများကြီးပဲ၊ ပွဲစားမကြီးလုပ်မှ ပိုက်ဆံရမှာ၊ မေမေ့လို့ ဆရာမလုပ်ရင် ပိုက်ဆံရမှာ မဟုတ်ဘူး”

“မီးမီးက ပိုက်ဆံတွေအများကြီးရရင် အဲဒီပိုက်ဆံတွေနဲ့ ဘာလုပ်ချင်လို့လဲ” မေးလိုက်တော့…

“မီးမီးက မုန့်တွေအများကြီး ၀ယ်စားပစ်မှာပေါ့၊ ပြီးတော့ ချောကလက်တွေလည်း အများကြီးဝယ်စားဦးမှာ”

စုက အငယ်မလေးရဲ့ အဖြေကို ကြားမိတော့ ရယ်သည်။ စုရယ်သံသည် အငယ်မလေးရယ်သံကဲ့သို့ပင် အပူအပင်ကင်းမဲ့လှသည်ဟု ကျွန်တော် ထင်မိသည်။ စုနှင့်ပါတ်သက်လာလျှင် အကုန်လုံး မှန်းစချက်တွေသာ ဖြစ်ခဲ့သည့်အတွက် ကျွန်တော့်ကို ကျွန်တော်အားမရခဲ့။ (စုရဲ့ ငယ်စဉ်ဘ၀ကို ကျွန်တော် သိခဲ့ရသည့်အချိန်မှာတော့ ကျွန်တော်ကိုယ့်ကိုယ်ကို ညံ့ဖျင်းလှပါလားလို့တောင် အပြစ်တင်ခဲ့မိသည်။)


……………………………………..။………………………………………………….

ကျွန်တော်နှင့် စုသည် အိမ်သုံးစုရွာလေးမှာ မိုးတွင်းတစ်ခုကိုလည်း အတူတူဖြတ်သန်းခဲ့ဖူးသည်။ ဆောင်းတွင်းတစ်ခုမှာလည်း အတူတူလမ်းလျှောက်ခဲ့ဖူးသည်။ နွေညနေခင်းတစ်ခုမှာလည်း ပန်းချီအတူတူ ဆွဲခဲ့ဖူးကြသည်။ ရာသီပတ်လည် တစ်ခုလုံး တစ်ဦးရဲ့တစ်ဦး အတွေးကိုယ်စီကို ပုံဖေါ်ဖူးခဲ့ကြသည်။ ကျွန်တော့်အတွေးများကို စုက အလွယ်တကူ ပုံဖော်နိုင်ပေမယ့် စု၏အတွေးများကို ပုံဖော်ရတာတော့ ၀ိုးတ၀ါး ရှိလှသည်။ စုသည် အဖြေမရှိသည့် ပုစ္ဆာတစ်ပုဒ်လားမပြောတတ်။ ဒါမှမဟုတ် အဖြေချပေးပြီးသား ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုအဖြေရသလဲဆိုတာ ပြန်ရှင်းပြရခက်သလိုလိုမျိုး။ တခါတလေ စုရှိနေသည့် ကမ္ဘာထဲကို တိုးဝင်ကြည့်ချင်သည်။ ကျွန်တော်ရဲ့ ကမ္ဘာထဲကိုလည်း စုကို ဆွဲခေါ်ချင်သည်။ ဒါပေမယ့် စုနှင့် ကျွန်တော်သည် ကမ္ဘာသစ်နှင့်ကမ္ဘာဟောင်း တစ်ခုပမာပင်။

“စုကို ကျွန်တော် ဒီအိမ်လေးထဲမှာ ၀ှက်ထားလိုက်ချင်တယ် သိလား.. စုနဲ့ ဝေးရမှာ တွေးရင်းနဲ့တောင် ကြောက်တယ်”
ကျွန်တော်က စုကို ကလေးဆန်စွာ ပြောမိတော့…..

“စုတို့ ကျောင်းပြီးရင်း အတူတူနေကြတာပေါ့.. ကျော်ကျော်ရယ်” တိုးတိုးလေး ပြန်ဖြေခဲ့ဘူးသည်။

တကယ်လား လို့ ကျွန်တော်က ထပ်ကာမေးမိတော့ စုက အင်းပေါ့ ကျော်ကျော်ရယ်လို့ ပြန်ဖြေသည်။ စုက သူ့ကမ္ဘာဟောင်းလေးထဲကို ကျွန်တော့်ကို ဆွဲခေါ်ဖို့ စိတ်ကူးမရှိလေသည်လား။ ကျွန်တော့်ကမ္ဘာသစ်လေးထဲသို့ တိုးဝင်ရန် ဆုံးဖြတ်ထားသည်လား ကျွန်တော် သေချာမသိခဲ့။ စုက ခေါင်းညိတ်လိုက်သည့်အချိန်တွင် ကျွန်တော်တို့ အနာဂတ်အတွက် အလင်းစက်တွေ ဖြာဝေနေသည်ဟု နှစ်ယောက်သား စိတ်ကူးယဉ်မိခဲ့ကြသည်။

ညနေခင်းတစ်ခုမှာတော့ စုရယ်ကျွန်တော်ရယ်၊ ကလေးသုံးယောက်ရယ် ဖားရွှေကျော်လမ်းတလျှောက် လမ်းလျှောက်ထွက်ကြသည်။ တခါတလေ ထိုလမ်းအဆုံးလေးမှ ကွေ့ပြီး ဒဂုံတက္ကသိုလ်ထဲအထိ လမ်းလျှောက်တတ်သည်။ ဒဂုံတက္ကသိုလ်ထဲမှ ပတ္တမြားကလပ်ရှိရာ ရေပန်းနားတွင် ခဏထိုင်ပြီးမှ ပြန်တတ်ကြသည်။ စုက ပူလောင်ဆူညံသည့် လမ်း၃၀က သူမ၏တိုက်ခန်းလေးထက် လယ်ကွင်းများကို ဖြတ်ပြီး တိုက်ခတ်လာသည့် လေညင်းတွေရသည့် သည်နေရာလေးကို ပိုပြီး ခုံမင်သည် ထင်ရသည်။

သည်ညနေမှာတော့ ကျွန်တော်တို့ ဖားရွှေကျော်လမ်းမတလျှောက်မှာပဲ လမ်းလျောက်ဖြစ်ကြသည်။ ကျွန်တော်တို့ ၆ရပ်ကွက်ဘက်ခြမ်းမှာတော့ ခြံအမှတ်အသား ကွန်ကရစ်တိုင်ငုတ်လေးတွေသာ ရှိနေပြီး ပကတိလယ်ကွင်းပြင်သက်သက်သာ ရှိသေးသည်။ ၅ရပ်ကွက်ဘက်ခြမ်းမှာတော့ ခြံတွေ ပြည့်လုနီးပါး အိမ်လေးများက တိုးလို့တွဲလောင်း ဆောက်နေတုန်းပေါ့။

စုက သူမမှာပါလာသည့် ကင်မရာလေးကို ကလေးတွေပေးလိုက်သည်။

“မမ.. မင်းတို့ကို ကင်မရာလေးပေးမယ်။ အဲဒီကင်မရာလေးနဲ့ မင်းတို့ ကြိုက်တဲ့ ပုံလေးတွေရိုက်ခဲ့ကြ။ ပြီးရင် အိမ်စာပေးမယ်။ ပုံကောင်းကောင်းဆွဲနိုင်တဲ့သူကို ချောကလက်တွေ ၀ယ်ကျွေးမယ်”

ကလေးသုံးယောက်စလုံး  သူတို့လက်ထဲအရုပ်အသစ်ရသလို ဝေးကနဲအော်ပြီး ဓါတ်ပုံမရိုက်တတ်ရိုက်တတ်ဖြင့် သဘောကျတာမှန်သမျှ တဖျတ်ဖျတ်  ကလစ်နှိက်ကြသည်။ စု၏ကင်မရာလေးသည် ချက်ချင်းရိုက်၊ ဓါတ်ပုံချက်ချင်း ထွက်သော ကင်မရာလေးဖြစ်သည်။

မောင်နှမသားချင်းမရှိသည့် စုအတွက် ထိုမောင်နှမသုံးယောက်က ဘုရားပေးတဲ့ ဆုလေသည်လား မပြောပြတတ်ပါ။ တခါတလေ သူ့ဆီမှာ မောင်နှမတွေ အများကြီး ရလျှင် ကောင်းမှာပဲဟု တောင့်တတတ်သည်။ စုပြောပြောပြနေသည့် စုနှင့်အတူတူနေသည့် အဒေါ်အပျိုကြီးကလွဲလို့ တခြားဆွေမျိုးသားချင်းများအကြောင်း မကြားမိ။ စုတစ်ယောက် မိသားစုမေတ္တာ ငတ်နေသလားလို့တောင် ကျွန်တော်ထင်မိ၏။

“အခုတော့ စုတယောက်တည်းပေါ့။ ကိုယ်တို့အလှည့်ကျရင်တော့ ကိုယ်တို့ကလေးတွေ အဖော်မမဲ့အောင် တစ်ယောက်ပြီး တစ်ယောက်မွေးကြမယ်လေ”

စုသည် တခြားမိန်းကလေးများကဲ့သို့ ကျွန်တော်ကိုရှက်ပြုံးပြုံးကား လက်သီးဆုပ်ဖွဖွလေးဖြင့် ထုလည်းမထု၊ စိတ်လည်းမကောက်။

“အင်း.. မွေးကြတာပေါ့.. ကျော်ရယ်”ဟု ခပ်တည်တည်လေးသာ ညည်းသည်။ ထိုအခါ စိတ်မကောင်း ဖြစ်ရသူက ကျွန်တော်ပင် ဖြစ်သည်။

အိမ်ပြန်ရောက်တော့ နေပင် အတော်စောင်းနေပြီ။ စုက ကလေးလေးတွေ ရိုက်ထားသည့် ဓါတ်ပုံလေးများကို တစ်ခုချင်းကြည့်ပြီး.. အိမ်စာပေးမည်ဟုဆိုကာ သံဗူးအရှည်လေးတစ်ခုထုတ်ပြသည်။ ထိုသံဖူးလေးသည် အပြားရှည်ရှည်လေးဖြစ်ပြီး လက်နှစ်လုံးလောက်သာထူသည်။

“မမတို့ ကစားပွဲ တစ်ခုစမယ်နော်။ ဒီကစားပွဲက ကြာမယ်။ စိတ်ရှည်ရမယ်။ နောက်ပြီး အဲဒီကစားပွဲကို စိတ်ရှည်လက်ရှည်ဆော့ရမယ်၊ သဘောတူလား”

ကလေးသုံးယောက်က ကစားရမည်ဆိုတော့ ခုန်ပေါက်နေကြသည်။

“မမ.. မင်းတို့ကို စာရွက်တစ်ရွက်စီ ပေးမယ်နော်။ အဲဒီစာရွက်နဲ့ မင်းတို့ ပုံတွေဆွဲရမယ်။ မဆွဲခင် မင်းတို့ရိုက်လာတဲ့ ဓါတ်ပုံလေးတွေကြည့်ပြီး၊ မင်းတို့နေတဲ့ ဒီဖားရွေကျော်လမ်းမကြီး နောင်အနှစ်နှစ်ဆယ်ကျရင် ဘယ်လိုရှိနိုင်မလဲဆိုတာ စိတ်ကူးယဉ်ရမယ်။ စိတ်ကူးယဉ်ရမယ်ဆိုတာ မင်းတို့သုံးယောက် ဒီလမ်းကလေးကို ဘယ်လိုဖြစ်ချင်တာလဲဆိုတာပေါ့”

စကားအများကြီး မပြောဘဲ တိတ်တိတ်လေးနေတတ်သော အကြီးမလေးက….

“သမီးကလေ၊ ဥယျာဦကြီးထဲမှာ အိမ်ဆောက်ပြီး နေချင်တာ။ ဒီလမ်းကြီးတလျှောက်ကို ပန်းခြံကြီးဖြစ်အောင်ဆွဲချင်တယ်”

“သားသားကတော့ ပြိုင်ကားမောင်းတဲ့လမ်းကြီးဆွဲမယ်”

အငယ်မလေးကတော့ ဘာဆွဲမယ် ညာဆွဲမယ်မပြော…

“မမ.. မီးမီးတို့ အခုလိုဆွဲလိုက်တာနဲ့.. မနက်ဖြန်ကျရင် ဒီလမ်းမကြီးက မီးမီးတို့ ဖြစ်ချင်တဲ့အတိုင်း ပြောင်းလဲသွားမှာလားဟင်” တဲ့။

စုကတော့ အငယ်မလေးကို ပြုံးကြည့်ပြီး…

“မီးမီးဖြစ်ချင်တာတွေ မနက်ဖြန်မှာ အကုန်လုံးဖြစ်မှာပေါ့။ ဒါပေမယ့် မနက်ဖြန်တစ်ခုတည်းနဲ့တော့ မရဘူး။ မနက်ဖြန်တွေအများကြီးကို စောင့်ရမှာ”

ကျွန်တော်ကတော့ စုကို ကြည့်ပြီး ရယ်နေမိခဲ့သည်။ စုရယ် သုံးနှစ်၊ငါးနှစ်အရွယ်ပဲ ရှိတဲ့ ကလေးတွေက နောင်အနှစ်နှစ်ဆယ်မှာ သူတို့ပန်းချီကားလေးတွေ မှတ်မိနေရင် ကံကောင်းဟု... စနေမိခဲ့သည်။ စုကတော့ စိတ်လည်းမဆိုးပါ။ ရယ်လည်း မရယ်ပါ။ သဘောကျတာ လုပ်လိုက်ရသကဲ့သို့ ခပ်ပြုံးပြုံးသာ ရှိနေခဲ့၏။ အကယ်၍သာ သူမသာ ထိုပန်းချီကားလေးတွေ မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူးဟု ကြိုတင်သိရှိခဲ့လျှင် အခုလို ပြုံးနေနိုင်ပါ့မလား။

“ဒီနေ့ည အပြီးဆွဲရမယ်နော်.. ဆွဲပြီးသွားရင် ဦးကျော်ကျော်ကို ပေးလိုက်။ မပေးခင် ကိုယ်ဆွဲထားတဲ့ ပုံကို အနှစ်နှစ်ဆယ်လုံးလုံး မှတ်မိနေအောင် ကြည့်ထားရမယ်။ ဟုတ်ပြီလား။ ဦးကျော်ကျော်က မင်းတို့ရဲ့ ပုံလေးတွေကို ဒီသံဗူးလေးထဲမှာ အားလုံးကိုယ်စား စုပြီး သိမ်းထားပေးလိုက်မယ်၊ နောင်အနှစ်နှစ်ဆယ်ကျရင် မမတို့အားလုံးဒီဗူးထဲက ပုံလေးတွေကို ထုတ်ကြည့်ကြမယ်။ အဲဒီအချိန်မှာ မင်းတို့ဆွဲထားတဲ့ ပုံလေးတွေထဲကအတိုင်း ဒီလမ်းလေးက ပြောင်းလဲနေမယ်ဆိုရင် အတူဆုံးလူကို.. မမ.. ချောကလက်တွေ ၀ယ်ကျွေးမယ်”

ကျွန်တော်က နောင်အနှစ်နှစ်ဆယ်မှာ ဒီကလေးလေးတွေ ချောကလက်ကြိုက်မှာ သေချာလို့လားလို့ ကလေးတွေအလစ်မှာ စုကို စမိပြန်သည်။ စုက ရှူးတိုးတိုးဆိုပြီး လက်ညိုးလေးကို နှုတ်ခမ်းထောင့်လေးမှာ ထိကာ မျက်ရိပ်ပြ၏။ အဲဒီနောက် စုပါ ကျွန်တော်နှင့် ရောယောင်ပြီး လိုက်ရယ်ပါတော့သည်။

နောက်တနေ့မှာတော့ ကလေးသုံးယောက်က အချိန်မှန်စွာပင် ကျွန်တော့်ဆီကို ပန်းချီကားလေးများလာပေး၏။ သူတို့၏အတွေးတွေထဲမှာတော့ ချောကလက်တွေ အပြည့်ဖြစ်ချင် ဖြစ်နေမည်။ ဒါမှမဟုတ် သူတို့ ထင်မြင်ထားသကဲ့သို့ နောင်အနှစ်နှစ်ဆယ်မှာ ဖြစ်ခဲ့လျှင်.. ဟူသော မျှော်လင့်ချက်များ  ရှိချင်ရှိနေမည်။ အငယ်မလေးကတော့ သူမပန်းချီကားလေး မနက်ဖြန်မှာ အသက်ဝင်လာလျှင်ကောင်းမည်ဟု တတွတ်တွတ်ပြောနေတာတော့ စုလည်း ကြားချင်မည်ထင်ပါသည်။

ကျွန်တော်ကရော ထိုကလေးများကဲ့သို့ ဘာကိုမျှော်လင့်မိသလဲ။ မသေချာပါ။ ကလေးသုံးယောက်အတွေးကဲ့သို့ ချစ်စရာကောင်းသည့်အတွေးလေးများ ကျွန်တော့်ထံတွင် ရှိနေမလားလည်း ကျွန်တော်မသိပါ။ ထိုနေ့က ကလေးတွေ ဘာတွေများဆွဲထားသလဲဟုဆိုတာလည်း ကျွန်တော်.. စုလောက် စိတ်မ၀င်စားခဲ့ပါ။ ကလေးသုံးယောက်၏ ပန်းချီကားလေးများကို ဖွင့်ပင်မကြည့်ခဲ့ပဲ သတ္ထုဗူးလေးထဲတွင် အနှစ်နှစ်ဆယ်နီးပါး သည်အတိုင်းသာ ထည့်ထားခဲ့လိုက်မိ၏။ ထိုသတ္ထုဗူးလေးပိတ်လိုက်မိခြင်းသည် စုနှင့် အိမ်သုံးစုရွာလေးကို တခါတည်း သိမ်းဆည်းလိုက်ခြင်းနှင့်တူသည်။ ကျွန်တော်တို့ လမ်းလျှောက်ထွက်ခဲ့သော ညနေသည် စုနှင့်အိမ်သုံးစုရွာလေးတို့ နောက်ဆုံးညနေတစ်ခုဖြစ်ခဲ့သည်။

ယခုအခါမှာတော့ ခေါင်းရင်းအိမ်မှ ကလေးသုံးယောက်သည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေပြီဖြစ်သည်။ အဖိုးကြီးနှင့်အဖွားကြီး၊ အိမ်သားနှစ်ယောက်သာ ကျန်ရစ်ခဲ့သော ထိုခေါင်းရင်းအိမ်လေးသည် အရင်ကထက် ပိုပြီး တိတ်ဆိတ်နေသည်။ အိမ်ရှင် အမျိုးမျိုးပြောင်းလဲနေခဲ့သော ခြေရင်းအိမ်ကတော့ အိမ်ရှင်မဲ့ကာ ခြောက်တွေ့နေတာ ကြာပြီဖြစ်သည်။ ဖားရွေကျော်လမ်းမသည်လည်း အရင်ကကဲ့သို့ လူသွားလူလာ မများတော့။ ကားမျိုးစုံဖြတ်သမ်းသွားလာခဲ့သော ထိုလမ်းမသည် ဒဏ်ရာဗလပွဖြင့် ကျန်ခဲ့ပြန်၏။

သည်လမ်းလေးမှာတော့ အရင်ကထက် ဘုစုခရုကလေးငယ်များ ပိုများလာသည်။ သည်လမ်းနဲ့ သည်ခြံကို စွန့်မခွာနိုင်သည့် သက်ကြီးရွယ်အိုများ ပိုများလာသည်။ အရွယ်ရောက်လာသည့် ကလေးတို့လို၂၀ကျော်အရွယ်များကတော့ စုနှင့်အတူ ပျောက်ဆုံးသွားကြသည်။ တမြေတရေသို့ လွင့်စင်သွားကြသည်။ လမ်းမပေါ်တွင်သက်ကြီးနှင့်သက်ငယ်အရွယ်ကွာဟမှုကြားမှာ စုသိမ်းထားစေချင်ခဲ့သော ပန်းချီလေးတွေထည့်ထားသည့် သတ္တုဗူးလေးကတော့ အရောင်တွေ တောက်ပနေဆဲ။ ထိုကလေးငယ်သုံးယောက် နိုင်ငံခြားမှ ပြန်လာလျှင်တော့ ထိုပန်းချီဗူးလေးကို အတူတူဖွင့်ကြည့်မိဖို့ ကျွန်တော်တိုက်တွန်းမိမည်ထင်ပါသည်။ ထိုအခါတွင် သူတို့သုံးဦးစလုံး စုနှင့်သူမ,မျှော်မှန်းခဲ့သော မနက်ဖြန်တစ်ခုကို မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ ဒါမှမဟုတ် စုဘယ်သူလဲလို့ ကျွန်တော့်ကို မေးကောင်းမေးပါလိမ့်မည်။ ကျွန်တော့်ဆီမှာ စုအကြောင်း ပြောပြချင်စရာအများကြီး အရင်ကထက် ပိုရှိနေမည်ဖြစ်ပါသည်။ ကျွန်တော့်ဆုတောင်း ပြည့်ခဲ့မည်ဆိုလျှင်တော့ စုလည်း ကလေးတို့နှင့်အတူ ပြန်ချင်ပြန်လာဦးမည်။ မနက်ဖြန်တိုင်းမှာတော့ စုတို့အတွက် သုံးအိမ်စုရွာတံခါးလေးက အစဉ်အမြဲဖွင့်ထားဆဲပင်။



၂၀၁၁ စက်တင်ဘာ ၇ရက်
၁၀ ၄၂နာရီ(ည)

ဆက်ရန်.. “စုနှင့်ဝေးသောကျောင်း”
စုက ကျောင်းမှ လေ့လာတီထွင်မှုကို လိုချင်၏။ ကျွန်တော်ကတော့ ကျောင်းက သင်ကြားပို့ချမှုကိုသာ လက်တွေ့ဆန်ဆန်အသုံးချလို၏။
ဤ၀တ္ထုတိုသည် “သူမ၏အနုပညာ”ကို စိတ်ကူးကွန့်၍ ဖြန့်ရေးထားခြင်း ဖြစ်ပါသည်။

August 21, 2011

Interior Designerနှင့်စပ်ဆက်ဒီဇိုင်းများ






ဘာဖြစ်လို့ Interior Designer ဖြစ်ချင်ရတာလဲလို့ ကိုယ့်ကိုယ်ကို ခဏခဏမေးမိတယ်။ မေးလိုက်တိုင်း တိကျတဲ့ အဖြေတစ်ခု ဘယ်တော့မှ မရခဲ့ပါဘူး။ တယောက်ယောက်က လာမေးလျှင်တော့ Interior Designer ဖြစ်ချင်တာ Interior Designer ဖြစ်ချင်လို့ပဲလို့ ဘုသက်သက် ဖြေမိမလားမသိဘူး။ တခါတလေ ကိုယ့်ကိုယ်ကို ဘာလို့များ ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်တာလဲလို့ အပြစ်တင်မိပြန်သေးတယ်။ ဟုတ်တယ်… ခဏခဏပဲ။ ဒီလိုင်းရွေးမိတာ မှားမိလေချင်းလို့လည်း ခဏခဏ တ မိပြန်သေးတယ်။ ဒါပေမယ့် နောက်ပြန်ဆုတ်ဖို့တော့ စိတ်မကူးမိဘူး။

တချို့တွေက Interior Designer ဆို သိပ်အထင်ကြီးကြတယ်။ ဒါပေမယ့် သူတို့တွေရဲ့ဘ၀ ဘယ်လိုလဲဆိုတာ ဘယ်သူမှသေချာ မသိကြဘူး။ ပုံလေးဆွဲလိုက် 3Dပုံလေးတွေ ထုတ်လိုက်နဲ့ သူတို့တွေ သိပ်ဟန်ကျတာပဲလို့ထင်တယ်။ ဒီဇိုင်းမထွက်မချင်း အိပ်ရေးပျက်ခဲ့တဲ့ ညတွေ ဘယ်လောက်ရှိခဲ့သလဲဆိုတာ မသိကြပါဘူး။ နောက်ပြီး ဘယ်သူမှ ဒီဇိုင်နာရဲ့ ခေါင်းထဲကို ၀င်မကြည့်ကြဘူး။ သူတို့ဝင်ကြည့်ရင်လည်း ရှုပ်ပွနေတဲ့ ၀ါယာတွေ ကိန်းဂဏန်းတွေပဲ တွေ့ကြမှာပါ။ နောက်ပြီး ညစ်ကျယ်ကျယ်နိုင်တဲ့ သူတို့တွေရဲ့ သရုပ်တွေလည်း ပါမှာပေါ့လေ။

Interior Designer ဖြစ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါပဲ။ ကျွန်တော်လည်း Interior Designerအဖြစ် အလုပ်လုပ်နေတာ လေးနှစ်ရှိတော့မယ်။ အခုထက်ထိ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဒီဇိုင်းနာအဖြစ် မခံယူရဲသေးပါဘူး။ တချို့တွေက Interior Designerကို Home Decorator တွေနဲ့ မှားတတ်ကြပါတယ်။ အိမ်တွင်းအလှဆင်တဲ့လူတွေနဲ့ပေါ့။ မြန်မာပြည်မှာတော့ Home Decorator နဲ့ Interior Designerကို ဝေါဟာရသီးသန့် ခွဲထုတ်ထားတဲ့ အခေါ်အဝေါ်မရှိတော့ အခုလို ရောထွေးနေတာ မဆန်းလှပါဘူး။ တကယ်တော့ Interior Designer နဲ့ Decorator တွေက တလမ်းတည်းဆိုပေမယ့် ကျွမ်းကျင်မှုပိုင်းတွေက သီးသန့်စီပါ။

ကျွန်တော့် သူငယ်ချင်းတော်တော်များများ စကာင်္ပူမှာ တိုက်ခန်းတွေဝယ်ကြတယ်။ အိမ်တက်ဖိတ်တော့ သူတို့အိမ်တွေကို ရောက်ဖူးခဲ့ပါတယ်။ သူငယ်ချင်းက အိမ်ရှေ့ဧည့်ခန်းက အစ နောက်ဖေးမီးဖိုချောင်ပါမဆုံး လိုက်ပြပါတယ်။ သူတို့တွေက Interior Designer Company တွေကို အပ်ပြီး အိမ်ကို မွမ်းမံထားကြတာပါ။ ဒီဇိုင်းပိုင်းကြတော့ ကျွန်တော်တို့သူငယ်ချင်းတွေ ဒီနေရာမှာ ဘာရောင်လေး လိုချင်တယ်။ ဒီနေရာမှာ ဘယ်လို ထိုင်ခုံလေး ချချင်တယ်။ ဒီနေရာမှာတော့ Walk in wardrobe လေး လိုချင်တယ်ဆိုပြီး အိမ်တွင်းအလှဆင်တဲ့ ကုမ္ပဏီတွေကို ပြောကြတယ်။ အဲဒီမှာ ရှိတဲ့ ဒီဇိုင်းနာတွေကလည်း သူတို့ပြောသလို ခေါင်းညိတ်ပြီး အကုန်လုပ်ပေးကြတယ်။

အကုန်လုံးမွမ်းမံပြင်ဆင်ပြီးသွားတဲ့ အခါမှာတော့ ကျွန်တော့်သူငယ်ချင်းတွေအတွက် စိတ်ကြိုက်နေထိုင်စရာ နေရာလေးတစ်ခုဖြစ်သွားတာပေါ့။ နောက်ဆုံးကြတော့ တစ်အိမ်လုံးဒီဇိုင်းကို စီစဉ်သူက ကျွန်တော့်သူငယ်ချင်း ဖြစ်သွားတာပေါ့လေ။ သူတို့အိမ်သွားလည်တော့ သူတို့ပြောတဲ့ စကားလေးကြောင့် အောင့်သက်သက်ဖြစ်သွားတယ်။ ဒီအိမ်ကို သူတို့ကိုယ်တိုင်ဒီဇိုင်းလုပ်ထားတာပါတဲ့။ ကျွန်တော်ကတော့ ပြုံးရုံပဲ တတ်နိုင်တော့တယ်။ တကယ်တော့ သူတို့တွေ့ခဲ့တာ Interior Designer Company စစ်စစ်မှမဟုတ်ဘဲ။ ကွန်ထရက်တာ ကုမ္ပဏီသက်သက်ပဲဆိုတာ မသိခဲ့ကြဘူးလေ။

တကယ်တော့သူတို့ဖန်တီးထားတဲ့ အိမ်လေးက အမြင်မှာ မဆိုးလှပါဘူး။ ဒါပေမယ့် ကိုယ်က ဒီနယ်ပယ်မှာတော့ ကြည့်လိုက်တာနဲ့ အမြင်မှာ ဘာမှားနေတယ်ဆိုတာ တန်းခနဲ သိတော့တာပဲ။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ဒီဇိုင်းဆိုတာ မှားလည်းမမှားပါဘူး။ ဒါပေမယ့် သူမသိတဲ့အချက်က သူလုပ်လိုက်တာ Interior Decoration သက်သက်ပဲဆိုတာ။ လူတိုင်းလူတိုင်းက အလှကို မြင်တတ်သလို ဖန်တီးတတ်ကြပါတယ်။ Fashion Designer မဟုတ်တဲ့ ကိုယ်တောင်, ဘယ်အကျီင်္လေးကို ဘယ်လိုဘောင်းဘီလေးနဲ့ တွဲဝတ်လိုက်လျှင် ကောင်းသွားမှာပဲလို့ မြင်တတ်သလို၊ ကျွန်တော့်သူငယ်ချင်းလည်း ဘယ်နေရာမှာ ဘယ်အရောင်လေးသုတ်ပြီး ဘယ်လို ပရိဘောဂလေးထည့်လိုက်လျှင် လှသွားမှာပဲလို့ မြင်တတ်ပါတယ်။ အဲဒါက Decoration ပါပဲ။

တကယ်တော့ တောက ကျွန်တော့်အဒေါ်လည်း သူတို့အိမ်လေးကို လှသွားအောင် သူတို့အမြင်လေးနဲ့ အလှဆင်တတ်နိုင်ပါတယ်။ ကျွန်တော့် တူမလေးတွေကလည်း ကလေးပီပီ သူတို့အခန်းလေးကို နေချင့်စဖွယ်လေးဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့တွေနားလည်လာတာက Interior Decoration ပိုင်းသက်သက်ပါပဲ။ ဒါကြောင့်မို့ Interior designer နှင့် Decorator ဘာကွာလဲဆိုတာ နားလည် သဘောပေါက်ဖို့လိုလာပါတယ်။ နောက်ပြီး ဒီဇိုင်း တစ်ခုရဲ့ ကောင်းချင်း မကောင်းချင်း အတိမ်အနက်ကိုလည်း နားလည်ဖို့ လိုလာပါတယ်။


Interior Designer အကြောင်းမပြောခင် တခြားဒီဇိုင်းဧရိယာတွေအကြောင်း ကျွန်တော်သိသလောက် ပြောပြချင်ပါတယ်။ Fashion Design, Product Design, Furniture Design, Lighting Design, Stage/Set Design, Graphic Design ဆိုပြီး ဒီဇိုင်းအမျိုးမျိုးရှိကြပါတယ်။ အဲဒီဒီဇိုင်းတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ဥပမာ ပရိုချက်တစ်ခုနဲ့ စကြည့်ရအောင်။ စိတ်ကူးလေးနဲ့ အိပ်ခန်းလေးတစ်ခုဒီဇိုင်းဆွဲကြည့်မယ်။

အဲဒီအိပ်ခန်းလေးထဲမှာ နှစ်ယောက်အိပ်ခုတင်တစ်ခုပါမယ်။ မွေ့ယာခင်းနဲ့ ခေါင်းအုံးတို့က အဖြူအမဲအကွက်လေးတွေပါတဲ့ အဆင်လေးတွေ ဖြစ်မယ်။ ခုတင်ခေါင်းရင်းမှာ ပန်းချီကားတချပ် ချိတ်ထားမယ်။ ခုတင်ခြေရင်းမှာ ဘီရိုပုလေးရှိနေပြီး အဲဒီဗီရိုလေးပေါ်မှာ ပုံစံတူ ပန်းအိုးလေးသုံးအိုးစီထားမယ်။ အဲဒီဗီရိုလေးပေါ်မှာ တီဗွီတစ်ခုရှိနေဦးမယ်။ ခုတင်ဘေးမှာတော့ အိပ်ယာပေါ်မှာ မလဲလျောင်းချင်တဲ့အခါမှာ အေးအေးသက်သာ ထိုင်လို့ရနိုင်မယ့် ဆိုဖာထိုင်ခုံလေးရှိတယ်။ သူ့ဘေးမှာတော့ ကော်ဖီစားပွဲပုလေးပေါ့။ အခန်းလေးရဲ့ ပြတင်းပေါက်တွေကိုတော့ အဖြူရောင်လိုက်ကာလေးနဲ့ ကာထားမယ်။ အခုစဉ်းစားကြည့်လျှင် အဲဒီအခန်းလေးထဲမှာ ပစ္စည်းဘယ်နှစ်မျိုးလောက်ရှိနေမလဲ။ အဲဒီပစ္စည်းတွေက အပေါ်မှာဆိုခဲ့တဲ့ ဘယ်ဒီဇိုင်းတွေနဲ့ ဆက်စပ်နေမလဲ။ ဆန်းစစ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ အခန်းလေးထဲမှာ သုံးထားတဲ့ အရောင်တွေက အဖြူနဲ့ အမဲပဲ ရှိနေတော့ အဲဒီအခန်းလေးကို Black and White အခန်းလေးလို့ နာမည်ပေးလိုက်ကြမယ်။ အခန်းကို နာမည် Theme လေးပေးပြီးသွားလျင် အခန်းထဲမှာ ပါတဲ့ ပစ္စည်းလေးတွေကို ဖန်တီးကြည့်ကြမယ်။

ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းလေးတွေမှာ အဖြူအမဲအကွက်ကလေးတွေပါနေမယ့် အဆင်လေးတွေ စရွေးကြမယ်။ အဲလို ရွေးနိုင်ဖို့ ပိတ်စအကြောင်း ပိတ်စအဆင်ဒီဇိုင်းအကြောင်းသိနေဖို့လိုမယ်။ မဟုတ်ဘူးလား။ ပိတ်စရွေးပြီးသွားလျှင် အဲဒီအိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်လေးတွေ ချုပ်ကြရတယ်။ အဲဒီလိုချုပ်တဲ့အခါ ချုပ်သား ညက်ရဲ့လား။ ခေါင်းအုံးစွပ်မှာ ဇစ်လေးတွေပါနေရင် ဇစ်ကို မမြင်အောင် ဘယ်လို ၀ှက်ချုပ်မလဲ။ ရွေးလိုက်တဲ့ ဇစ်ကရော ပျော့ပျောင်းနူးညံ့ရဲ့လား.. စတဲ့ အခြေခံအချက်အလက်တွေ သိဖို့လိုလာတယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် ဖက်ရှင်၊စက်ချုပ်ဒီဇိုင်းနဲ့ ဆက်စပ်နေတာ သဘောပေါက်မိမှာပေါ့။ ဖက်ရှင်အတွေးရှိတဲ့သူကတော့ ခေါင်းအုံးစွပ်လိုင်းလေးတွေကို ရိုးရိုးရှင်းရှင်းချုပ်ချင်ချုပ်မယ်။ ဖဲပွင့်လေးတွေ တပ်ချင်တပ်မယ်။ ပိတ်ဖေါက်ဇာတွေ ထိုးချင်ထိုးမယ်။ လိုသလို ကွန့်လို့ရမယ်လေ။

နောက်ပစ္စည်းတစ်ခုကို ထုတ်ကြည့်ရအောင်။ အဲဒါက ခေါင်းရင်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားလေးပဲ။ အခန်းလေးက မော်ဒန်ဆန်တယ်ပဲ ဆိုကြပါစို့။ အခန်းလေးထဲမှာ ချိတ်ထားတဲ့ ပန်းချီကားက ဟိုးရှေးရှေးတုန်းက ပန်းချီကားတွေလို  Realistic ဆန်လို့ မရတော့ပါဘူး။ မော်ဒန်ပန်းချီတွေ ရွေးဖို့ကြပြန်တော့လည်း ခက်သွားပြန်ရော။ ဘာလို့လည်းဆိုတော့ မော်ဒန်ပန်းချီတွေက အရောင်တောက်တောက်တွေများတာကိုး။ အခုအခန်းလေးက အဖြူအမဲဆိုတော့ အရွေးရခက်သွားပြီလေ။ ဒါမှမဟုတ် ခဲခြစ်လက်ရာတွေရွေးမလား၊ ချာကိုးနဲ့ဆွဲထားတဲ့လက်ရာတွေ ရွေးမလား။ ဒီနေရာမှာ ဒီဇိုင်းနာအနေနဲ့ ဘယ်လိုလိုက်ဖက်တဲ့ ပန်းချီကားလေးတွေ ရွေးနိုင်ဖို့ ပန်းချီအနုပညာကို တီးတတ်ခေါက်တတ်နေရမယ်။ ပန်းချီကားတွေ မရွေးနိုင်လျှင် ဘာရွေးစရာရှိသေးလဲ။ အဖြူအမဲ ဓါတ်ပုံတွေကို ရွေးနိုင်တယ်။ ဒါမှမဟုတ် လှပတဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံလေးတွေလည်း ဖြစ်နိုင်မယ်။ အဲဒီအခါမှာ ဒီဇိုင်နာကိုယ်တိုင် ဂရပ်ဖစ်လက်ရာတွေ လုပ်နိုင်ပြန်ပါတယ်။ ကျွန်တော်တို့ ရွေးလိုက်မယ့် ပန်းချီကားလေးက ဂရပ်ဖစ်ဒီဇိုင်းလေးတစ်ခုဆိုကြပါစို့။ ဒီနေရာမှာ ဂရပ်ဖစ်ဒီဇိုင်းတစ်ခု ရှိသွားပြီပေါ့။

နောက်တစ်ခုကို ဆွဲထုတ်ကြည့်မယ်ဆိုလျှင် ခုတင်ခြေရင်းက ဗီရိုပုလေးပဲ။ အဲဒီဗီရိုလေးကို ဘယ်လိုရွေးချယ်မလဲ။ ဈေးကွက်မှာရှိပြီးသား ဗီရိုတွေပဲဝယ်မလား ကိုယ်တိုင်ဒီဇိုင်းထုတ်မလား။ ဒီနေရာမှာ ဒီဇိုင်နာရဲ့ပညာပါလာပါပြီ။ ဖက်ရှင်ဒီဇိုင်နာက သူတီထွင်ထားတဲ့ အ၀တ်အစားနဲ့ လိုက်ဖက်မယ့် ပိုက်ဆံအိတ်ကို ထပ်ပြီးတီထွင်လိုက်နိုင်သလို Interior Designer အနေနဲ့လည်း သူ့ဒီဇိုင်းနဲ့ လိုက်ဖက်နိုင်မယ့် ပရိဘောဂဒီဇိုင်းလေးတွေလည်း တီထွင်နိုင်ရပါမယ့်။ ဒါကြောင့် Furniture Design ကလည်း အရေးကြီးပါတယ်။

နောက်ထပ်အခန်းထဲက ပစ္စည်းတစ်ခုချင်းစီ ကြည့်ရအောင်။ ဗီရိုပုလေးပေါ်မှာတင်ထားတဲ့ ပန်းအိုးအဖြူလေးတွေကို ကြည့်ကြည့်မယ်။ ပန်းအိုးလေးတွေက ဆင်တူလေးတွေပေါ့။ အဲဒီဆင်တူပန်းအိုးလေးတွေကို ဈေးကွက်ထဲမှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။ မိမိအခန်းလေးနဲ့ လိုက်ဖက်မယ့် ပန်းအိုးလေးတွေကို ရွေးရပါမယ်။ ပန်းအိုးတစ်အိုးပဲ သုံးမလား၊ တစ်အိုးထက်ပိုသုံးမလား ဆိုတာကတော့ ကိုယ့်ဒီဇိုင်းပေါ်မူတည်တာပေါ့။ တကယ်တော့ ဈေးကွက်ထဲမှာ ရှိနေတဲ့ အရာတွေက အများအတွက် ရည်မှန်းပြီး လုပ်ထားတဲ့ Mass Production တွေပေါ့။ တခါတလေ တချို့ဒီဇိုင်နာတွေက ဟိုတယ်အိပ်ခန်းတွေ ဒီဇိုင်းဆွဲရတတ်ပါတယ်။ အဲဒီအခါမှာ အိပ်ခန်းတွေက ပုံစံတူတွေဆိုတော့ အိပ်ခန်းထဲမှာ သုံးတဲ့ ပရိဘောဂတွေကလည်း ပုံစံတူလေးတွေ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် ဒီဇိုင်းနာအနေနဲ့ တန်ဖိုးသက်သက်သာသာနဲ့ လှပတဲ့ ဒီဇိုင်းမျိုးလေးတွေ ဖန်တီးတတ်ဖို့လိုပါတယ်။ အဲဒါကြောင့်မို့ Product Design ဆိုတာကို အနည်းငယ်နားလည်ထားဖို့ လိုပါတယ်။

တကယ်တော့ ဒါတွေဟာ ဒီဇိုင်နာ သိထားရမယ့် အခြေခံသဘောတရားတွေပါပဲ။ အဲဒီသဘောတရားတွေမှာ အခြေခံပြီး လှပတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။  Interior Design က ဒီဇိုင်းအားလုံးထဲမှာ အခရာကျတဲ့ဒီဇိုင်းလို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ဒီဇိုင်နာကောင်းဖြစ်ဖို့ တခြားဒီဇိုင်းတွေအားလုံးကို နားလည်ထားသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။